မိုးအဆက်မပြတ် ရွာသွန်းခဲ့သောကြောင့် အလောင်းတော်ကဿပဘုရားသို့ သွားရာကားလမ်းများ ပျက်စီးနေပြီး အလောင်းတော်ကဿပဘုရားပေါ်တွင် ဘုရားဖူးခရီးသည် ၁၀၀ ကျော် ပိတ်မိနေ

မိုးအဆက်မပြတ် ရွာသွန်းခဲ့သောကြောင့် အလောင်းတော်ကဿပဘုရားသို့ သွားရာကားလမ်းများ ပျက်စီးနေပြီး အလောင်းတော်ကဿပဘုရားပေါ်တွင် ဘုရားဖူးခရီးသည် ၁၀၀ ကျော် ပိတ်မိနေ
Published 5 January 2018

အလောင်းတော်ကဿပဘုရားပေါ်တွင် ခရီးသည်များအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက တွေ့ရစဉ်

လွန်ခဲ့သည့် နှစ်ရက်ခန့်က မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ကားလမ်းများ၏ အခြေအနေ ဆိုးဝါးမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်ရှိ အလောင်းတော်ကဿပဘုရားပေါ်တွင် ဘုရားဖူးခရီးသည် ၁၀၀ ကျော် ပိတ်မိနေကြောင်း ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းထံမှ သိရသည်။

အဆိုပါ ဘုရားပေါ်တွင် ပိတ်မိနေသည့် ဘုရားဖူးခရီးသည် ၁၀၀ ကျော်မှာ မိုးမရွာခင် အရင်ရက်က သွားရောက်ခဲ့သည့်ခရီးသည်များဖြစ်ကြောင်း၊ မိုးရွာသည့်ရက်နှင့် တိုက်ဆိုင်နေသည့်အတွက် ကားလမ်းများ၏ အခြေအနေ ဆိုးဝါးနေမှုကြောင့် ပြန်ဆင်း၍မရဘဲ ဘုရားပေါ်၌သာ ပိတ်မိနေကြောင်း သိရသည်။

“ဟိုနေ့ကမိုးရွာတယ်။ ခရီးသည်က တစ်ရာကျော်လောက်တော့ရှိမယ်။ သူတို့သွားတဲ့ရက်က မိုးမရွာသေးဘူး။သူတို့လည်း ဘုရားပေါ်ရောက်ရော မိုးရွာတာနဲ့ကြုံနေတယ်။ ပြန်ဆင်းမယ့် ကားလမ်းတွေသွားလို့မရဘူး။ ဘုရားပေါ်မှာပဲ ပိတ်မိနေတယ်။ မနက်ဖြန်နဲ့ သန်ဘက်ခါလောက်ကျရင်တော့ ပိတ်မိနေတဲ့ ခရီးသည်တွေ အကုန်လုံးအောက်ကို ပြန်ဆင်းနိုင်ဖို့အတွက် ကျွန်တော်တို့ဘက်က ကားလမ်းတွေ ပြုပြင်နေပါပြီ” ဟု ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။

အလောင်းတော်ကဿပဘုရားပေါ်တွင် ပိတ်မိနေသည့် ဘုရားဖူးခရီးသည် ၁၀၀ ကျော်၏ စားဝတ်နေရေးအတွက် ဂေါပကအဖွဲ့ဝင်များက ဆောင်ရွက်ပေးနေကြောင်း၊ စားနပ်ရိက္ခာနှင့် နေထိုင်စရာ အခက်အခဲမရှိကြောင်း၊ ဘုရားအောက်သို့ အမြန်ပြန်လည်ရောက်ရှိရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေကြောင်း ဦးစိုးဝင်းက ဆက်လက်ပြောကြားသည်။

အလောင်းတော်ကဿပဘုရားကို အများပြည်သူ ဖူးမြော်ခွင့်ရရှိအောင် ကားလမ်းအား လာမည့် ဇန်နဝါရီ ၇ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent