■ အာဆင်နယ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ် ရာသီကုန်အထိ အနားယူရဖွယ်ရှိ

■ အာဆင်နယ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ် ရာသီကုန်အထိ အနားယူရဖွယ်ရှိ
Published 6 April 2021

အာဆင်နယ်အသင်း၏နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်သည် ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရဖွယ်ရှိနေသောကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း သိရသည်။ 

ဒေးဗစ်လူးဝစ်ဇ်သည် အဆိုပါညာဘက်ဒူးဒဏ်ရာကြောင့် လီဗာပူးလ်နှင့်ပွဲကို လွဲချော်ခဲ့ရသလို၊ ခွဲစိတ်မှုခံယူရန်လိုအပ်ခြင်းရှိ၊ မရှိ ဆေးအဖွဲ့နှင့် ဆွေးနွေးနေလျက်ရှိသည်။ 

အာဆင်နယ်နည်းပြ အာတီတာက ''မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့အတွက် ကျွန်တော်တို့ ဆေးအဖွဲ့နဲ့ ဆွေးနွေးနေပါတယ်။ သူ့အနေနဲ့ ရက်သတ္တပတ်အနည်းငယ် အနားယူရဖို့တော့ ရှိနေပါတယ်။ ဒီရာသီမှာ သူ ပြန်ကစားနိုင်ဦးမလားဆိုတာ ကျွန်တော် မသိပါဘူး။ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်မလား၊ ကာလရှည်အနားယူရမလားဆိုတာ အားလုံးက ဆေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

အာတီတာသည် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဒေးဗစ်လူးဝစ်ဇ်ကို အသင်း၌ ဆက်လက်ထားရှိရန် ဆန္ဒရှိနေကြောင်း သိရသည်။

လွန်ခဲ့သည့်(၂)နှစ်ခန့်က ချယ်လ်ဆီးအသင်းမှ ပြောင်းရွှေ့ကြေး ပေါင်(၈)သန်းဖြင့် ရောက်ရှိလာသည့် ဒေးဗစ်လူးဝစ်ဇ်သည် လက်ရှိ၌ တစ်ပတ် ပေါင်(၁၂၀၀၀၀)ရရှိနေသူဖြစ်သည်။

သို့သော် အာဆင်နယ်အနေဖြင့် ဒေးဗစ်လူးဝစ်ဇ်၏လစာငွေကို လျှော့ချပြီးမှသာ စာချုပ်သစ်ချုပ်ဆိုမည့် အနေအထားရှိနေသည်။

Most Read

Most Recent