ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က ကွင်းလယ်ကစားသမား ပေါ့ဘာအနေဖြင့် အကောင်းဆုံးပုံစံပြန်လည်ရရှိရန်အတွက် မန်ယူအသင်းတွင် ပုံမှန်ပွဲကစားခွင့် ပိုမိုရရှိရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။
ပေါ့ဘာသည် တံကောက်ကြောဒဏ်ရာကြောင့် မန်ယူအသင်း၏ပွဲများကို (၁၀)ပွဲဆက် လွဲချော်ခဲ့ပြီးနောက် အေစီမီလန်နှင့်ယှဉ်ပြိုင်ခဲ့သည့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ရောက်မှ ပြန်လည်ကစားနိုင်ကာ အနိုင်ဂိုးသွင်းယူပေးခဲ့သည်။

ထို့ကြောင့် ပေါ့ဘာအနေဖြင့် ပုုံစံကောင်းပြန်ရရန် အချိန်ယူရဦးမည်ဟု ဒေးရွှမ့်က ဆိုခဲ့သည်။
''ဒဏ်ရာက ပြန်ကောင်းလာတဲ့ကစားသမားတိုင်း အချိန်လိုအပ်ပါတယ်။ ဒဏ်ရာမရခင်က ခြေစွမ်းမျိုးပြန်ရဖို့ ပွဲကစားချိန် ပိုမိုရရှိဖို့ လိုအပ်ပါတယ်''ဟု ဒေးရွှမ့်က ပြောကြားခဲ့သည်။

သို့သော် ဒေးရွှမ့်သည် ပေါ့ဘာကို ကာဇက်စတန်နှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့သလို၊ ဘော့စနီးယားနှင့် ယှဉ်ပြိုင်ရမည့်ပွဲတွင်လည်း ဆက်လက်အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။
ပေါ့ဘာသည် ယူကရိန်းနှင့် တစ်ဂိုးစီသရေကျသည့်ပွဲတွင် မိနစ်(၃၀)ဝန်းကျင် လူစားဝင်ကစားခဲ့ပြီး ကာဇက်စတန်အသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲ၌လည်း ပွဲချိန် မိနစ်(၆၀)ခန့် ကစားခဲ့သည်။















