ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဒူးဒဏ်ရာကြောင့် (၄)ပတ်ခန့်အနားယူရမည်ဟု အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။
လီဝန်ဒေါစကီးသည် မတ်လ (၂၈)ရက်က ကစားခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) ပွဲစဉ် ပိုလန် (၃-၀) အန်ဒိုရာပွဲ၌ ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၆၃)မိနစ်တွင် လူစားလဲခဲ့ရသည်။
လီဝန်ဒေါစကီးသည် အဆိုပါဒဏ်ရာကြောင့် ယနေ့ကစားမည့် အင်္ဂလန်အသင်းနှင့် ပွဲစဉ်ကို လွဲချော်မည်ဖြစ်သလို၊ ယခုအခါ (၄)ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်း၏ ထုတ်ပြန်ချက်တွင် လီဝန်ဒေါစကီး၏ ညာဘက်ဒူးတွင် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါဒဏ်ရာကြောင့် လီဝန်ဒေါစကီးအနေဖြင့် (၄)ပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း ပါရှိသည်။
လီဝန်ဒေါစကီးသည် အဆိုပါဒဏ်ရာကြောင့် ဧပြီလ (၇)ရက်နှင့် ဧပြီလ (၁၄)ရက်တို့တွင် ကစားမည့် PSG အသင်းနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် နှစ်ကျော့စလုံးကို လွဲချော်တော့မည်ဖြစ်သည်။
အသက် (၃၂)နှစ်အရွယ်ရှိ လီဝန်ဒေါစကီးသည် ယခုရာသီ ပြိုင်ပွဲစုံ (၃၆)ပွဲတွင် (၄၂)ဂိုးသွင်းယူထားရာ ၎င်း၏ ဒဏ်ရာသတင်းမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း ဂျာမန်မီဒီယာများက ဖော်ပြနေကြသည်။















