NCA လက်မှတ်ထိုးမည့်ပုဂ္ဂိုလ်များ အဆင်သင့်ရှိနေလောက်ပြီဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောကြား

NCA လက်မှတ်ထိုးမည့်ပုဂ္ဂိုလ်များ အဆင်သင့်ရှိနေလောက်ပြီဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောကြား
Published 5 January 2018

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးမည့်ပုဂ္ဂိုလ်များ အဆင့်သင့်ရှိနေလောက်ပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်တွင် ဇန်နဝါရီ ၄ ရက်က ကျင်းပသည့် နှစ် (၇၀) ပြည့်လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားအပြီး သတင်းမီဒီယာသမားများ၏မေးမြန်းမှုကို ဦးဉာဏ်ဝင်းက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော် နားလည်သလောက်တော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဆက်လက် ကြိုးပမ်းဆောင်ရွက်နေတာ အတော်ခရီး ရောက်နေပါပြီ။ ရိုးရိုးရှင်းရှင်းပြောရင်တော့ လက်မှတ်ထိုးမယ့်လူတွေဟာ အဆင်သင့်ရှိနေလောက်ပါပြီ။ သူတို့ လိုအပ်တဲ့ညှိနှိုင်းမှုလေးတွေပဲ သဘောတူထားပြီးသား အများကြီးရနေပါပြီ။ အဲဒီတော့ ဆိုလိုတာက တိုးတက်မှုအများကြီး ရှိနေတယ်လို့ ကျွန်တော် ဒီလိုပဲ နားလည်တယ်”ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

မိမိတို့အနေဖြင့် လက်မှတ်ထိုးမည့် ပုဂ္ဂိုလ်များကို သိသော်လည်း အချိန်အခါ မရောက်မီ ပြောလိုက်ခြင်းအားဖြင့် အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်ကြောင်း၊ သတင်းထိမ်ချန်ထားခြင်း မဟုတ်ကြောင်း ဦးဉာဏ်ဝင်းက  ပြောကြားသည်။

ယနေ့သည် အတိတ်၏အမွေဆိုးများ ကို စွန့်ပယ်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး စိတ်ဓာတ်နှင့် သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တက်ညီလက်ညီနှင့် ဖော်ဆောင်ရမည့်ကာလဖြစ်ကြောင်း  ဦးဉာဏ်ဝင်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်၏ အနာဂတ်အတွက် တူညီသည့်စိုးရိမ်စိတ်နှင့် ညီညွတ်ပေါင်းစည်း၊ ယုံကြည်မှု တည်ဆောက်နိုင်ကြပါက သဘောထားကွဲလွဲမှုနှင့် သံသယစိတ်များ လျော့နည်း ပျောက်ကွယ်သွားစမြဲဖြစ်ကြောင်း၊ စိန်ခေါ်မှုများထဲမှ အခွင့်အလမ်းကို ရှာဖွေတွေ့ရှိကြရမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက လွတ်လပ်ရေးနေ့ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ကျန်ရှိနေသေးသောအဖွဲ့များမှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်အမျိုးသားကောင်စီ(ANC) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်ကြပြီး ၎င်းတို့သည် NCA လက်မှတ်ထိုးရန် အစိုးရနှင့် ညှိနှိုင်းလျက်ရှိသည်။

အလားတူ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့်  ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC) သည်လည်း NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည်။ FPNCC အဖွဲ့ဝင်များမှာ ‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ(UWSP) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA/KIO) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ၊ ရခိုင် လက်နက်ကိုင်အဖွဲ့(AA) ၊ တအောင်းလက်နက်ကိုင်အဖွဲ့(TNLA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ ဖြစ်ကြသည်။

၎င်းခုနစ်ဖွဲ့သည် NCA စာချုပ်အား လက်မခံဘဲ NCA စာချုပ်နှင့်အလားတူ အပစ်အခတ်ရပ်စဲရေးတစ်စောင်အား အစိုးရထံ ပေးပို့ထားပြီး အစိုးရနှင့် တွေ့ဆုံဆွေးနွေးရာတွင် FPNCC ကော်မတီအနေဖြင့် တွေ့ဆုံဖြစ် မည်ဖြစ်ကြောင်း ကြေညာထားသော်လည်း အစိုးရဘက်က ယင်းကော်မတီအား အသိအမှတ်မပြုပေ။

ထို့အတူ နာဂတိုင်းရင်းသားများသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံစလုံးတွင် အခြေချနေထိုင်နေသောကြောင့် နှစ်နိုင်ငံနယ်စပ်တွင် အခြေစိုက်သည့် နာဂ အမျိုးသားဆိုရှယ်လစ် ကောင်စီကပ်ပလန်(NSCN-K) သည်လည်း ၎င်းတို့၏နိုင်ငံရေးအခြေအနေအရ NCA စာချုပ်တွင် လက်မှတ်ရေးထိုးရန်မဖြစ်နိုင် သေးကြောင်း NSCN-K ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဝင် ဦးကျော်ဝမ်းစိန်က ပြောကြားထားသည်။

Most Read

Most Recent