ဝေးလ်စ်လက်ရွေးစင် အသင်းခေါင်းဆောင် ၀ါရင့်တောင်ပံကစားသမား ဂါရတ်ဘေးလ်က လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသည် မိမိ၏ နောက်ဆုံး ပြိုင်ပွဲဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။
ဘေးလ်သည် လာမည့် ဇူလိုင်လတွင် အသက် (၃၂)နှစ်ပြည့်မည်ဖြစ်ပြီး ကမ္ဘာ့ဖလားကျင်းပချိန်တွင် (၃၃)နှစ်ရှိနေမည်ဖြစ်သည်။
ထို့ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံးပြိုင်ပွဲအဖြစ် သတ်မှတ်ထားခြင်းလည်းဖြစ်သည်။
ဘေးလ်က "ကျွန်တော် ကမ္ဘာ့ဖလားပြိုင်ပွဲပေါင်း ဘယ်လောက်ကို ကျော်ဖြတ်ခဲ့ပြီးပြီလဲဆိုတာ တကယ် မစဉ်းစားမိပါဘူး။ ဒါပေမဲ့ အသက်ကြီးလာတာကို ဖုုံးကွယ်ထားလို့မရတာကြောင့် လာမယ့်ပြိုင်ပွဲက ကျွန်တော့်အတွက် နောက်ဆုံးပြိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရချင်တဲ့ စိတ်ကလည်း အမြဲတမ်းမပြောင်းလဲဘဲ ရှိနေပါတယ်။ လောလောဆယ်တော့ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာလည်း မသိနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။
ဝေးလ်စ်အသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိထားသလို၊ ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ ၁၉၅၈ ခုနှစ်က ကွာတားဖိုင်နယ်တစ်ကြိမ်သာ ရောက်ရှိဖူးပြီး ကျန်ပြိုင်ပွဲများတွင် ခြေစစ်ပွဲအောင်မြင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ဂါရတ် ဘေးလ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ဖူးခြင်း မရှိသေးသည့်အတွက် ကစားသမားဘဝ အဆုံးမ သတ်မီ ယှဉ်ပြိုင်ခွင့်ရရှိရန် လိုလားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
သို့သော် လက်ရှိကျင်းပနေသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဘယ်လ်ဂျီယံအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေခြင်းကြောင့် ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက်နည်းပါးနေသည်။
ဘေးလ်သည် ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖူးခြင်းမရှိသေးသော်လည်း ဝေးလ်စ်အသင်း၏ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည်။















