ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် ၉၄ ရပ်ကွက် A -၂ လမ်းတွင် ဇူလိုင် ၆ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် A -၂ လမ်းတွင် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေထိုင်ကြောင်းနှင့် အခင်းဖြစ်ပွားသည့်လမ်းနှင့် တစ်လမ်းကျော် ပိတောက်လမ်းတွင် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တည်ရှိကြောင်း သိရသည်။
“မနက်က နှစ်ကြိမ် ပေါက်ကွဲတယ်။ အဲဒီလမ်းက ၉၄ အုပ်ချုပ်ရေးမှူးနေတဲ့လမ်း ဟုတ်တယ်”ဟု ယုဇနဥယျာဉ်မြို့တော် ၉၄ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ယင်းပေါက်ကွဲမှု ဖြစ်ပွားသည့်လမ်း၌ စျေးဆိုင်ခန်းများ၊ အရောင်းဆိုင်များ တည်ရှိကာ လူသွားလူလာ မပြတ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိ မရှိကိုမူ မသိရှိရသေးကြောင်း သိရသည်။
မေ ၈ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း ယုဇနဥယျာဉ်မြို့တော်၊ ကံ့ကော်လမ်းမကြီးပေါ်ရှိ အထက ၂ ကျောင်းဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။
ထို့အတူ ဒဂုံမြောက်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇူလိုင် ၄ ရက် နံနက် ၆ နာရီခန့်တွင် ဒဂုံမြောက်မြို့နယ် ၃၉ ရပ်ကွက် ဘုရင့်နောင်လမ်းမပေါ်ရှိ ယမကာ အရောင်းဆိုင်ရှေ့တွင် ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ပတ်ဝန်းကျင် နေထိုင်သူများထံမှ သိရသည်။
ထို့ပြင် ဇူလိုင် ၃ ရက် ညပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone KTV အတွင်း ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားကြောင်း အဆိုပါနေရာအနီး နေသူများထံမှ သိရသည်။
အလားတူ တာမွေမြို့နယ် ၁၅၆ လမ်းထိပ်ရှိ Mytel ရုံးတွင် ပေါက်ကွဲမှု ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီကျော်တွင် တာမွေမြို့နယ် တာမွေဗလီမှတ်တိုင်အနီး ၁၅၆ လမ်းထိပ်ရှိ Mytel ရုံးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါနေရာအနီး နေသူများထံမှ သိရသည်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ညနေ ၄ နာရီအထိ အဆိုပါနေရာ အနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားကို တွေ့မြင်ခဲ့ရသည်။
ထို့အတူ သာကေတမြို့နယ် (၁) ထူပါရုံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဇူလိုင် ၂ ရက် ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ဇူလိုင် ၂ ရက် ည ၉ နာရီကျော်ခန့်တွင် သာကေတမြို့နယ် ထူပါရုံလမ်းပေါ်ရှိ (၁) ထူပါရုံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင်လည်း အဆိုပါ (၁) ထူပါရုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးနှင့် ထူပါရုံလမ်းမတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့ရှိခဲ့ရသည်။
စမ်းချောင်းမြို့နယ် မြေနီကုန်းခုံးကျော်တံတားပေါ်နှင့် လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်ရှိ လျှပ်စစ်ရုံးအနီးတို့တွင် ဇူလိုင် ၂ ရက် နံနက်က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြေနီကုန်း ခုံးကျော်တံတား လက်ရန်း၌ ချိတ်ဆွဲထားသည့် စာရေးထားသော ပိတ်စအနက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ရဲကားဖြင့် သွားရောက် ဖြုတ်သိမ်းချိန်တွင် အဆိုပါတံတားပေါ် ဝန်းကျင်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။