အချိန်အခါမဲ့မိုးကြောင့် ဖရဲသခွား အပါအဝင် ဆောင်းစိုက်သီးနှံထွက်နှုန်း ရာခိုင်နှုန်း ၅၀ ခန့် ကျဆင်းနိုင်

အချိန်အခါမဲ့မိုးကြောင့် ဖရဲသခွား အပါအဝင် ဆောင်းစိုက်သီးနှံထွက်နှုန်း ရာခိုင်နှုန်း ၅၀ ခန့် ကျဆင်းနိုင်
Published 5 January 2018

အခါလွန်မိုးကြောင့် ပျက်စီးရသည့် ဖရဲခင်းအား တွေ့ရစဉ်

အချိန်အခါမဲ့မိုးကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ဖရဲသခွားစိုက်ခင်းများ အပါအဝင် ဆောင်းစိုက်သီးနှံများထွက်နှုန်း ရာခိုင်နှုန်း ၅၀ ခန့် ကျဆင်းနိုင်ကြောင်း တောင်သူများက ပြောကြားသည်။

ရာသီဥတုဖောက်ပြန်၍ အချိန်အခါမဟုတ် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် အသီးရွေးချယ်ထားပြီးသော ဖရဲသခွားမွှေး စိုက်ခင်းများတွင် အသီးကွဲအက်ခြင်း၊ ရောဂါ ပိုးကျရောက်နိုင်ခြင်းတို့ ဖြစ်ပေါ်ကာ ယခုနှစ် ဖရဲသခွား အသီးထွက်နှုန်းမှာ ယမန်နှစ်ထက် ရာခိုင်နှုန်း ၅၀ ခန့် ကျဆင်းသွားနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ဖရဲသခွားစိုက်တောင်သူ ကိုသစ္စာက ပြောကြားသည်။

“မိုးက ကျွန်တော်တို့ဆီမှာ တစိမ့်စိမ့် ရွာသွားတယ်။ နာရီနဲ့ တွက်လိုက်ရင် ၃၆ နာရီလောက် ရွာသွားတယ်၊ ၃၆ နာရီလောက်ရွာသွားတဲ့ အနေအထားမှာ ဖြစ်နေတဲ့ ပြဿနာက အဓိက,က ဘာတုံးဆိုတော့ အပင်မှာ ဖူးမယ့် အခင်းတွေရှိတယ်၊ အသီးဖမ်းထားတဲ့ အခင်းတွေရှိတယ်။ အသီးမဖမ်းခင် စိုက်ထားတဲ့အခင်းတွေရှိတယ်။ အသီးဖမ်းထားတဲ့အခင်းတွေဆို မိုးကြောင့် ဘာဖြစ်လဲဆိုရင် အသီးကွဲတယ်၊ အသီးမဖမ်းခင် ဝတ်မှုန်ကူးတဲ့အခင်းတွေဆို မိုးတွင်းတုန်းက ပျက်ပြယ်တာတွေ အဲဒီပြဿနာတွေရှိလာမယ်၊ နောက်တစ်ခုက မှိုနဲ့ ပတ်သက်တဲ့ရောဂါတွေ တက်လာမယ်။ ဆောင်းသီးနှံ ဘာသီးနှံဖြစ်ဖြစ် မိုးကို အရမ်းကြောက်ကြတယ်။ ဒါက အပင်ရဲ့ သဘောသဘာဝပေါ့နော်၊ ဆောင်းသီးနံှစိုက်တဲ့ တော်တော်များများက အချိန်အခါမဲ့ကို တော်တော်ကြောက်တယ်၊ အဓိက ရင်ဆိုင်ရမယ့် ပြဿနာက အထွက်နှုန်းတွေ ကျသွားမယ်။ အထွက်နှုန်းက ကျွန်တော့်အထင်တော့ ရာခိုင်နှုန်း ၅၀ လောက်ကျမယ်။ အရင်တုန်းက တန်ချိန်ငါးသိန်းထွက်မယ်ဆို ခုနောက်ပိုင်း တန်ချိန်နှစ်သိန်းခွဲလောက်ပဲ ထွက်မယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ အသီးထွက်နှုန်းများ ကျဆင်းနိုင်မည်ဖြစ်သော်လည်း ဈေးကွက်အနေအထားမှာလည်း ဆိုးရွားနိုင်ကြောင်း၊ ယင်းမှာ ရောဂါပိုးဝင်မည့် အသီးများက စံချိန်မီ ရွေးချယ်ထားသော အသီးဈေးကွက်ကို ဆွဲချသွားနိုင်သဖြင့် အသီးထွက်နှုန်းနည်းသော်လည်း ဈေးကွက်မှာ ဈေးကောင်းရရှိမည်ဟု ပြောဆိုလို့မရကြောင်း၊ လက်ရှိ ရွာသွန်းခဲ့သည့် အချိန်အခါမဲ့မိုးကြောင့် ဖြစ်ပါ်လာမည့် ဘေးထွက်ဆိုးကျိုးလက္ခဏာမှာ ချက်ချင်း မဖြစ်ပေါ်သေးသော်လည်း တစ်ပတ်အတွင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်လာမည်ဖြစ်သဖြင့် ဖရဲသခွားစိုက် တောင်သူများ အနေဖြင့် နီးစပ်ရာ စိုက်ပျိုးရေးပညာရှင်များ၏ အကြံဉာဏ်များရယူကာ ကာကွယ် ကုသဆေးများ နိုင်နင်းစွာ သုံးစွဲပေးပါက ဆုံးရှုံးနစ်နာမှု များစွာ ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း ဖရဲသခွားစိုက်တောင်သူ ကိုသစ္စာက ပြောကြားသည်။

“အသီးခူးမယ့်သူတွေ နံပါတ်တစ် ရင်ဆိုင်ရတာ အသီးခူးချိန်ရောက်နေပြီး မိုးရွာတယ်။ ကားဝင်လို့မရတော့ဘူး။ လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ဘူး။ ခူးလက်ကို ကျော်ထားတယ်။ အသီးကွဲတဲ့ပြဿနာတွေ၊ ခူးမယ့်အချိန်ကျ အမှည့်လွန်မယ့် ပြဿနာတွေ လက်ရှိ ဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့ တောင်သူတွေအနေနဲ့က ကြိုတင်ပြင်ဆင်မှု အားနည်းတာ။ မိုးတိတ်တိတ်ချင်းကတော့ ရောဂါတစ်ခုရဲ့ ဘေးထွက်ဆိုးကျိုးက ချက်ချင်းတော့ မပြဘူး၊ အဲဒါကြောင့် အနီးကပ်ဆုံး စိုက်ပျိုးရေးပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ တောက်လျှောက်ပဲ တောင်သူတွေ ကုသဆေးတွေ သုံးကြဖို့ပဲ” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ဖရဲသခွားဈေးကွက်မှာ စတင်အရောင်းအဝယ်ဖြစ်နေပြီး ဖရဲ၊ သခွားမွှေး အကောင်းဆုံးအသီး တစ်ကီလိုလျှင် တရုတ်ယွမ် သုံးယွမ်ကျော်ထိ ဈေးရရှိကြောင်း၊ လက်ရှိတွင် ၁၀၅ မိုင်သစ်သီးကုန်စည်ဒိုင်သို့ တစ်နေ့လျှင် ဖရဲသခွားသီးတင်ကား ၂၀၀ နီးပါး ပုံမှန်ဝင်ရောက်ကာ အရောင်းအဝယ် ဖြစ်နေပြီး တစ်ခါတစ်ရံတွင် ဖရဲသီးတင်ကား အစီး ၅၀၀၊ ၆၀၀ ဝင်ရောက်ကာ အရောင်းအဝယ် ဖြစ်နေကြောင်း၊ ပြီးခဲ့တဲ့နှစ်က တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ တင်းသွင်းမည့် ဖရဲသီး တန်ချိန်ငါးသိန်းကျော် တင်ပို့ရပြီး ယခုနှစ်တွင် မနှစ်ကထက်ပိုကာ တန်ချိန်ခြောက်သိန်းအထက် ပို့ရမည်ဟု ခန့်မှန်းထားကြောင်း မူဆယ် ၁၀၅ မိုင်သစ်သီးကုန်စည်ဒိုင်မှ သစ်သီးကုန်သည်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent