ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ဂွါဒီယိုလာ ချီးကျူးစကားဆိုခဲ့သော်လည်း မန်စီးတီးအနေဖြင့် ကစားသမားတစ်ဦးအတွက် ပေါင်သန်း(၁၀၀)ကျော် အသုံးပြုမည်မဟုတ်ဟု ဖွင့်ဟ

ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ဂွါဒီယိုလာ ချီးကျူးစကားဆိုခဲ့သော်လည်း မန်စီးတီးအနေဖြင့် ကစားသမားတစ်ဦးအတွက် ပေါင်သန်း(၁၀၀)ကျော် အသုံးပြုမည်မဟုတ်ဟု ဖွင့်ဟ
Photo: Daily Mail
Photo: Daily Mail
Published 6 April 2021

ယနေ့တွင် ဒေါ့မွန်အသင်းနှင့်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲအတွက် ပြုလုပ်ခဲ့သော ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဒေါ့မွန်ကြယ်ပွင့် ဟော်လန်းကို ချီးကျူးစကားဆိုခဲ့သော်လည်း အသင်းအနေဖြင့် ကစားသမားတစ်ဦးအတွက် ပေါင်သန်း(၁၀၀)ကျော် အသုံးပြုမည်မဟုတ်ဟု ဖွင့်ဟခဲ့သည်။

''ကလပ်အသင်းအနေနဲ့ ကစားသမားတစ်ယောက်အတွက် ပေါင်သန်း ၁၀၀ လောက်မသုံးဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ဘောလုံးက အသင်းလိုက်ကစားနည်းတစ်ခုဖြစ်ပြီး အားလုံး ပူးပေါင်းဆောင်ရွက်ရပါမယ်။ ကစားသမားတစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်ပြောနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ဟော်လန်းဟာ သူ့ရဲ့အသက်အရွယ်နဲ့ ထူးခြားတဲ့တိုက်စစ်မှူးတစ်ဦးပါ'' ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

မန်စီးတီးအသင်းအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးအသုံးစရိတ်မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လက အက်သလက်တီကိုကွင်းလယ်လူ ရိုဒရီကို ပေါင်(၆၂.၈)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးသည် စာချုပ်သက်တမ်းပြည့်မည့် ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲတော့မည်ဟု တရားဝင်ကြေညာပြီးနောက် ဟော်လန်းမှာ မန်စီးတီး၏နံပါတ်တစ်ပစ်မှတ်ဖြစ်လာမည်ဟု သတင်းများထွက်ခဲ့သည်။

ဒေါ့မွန်အသင်းသည် ဟော်လန်း၏ပြောင်းရွှေ့ကြေးအတွက် အနည်းဆုံး ယူရိုသန်း ၁၅၀(ပေါင် ၁၂၈ သန်း) အလိုရှိနေကြောင်း သိရသည်။

နာမည်ကြီးအေးဂျင့်ဖြစ်သူ ရိုင်အိုလာသည် လတ်တလောတွင် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး၏အပြောင်းအရွှေ့အတွက် လာလီဂါထိပ်သီး ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်အသင်းများနှင့်လည်း ဆွေးနွေးထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Most Read

Most Recent