ချယ်လ်ဆီးကို အိမ်ကွင်း/အဝေးကွင်း (၂)ဂိုးစီသွင်းခဲ့သောရော်ဘင်ဆင် လူမျိုးရေးခွဲခြားခံနေရပြီး ရဲတပ်ဖွဲ့ထံ ဝက်စ်ဘရွန်းအသင်း တိုင်ကြားထား

ချယ်လ်ဆီးကို အိမ်ကွင်း/အဝေးကွင်း (၂)ဂိုးစီသွင်းခဲ့သောရော်ဘင်ဆင် လူမျိုးရေးခွဲခြားခံနေရပြီး ရဲတပ်ဖွဲ့ထံ ဝက်စ်ဘရွန်းအသင်း တိုင်ကြားထား
Photo: EPA
Photo: EPA
Published 5 April 2021

 ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး (၂-၅) ဝက်စ်ဘရွန်းပွဲတွင် ဝက်စ်ဘရွန်းအသင်းအတွက် (၂)ဂိုးသွင်းယူပေးခဲ့သော အိုင်ယာလန်တိုက်စစ်မှူး ကာလမ်ရော်ဘင်ဆင်သည် ယင်းပွဲအပြီးတွင် လူမျိုးရေးခွဲခြားမှုများကို ခံနေရပြီး အဆိုပါဖြစ်ရပ်အတွက် သူ၏ကလပ် ဝက်စ်ဘရွန်းအသင်းက ရဲတပ်ဖွဲ့ထံ တိုင်ကြားထားကြောင်း သိရှိရသည်။

အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၁၈)ပွဲကစားထားသူ ကာလမ်ရော်ဘင်ဆင် (၂၆ နှစ်)သည် ယင်းပွဲတွင် ပွဲချိန် (၆၃)မိနစ်၌ အသင်းအတွက် တတိယဂိုးကိုလည်းကောင်း၊ ပွဲချိန်မိနစ်(၉၀)၌ ပဥ္စမမြောက်ပွဲသိမ်းဂိုးကိုလည်းကောင်း သွင်းယူပေးခဲ့သည်။

ကာလမ်ရော်ဘင်ဆင်သည် ပြီးခဲ့သည့် ၂၀၂၀ ၊စက်တင်ဘာလအတွင်းက ကစားခဲ့သော ဝက်စ်ဘရွန်း (၃-၃) ချယ်လ်ဆီး ပထမအကျော့ပွဲစဉ်တွင်လည်း ချယ်လ်ဆီးအသင်းဘက်သို့ ဦးဆောင် ဂိုး(၂)ဂိုး သွင်းယူခဲ့သူဖြစ်သည်။

သို့ဖြစ်ရာ ၎င်းသည် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်တွင် ချယ်လ်ဆီးအသင်းဘက်သို့ တစ်ရာသီအတွင်း အိမ်ကွင်း၊ အဝေးကွင်း (၂)ဂိုးစီသွင်းယူနိုင်သော ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ချယ်လ်ဆီးအား အနိုင်ရသောပွဲအပြီးတွင် လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ကာလမ်ရော်ဘင်ဆင်အား လူမျိုးရေးခွဲခြားသော လှောင်ပြောင်မှုများထွက်ပေါ်လာခဲ့သည်။

ချယ်လ်ဆီးပရိသတ်ဟု ယူဆရသူအချို့က ၎င်းအား မျောက်ရုပ်ပုံ Emoji များဖြင့် လှောင်ပြောင်မှုများပြုလုပ်ခဲ့ကြပြီး ယင်းလှောင်ပြောင်မှုများအတွက် ရဲတပ်ဖွဲ့ထံ တိုင်ကြားထားကြောင်း ဝက်စ်ဘရွန်းအသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။

''ချယ်လ်ဆီးအသင်းကို (၅-၂)ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲအပြီးတွင် ကာလမ်ရော်ဘင်ဆင်အား စော်ကားခဲ့သော လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပို့စ်များနှင့်ပတ်သက်၍ West Midlands ရဲတပ်ဖွဲ့ထံသို့ မိမိတို့ ဝက်စ်ဘရွန်းအသင်း ဆက်သွယ်တိုင်ကြားထားပါသည်။ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ခြေစွမ်းပြပြီး (၂)ဂိုးသွင်းခဲ့သော အိုင်ယာလန်လက်ရွေး စင် ကာလမ်ရော်ဘင်ဆင်ထံသို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော Instagram ပို့စ်များဖြင့် လှောင်ပြောင်ခဲ့သည်ကို တွေ့ရှိခဲ့ရပါ သည်။ ဝက်စ်ဘရွန်းအသင်းအနေဖြင့် ယင်းကဲ့သို့ ခွဲခြားဆက်ဆံသောလုပ်ရပ်များအတွက် ကျူးလွန်သူများကို အပြစ်ပေးနိုင်ရန် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားပါမည်။ ဘောလုံးပွဲတစ်ပွဲအတွင်း ဂိုး (၂)ဂိုးသွင်းယူနိုင်သူကို ယင်းကဲ့သို့ ပုံစံမျိုးဖြင့်တုံ့ပြန်ခြင်းမှာ လက်ခံနိုင်စရာမရှိပါ'' ဟု ဝက်စ်ဘရွန်းအသင်းက ကြေညာခဲ့သည်။

Most Read

Most Recent