လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်လေးဦးကို အခမဲ့ယာဉ်စီးနင်းခွင့်၊ ဆေးကုသခွင့်၊ သတ်မှတ်ရေမီး အခမဲ့တစ်သက်တာသုံးစွဲခွင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ချီးမြှင့်

လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်လေးဦးကို အခမဲ့ယာဉ်စီးနင်းခွင့်၊ ဆေးကုသခွင့်၊ သတ်မှတ်ရေမီး အခမဲ့တစ်သက်တာသုံးစွဲခွင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ချီးမြှင့်
Published 5 January 2018

လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်လေးဦးကို အခမဲ့ယာဉ်စီးနင်းခွင့်၊ ဆေးကုသခွင့်၊ သတ်မှတ်ရေ မီးအခမဲ့တစ်သက်တာ သုံးခွဲခွင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် နှစ် (၇၀) မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် အလံတင် အခမ်းအနား ပြုလုပ်ခြင်း၊ ၇ နာရီတိတိတွင် လွတ်လပ်ရေးနေ့ အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သမ္မတမိန့်ခွန်းသဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး မန္တလေးမြို့ရှိ လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် လေးဦးကို အခမဲ့မော်တော်ယာဉ်စီးနင်းခွင့်၊ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ဆေးကုသခွင့်၊ မန္တလေးစည်ပင်သာယာရေးကော်မတီမှ ရေယူနစ် (15/month) နှင့် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လျှပ်စစ်ယူနစ် (100/month) တို့ကို တစ်သက်တာ အခမဲ့သုံးစွဲခွင့် ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါလွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များကို ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က အခမဲ့သုံးစွဲချီးမြှင့်သည့်ကတ်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေး အခမ်းအနားသို့ တက်ရောက်လာသည့် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များမှာ ဦးမင်းမောင်(၉၅ နှစ်)၊ ဦးအောင်သူ (၉၈ နှစ်)၊ ဦးချစ်မောင် (၉၃နှစ်)နှင့် ဦးကျော်တင် (၉၅ နှစ်) တို့ လေးဦးကိုသာ ချီးမြှင့်နိုင်ခဲ့ခြင်းဖြစ်ကာ ကျန်ဖိတ်ကြားထားသော်လည်း တက်ရောက်နိုင်ခြင်းမရှိသည့် လွတ်လပ်ရေးမော်ကွန်းဝင်သုံးဦးကိုမူ ပေးအပ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယခုကဲ့သို့ လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များကို တစ်သက်တာအခမဲ့ ခံစားခွင့်အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပထမဆုံး စတင်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent