စပိန် - ကိုဆိုဗို (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
ဂျာမနီနဲ့ပွဲမှာ ဂိုးထမြူးတာကလွဲပြီး စိတ်ပျက်စရာတိုက်စစ်ပုံစံနဲ့ ရလဒ်တွေ ယိမ်းယိုင်နေတဲ့ စပိန်က ဂရိကိုလည်း သရေသာကစားနိုင်ခဲ့တယ်။ ကိုဆိုဗိုနဲ့ စပိန်က အဆင့်ကွာတယ်ဆိုပေမဲ့ စပိန်ရဲ့လက်ရှိခြေစွမ်းနဲ့ဆို ဂိုးပြတ်ပါ့မလားဆိုတာ မသေချာဘူး။ နိုင်ပွဲတော့ ရပါတယ်။
လစ်သူယေးနီးယား - အီတလီ (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
မန်စီနီရဲ့အီတလီက မှန်မှန်လေးအနိုင်ယူနေတယ်။ ဂိုးလည်း အရမ်းမပြတ်ဘူး။ ဂိုးလည်း မပေးရဘူး။ နောက်ဆုံး (၄) ပွဲဆက် (၂-၀)ဆိုတဲ့ ရလဒ်တွေနဲ့ ဆက်တိုက်နိုင်ပွဲရယူထားတာ တွေ့ရတယ်။ လစ်သူယေးနီးယားကတော့ အိမ်ကွင်းမှာ ကစားရမယ်ဆိုပေမဲ့ အီတလီကို ယှဉ်နိုင်ဖို့မရှိပါဘူး။ (၂-၀) လောက်နဲ့ပဲ အီတလီ နိုင်ပွဲရသွားဦးမယ်။
ဘော့စနီးယား - ပြင်သစ် (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
ပြင်သစ်က ခြေစစ်ပွဲအဖွင့်ပွဲမှာ ယူကရိန်းနဲ့ သရေကျခဲ့တယ်။ ဘော့စနီးယားနဲ့ ပွဲမတိုင်ခင် ကာဇက်စတန် အဝေးကွင်းမှာ အနိုင်ရခဲ့တယ်။ ဘော့စနီးယားကတော့ ဖင်လန်နဲ့ သရေကစားခဲ့လို့လျှော့မတွက်သင့်ဘူးလို့ ထင်တယ်။ ဖင်လန်က အခုအချိန်မှာ ပုံစံကောင်းပြနေတဲ့အသင်းဖြစ်ပြီး၊ ဒီလိုအသင်းမျိုးကို အဝေးကွင်းမှာ သရေကစားခဲ့တာ မဆိုးဘူးလို့ ပြောရမယ်။ ဒါပေမဲ့ ဒီပွဲမတိုင်ခင် ကော်စတာရီကာနဲ့ ပွဲမှာလည်း သရေကျခဲ့တာကိုကြည့်ရင် ဘော့စနီးယားရဲ့ ခြေအဆင့်အတန်းက အလယ်အလတ်တန်းစားအဆင့်ဆိုတာ သေချာပြီး နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲပျောက်နေတာလည်း ကြာပြီ။ ပြင်သစ်ကတော့ ဒီပွဲကို အနိုင်ကစားပြီး အုပ်စုကို ဦးဆောင်ဖို့ ကြိုးစားမှာဖြစ်တယ်။ လက်ရှိ ပြင်သစ်လူစာရင်းကလည်း အားရစရာကောင်းတယ်။ ယူကရိန်းကို သရေကျ ခဲ့တယ်ဆိုပေမဲ့ တကယ်တော့ ပြင်သစ် နိုင်ခဲ့သင့်ပါတယ်။ တိုက်စစ်ကတော့ ပြဿနာနည်းနည်းရှိနေတယ်။ ဂိုးမပြတ်ဘဲ နိုင်ပါလိမ့်မယ်။
သြစတြီးယား - ဒိန်းမတ် (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
သြစတြီးယားနဲ့ ဒိန်းမတ်က ခြေသိပ်မကွာတဲ့ ပြိုင်ဘက်တွေလို့ ပြောလို့ရတယ်။ လွန်ခဲ့တဲ့ (၃) နှစ်လောက်ကဆိုရင် သြ စတြီးယားက ပိုကောင်းတယ်လို့ ပြောလို့ရပေမဲ့ အခုအချိန်မှာတော့ ဒိန်းမတ်က ပိုကောင်းပါတယ်။ သြစတြီးယားကွင်းမှာ ကစားရမှာဖြစ်လို့ အကြိတ်အနယ်ရှိပြီး ခြေမျှတယ်။ လက်ရှိအနေအထားအရဆိုရင်တော့ သရေရလဒ်က ထိုက်တန်ပြီး (၁-၁)၊ (၂-၂)လောက်ဖြစ်မယ်ထင်တယ်။
အင်္ဂလန် - ပိုလန် (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
အင်္ဂလန်နဲ့ ပိုလန်က ဒီအုပ်စုမှာ အဓိကပြိုင်ဘက်ဖြစ်လာမယ့်အသင်းတွေဖြစ်ပြီး နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်တယ်။ လက်ရှိ အင်္ဂလန်ရဲ့ ခြေစွမ်းက အရမ်းအကောင်းကြီးတော့ မဟုတ်သေးဘူး။ ဆန်မာရီနိုလိုအသင်းမျိုးနဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်လည်း အထင်ကြီးလို့ မရသလို၊ သာမန်အသင်းတစ်သင်းတောင် သွင်းလေ့ရှိတဲ့ ဂိုးအရေအတွက်ဖြစ်တယ်။ ပိုလန်ကတော့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲတွေမှာ အီတလီ၊ နယ်သာလန်တို့ကို ရှုံးပြီး၊ ဟန်ဂေရီနဲ့ သရေကျခဲ့တယ်။ ဒီအနေအထားက အသင်းရဲ့အကောင်းဆုံးပုံစံမှာ ရှိမနေဘူးဆိုတဲ့ အနေအထားဖြစ်ပြီး အားနည်းချက်တွေရှိလာတာကို ပြတယ်။ ဒါပေမဲ့ ပိုလန်ရဲ့မာကျောမှုနဲ့ လူစာရင်းက ထိပ်တန်းအဆင့်မှာ ရှိနေဆဲဖြစ်ပြီး အင်္ဂလန်သာ အကောင်းဆုံးပုံစံမပြနိုုင်ဘူးဆိုရင် နိုင်ဖို့ခက်မယ့်ပွဲမျိုးလို့ ထင်တယ်။ နှစ်သင်းစလုံးရဲ့ ဂိုးသွင်းအားကြောင့် ဒီပွဲက အပြန်အလှန်သွင်းဂိုးတွေကို မြင်ရနိုင်တဲ့ ပွဲမျိုးလည်းဖြစ်တယ်။ အင်္ဂလန် (၂-၁)လောက် နဲ့နိုင်မယ်ထင်တယ်။
ဂျာမနီ - မက်ဆီဒိုးနီးယား (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
မက်ဆီဒိုးနီးယားက ဂျာမနီအတွက် ပြိုင်ဘက်အဆင့်မဟုတ်သလို၊ ခက်ခဲမယ့် ပြိုင်ဘက်လည်း ဟုတ်မယ်မထင်ဘူး။ တကယ်လို့ ဒီပွဲကို ခက်ခက်ခဲခဲကစားရဦးမယ်ဆိုရင်လည်း ဂျာမနီက အရင်ဂျာမနီအဆင့်မဟုတ်တော့ရုံမကဘဲ အရင်လို ခြေစွမ်းမငြိမ်တော့ဘူးလို့ပါ ပြောရမှာ ဖြစ်တယ်။ အသင်းမှာ ဥရောပထိပ်တန်းအသင်းကြီးတွေက ကစားသမားတွေနဲ့ အများကြီး စုဖွဲ့ထားဆဲဖြစ်ပြီး လူငယ်ကြယ်ပွင့်တွေလည်း ပါတယ်။ အားလုံးက ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ ခြေစွမ်းပြနေကြသူ တွေဖြစ်ပြီး အိုက်စလန်နဲ့ပွဲတုန်းက ခြေစွမ်းကလည်း အားရစရာကောင်းတယ်။ ဒါပေမဲ့ ရိုမေးနီးယားကိုတော့ နာဘရီရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ပဲ ကပ်နိုင်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲက ဂျာမနီ အတွက် အခက်အခဲမရှိအနိုင်ကစားနိုင်မယ့်ပွဲမျိုး ဖြစ်တယ်။ မက်ဆီဒိုးနီးယားက ပြီးခဲ့တဲ့ပွဲမှာ လက်ချင်စတိန်းကို ဂိုးပြတ်နိုင်ခဲ့ပြီး ကစားပုံလည်း မာကျောပါတယ်။ ဒါပေမဲ့ ထိပ်တန်းအသင်းတွေကို ခံကန်နိုင်စွမ်းမရှိဘူး။ ဂျာမနီ ဂိုးပြတ်သွင်းသင့်တယ်။
■ အခြားပွဲစဉ်များ
အာမေးနီးယား - ရိုမေးနီးယား* (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် ည ၁၀:၃၀ နာရီ)
*ဂရိ - ဂျော်ဂျီယာ (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
*မြောက်အိုင်ယာလန် - ဘူလ်ဂေးရီးယား (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
*ယူကရိန်း - ကာဇက်စတန် (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
မော်လ်ဒိုဗာ - အစ္စရေး* (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
*စကော့တလန် - ဖာရိုးကျွန်းစုများ (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
အန်ဒိုရာ - ဟန်ဂေရီ* (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
ဆန်မာရီနို - အယ်လ်ဘေးနီးယား* (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)
လက်ချင်စတိန်း - အိုက်စလန်* (မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် နံနက် ၁:၁၅ နာရီ)















