အလှည့်ကျပေါ်လစီတွင် ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့် မပါဝင်ဟု အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ဝန်ခံ

အလှည့်ကျပေါ်လစီတွင် ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့် မပါဝင်ဟု အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ဝန်ခံ
Published 30 March 2021

အင်္ဂလန်အသင်း၏နည်းပြဖြစ်သူ ဆောက်ဂိတ်က ပိုလန်အသင်းနှင့်ကစားမည့်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်း၏ကွင်းလယ်လူ မေဆန်မောင့်ကို ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ရွေးချယ်ရန် စဉ်းစားထားပြီး အကောင်းဆုံးပုံစံပြနေသည့် မေဆန်မောင့်သည် အလှည့်ကျပေါ်လစီတွင် ပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ဆောက်ဂိတ်က မေဆန်မောင့်သည် အစားထိုးမရသည့် ကစားသမားမျိုးဟု ချီးကျူးခဲ့သလို၊ အခွင့်အရေးဖန်တီးမှုများစွာ ပြုလုပ်နိုင်သူဖြစ်ကြောင်းလည်း ချီးကျူးခဲ့ပြီး ပွဲဆက်များစွာကစားနေရခြင်းအတွက် ပွဲပန်းခြင်း၊ ဒဏ်ရာရလွယ်ခြင်းများဖြစ်မလာအောင် လေ့ကျင့်ခန်းအစီအစဉ်များကို အလွန်သတိထားပြီး ပြုလုပ်နေသည်ဟုလည်း ပြောကြားခဲ့သည်။ 

အယ်လ်ဘေးနီးယားအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် အသင်းအတွက်ဒုတိယဂိုးကို သွင်းယူပေးခဲ့သည့် မေဆန်မောင့်သည် အင်္ဂလန်လက်ရွေးစင်အသင်း နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် (၇)ပွဲဆက်တိုက် ပွဲထွက်ခွင့်ရခဲ့သူဖြစ်သည်။

သတင်းထောက်များက ပိုလန်နှင့်ပွဲတွင်လည်း မေဆန်မောင့်ကို ဆက်လက်အသုံးပြုဦးမလားဟု  မေးမြန်းခဲ့ရာ ဆောက်ဂိတ်က ''ဒါပေ့ါ။ ကျွန်တော်တို့က နိုင်ပွဲတွေအတွက် စဉ်းစားရပြီး၊ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ချင်တဲ့အသင်းပါ။ ဒါကြောင့် အလှည့်ကျ 

ပေါ်လစီကို အသုံးပြုဖို့ အမြဲတမ်းစဉ်းစားနေမှာမဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။

အယ်လ်ဘေးနီးယားနှင့်ပွဲမှ ခြေစွမ်းနှင့် ပတ်သက်၍လည်း ''သူက အရမ်းကောင်းတဲ့ကစားသမားပါ။ ဒီလိုစကားမျိုးကို အရင်ကလည်း ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က သူ့ကို အမြဲဦးစားပေးရွေးချယ်တာကို အားလုံးလည်း သဘောတူကြမယ်ထင်ပါတယ်။ သူ့ရဲ့ကစားပုံက ထူးခြားပါတယ်။ နေရာလွတ်တွေကို ဦးနှောက်သုံးရှာဖွေနိုင်ပြီး ဘောလုံးကို ကိုင်တွယ်ထိန်းချုပ်ပုံလည်း အရမ်းကောင်းပါတယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်သလို၊ ဂိုးတွေလည်း သွင်းနိုင်သူပါ။ ဒီညပွဲမှာလည်း သူ့ရဲ့ကစားပုံက အကောင်းဆုံးအနေအထားမှာ ရှိခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်''ဟု ပြော ကြားခဲ့သည်။ 

Most Read

Most Recent