လာမည့်နာပိုလီအသင်းနှင့်ပွဲတွင် ဂျူဗင်တပ်စ်အသင်း ရလဒ်ဆိုးပါက နည်းပြပီယာလို ထုတ်ပယ်ခံရဖွယ်ရှိကြောင်း သိရသည်။
လက်ရှိရာသီတွင် ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်မှ ထွက်ခွာရသလို၊ စီးရီးအေပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို လက်လွှတ်ရရန် နီးစပ်နေပြီဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းအားကစားဒါရိုက်တာ ပါရာဘီချီက ပီယာလို၏ အနာဂတ်အတွက် အာမခံခဲ့သော်လည်း အီတလီမီဒီယာများက နာပိုလီနှင့်ပွဲတွင် ရလဒ်မကောင်းပါက ပီယာလို ထုတ်ပယ်ခံရဖွယ်ရှိကြောင်း ဖော်ပြနေကြသည်။
ပြီးခဲ့သည့် တိုရီနိုအသင်းနှင့် တူရင်ဒါဘီတွင် (၂-၂)ဂိုးဖြင့် သရေကျပြီးနောက် ပီယာလိုက '' ကျွန်တော်တို့အသင်းက အမှားတွေ ခပ်လွယ်လွယ်ကျူးလွန်နေပါတယ်။ ပြိုင်ဘက်တွေက ကျွန်တော်တို့ကို ခန့်မှန်းရလွယ်နေပါတယ်။ ကျွန်တော့်အသင်းက ပွဲချိန်ပြည့်အာရုံစူးစိုက်မှုမရှိဘဲ ကစားနေလို့ အမှတ်တွေဆုံး ရှုံးနေတာပါ။ ကျွန်တော်တို့ တိုးတက်ဖို့လိုနေပါတယ်'' ဟု ပြောကြားခဲ့သည်။















