လွိုင်ကော်မြို့ ကြည်သာယာရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

လွိုင်ကော်မြို့ ကြည်သာယာရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 5 July 2021

ကယားပြည်နယ် လွိုင်ကော်မြို့ ကြည်သာယာရပ်ကွက်တွင် နေအိမ်ရှေ့ထိုင်နေသူ အမျိုးသားတစ်ဦးအား ဆိုင်ကယ်စီးလာသူများက ဇူလိုင် ၄ ရက် ည ၈ နာရီကျော်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်အပြီး သေဆုံးသွားကြောင်း သိရသည်။

"သေတဲ့ ဦးလေးနဲ့ သူ့သားက အိမ်ရှေ့ထိုင်နေတာ ၊ ဆိုင်ကယ်က ညနေကတည်းက ပတ်နေတယ် ပြောတာပဲ ၊ ၈ နာရီကျော်လောက် တံခါးပိတ်ဖို့ လုပ်တော့ သေနတ်သံ တစ်ချက်ကြားလိုက်တာနဲ့ ကျွန်မလည်းကြောက်လို့ အိမ်ထဲပြေးပုန်းတာ ၊ ဆိုင်ကယ် မောင်းထွက်သံကြားအပြီး သူတို့အိမ်က အော်သံကြား ထွက်ကြည့်တော့ ဦးလေးကို ကျည်ကျောကုန်းမှာ တစ်ချက်ထိထားတာ တွေ့တယ် ၊ တချို့က သူ့ကို ဒလန်ဆိုပြီးFacebook မှာပြောကြတယ် ၊ ကျွန်မတို့ သိသလောက်တော့ မကြားမိဘူးနော် " ဟု ကြည်သာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ကြည်သာရပ်ကွက်မှာ နေထိုင်သူ အများစုသည် အခြားဒေသမှ ပြောင်းရွေ့လာသူများဖြစ်ပြီး အရောင်းအဝယ် လုပ်ငန်းများ အများစုလုပ်ကိုင်ကြကြောင်းလည်း သိရသည်။

"Facebook မှာတော့ ကိုမြင့်သိန်းကို ဒလန်ဆိုပြီး အမျိုးမျိုးပြောနေကြတာပဲ ၊ဘယ်သူလာပစ်လည်း ကျွန်တော်တို့ သေချာမသိဘူးလေ ၊ ခုက ည ခုနစ်နာရီလောက်ဆို အပြင်မထွက်လိုတော့ဘူး ၊ တစ်ခုခုဖြစ်ပြီးဆို နောက်မနက်မှ သေချာသိရတာ ၊ ကို​​မြင့်သိန်း​​ သေပြီးလို့ သိရတဲ့ချိန်က ည ၉ နာရီကျော်လောက် ဖြစ်မယ်၊ သူ့အိမ် သတင်းသွားမမေးရဲဘူး၊ ကျွန်တော်တို့ စိုးရိမ်တာက အချင်းချင်း မကျေနပ်ချက်ကို ဒလန်ခေါင်းစဉ်တပ် သတ်ကြမှာကိုပဲ "ဟု ကြည်သာရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောကြားသည်။

လွိုင်ကော်မြို့တွင် ဒလန်ဟုဆိုကာ ပစ်ခတ်သဖြင့် သေဆုံးမှုမရှိခဲ့ဘဲ ယခုသေဆုံးသူ ဦးမြင့်သိန်းမှာ ဒလန်ဟု အမည်တပ်၍ ပထမဆုံး အသတ်ခံရသူဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent