စပိန်အသင်း၏နည်းပြဖြစ်သူ လူးဝစ်အင်းနရစ်က ဂျော်ဂျီယာအသင်းနှင့် ကစားခဲ့သည့် အဝေးကွင်းပွဲစဉ်တွင် မိမိတို့အသင်းနိုင်ပွဲရရှိခဲ့ သော်လည်း နှလုံးရောဂါရလုနီးပါးဖြစ် ခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။
စပိန်အသင်းသည် ဥရောပ၏ အသင်းငယ်လေးတစ်သင်းဖြစ်သည့် ဂျော်ဂျီယာအသင်းနှင့်ပွဲတွင် ဂိုးစအသွင်းခံခဲ့ရပြီးမှ ချေပဂိုး၊ အနိုင်ဂိုးများ ရရှိခဲ့ခြင်းဖြစ်ပြီး အနိုင်ဂိုးကိုလည်း နာကျင်အချိန်ပိုရောက်မှ ရရှိခဲ့ခြင်းဖြစ်သည်။

စပိန်ရုပ်သံတစ်ခုဖြစ်သည့် TVE နှင့် တွေ့ဆုံရာတွင် ''ကျွန်တော်ကတော့ နှလုံးရောဂါရလုနီးပါးပါပဲ။ ကျွန်တော်တို့ ယုံကြည်မှုအားနည်းခဲ့ပြီး ဒါကို ပထမပိုင်းခြေစွမ်းကိုကြည့်ရင် သိနိုင်ပါတယ်။ ခံစစ်ရဲ့ခပ်သေးသေးအမှားအယွင်းကနေ ဂိုးစပေးခဲ့ရပြီးနောက် ကျွန်တော်တို့က ဘောလုံးတွေ ပိုပေးနိုင်ဖို့၊ အခွင့်အရေးတွေ ပိုမိုဖန်တီးနိုင်ဖို့တွေကို ပစ်မှတ်ထားခဲ့ပါတယ်။ ဒါကြောင့် ဒုတိယပိုင်းမှာ ပုံစံကောင်းပြန်ပြနိုင်ခဲ့တာပါ''ဟု အင်း နရစ်က ပြောကြားခဲ့သည်။
ကမ္ဘာ့အဆင့် အလွန်ကွာခြားသည့်အသင်းတစ်သင်းကို ခက်ခက်ခဲခဲကစားရသည့်အတွက်ဝေဖန်ခံနေရခြင်းကိုလည်း အင်းနရစ်က ''နိုင်ပွဲနဲ့ မထိုက်တန်ဘူးလို့ ဝေဖန်မှုတွေရှိရင်လည်း ကျွန်တော် ဂရုမစိုက်ပါဘူး။ အသင်းတစ်သင်းက မိနစ် (၉၀)မှ
ဂိုးသွင်းနိုင်တယ်ဆိုရင် ဒါဟာ မိနစ်(၉၀) အထိ ကြိုးစားနေဆဲဆိုတဲ့အဓိပ္ပါယ်လည်းဖြစ်ပါတယ်''ဟု ဆိုခဲ့သည်။















