ရာသီကုန်တွင် တိုက်စစ်မှူး အဂွဲရိုး အသင်းမှထွက်ခွာတော့မည်ဟု မန်စီးတီး အတည်ပြု

ရာသီကုန်တွင် တိုက်စစ်မှူး အဂွဲရိုး အသင်းမှထွက်ခွာတော့မည်ဟု မန်စီးတီး အတည်ပြု
Published 30 March 2021

ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး အဂွဲရိုးသည် အသင်းမှထွက်ခွာတော့မည်ဟု မန်စီးတီးအသင်းက အတည်ပြုကြေညာခဲ့သည်။

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ အဂွဲရိုးသည် ၂၀၁၁ ခုနှစ်နွေရာသီတွင် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဖြင့် အက်သလက်တီကိုအသင်းမှ ရောက်ရှိလာသူဖြစ်ပြီး ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၅၇ ဂိုးသွင်းယူကာ အသင်း၏ဂိုးသွင်းအများဆုံးစံချိန် တင်ရှိထားသည်။

၎င်းသည် အသင်းနည်းပြ ဂွါဒီယိုလာ၊ အသင်းဘုတ်အဖွဲ့ဝင်များနှင့် မတ်လ (၂၉)ရက် မွန်းလွဲပိုင်းတွင် ဆွေးနွေးပြီးနောက် မန်စီးတီးအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဂွဲရိုးအနေဖြင့် ပရီးမီးယားလိဂ်သွင်းဂိုး ၁၈၁ ဂိုးဖြင့် အင်္ဂလန်ပြင်ပကစားသမားများထဲတွင် ဂိုးသွင်းအများဆုံး ဖြစ်နေပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင်မူ အလန်ရှီးမား(၂၆၀ ဂိုး)၊ ရွန်နီ(၂၀၈ ဂိုး)၊ အန်ဒီကိုးလ်(၁၈၇ ဂိုး)ပြီးနောက် စတုတ္ထအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

မန်စီးတီးအသင်းဥက္ကဋ္ဌ မူဘာရက်ခ်က အဂွဲရိုး၏ပုံတူရုပ်တုကို ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗားတို့နှင့်အတူ Etihad ကွင်းတွင် ထားရှိသွားမည်ဟု အတည်ပြုခဲ့သည်။

အဂွဲရိုးသည် မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား (၄)ကြိမ်၊ FAဖလား (၁)ကြိမ်၊ လိဂ်ဖလား(၅)ကြိမ်နှင့် ကွန်မြူနတီဒိုင်း(၃)ကြိမ် ဆွတ်ခူးရရှိထားပြီး ယခုရာသီတွင် ဖလား(၄)လုံးမျှော်လင့်ချက်လည်း ရှိနေသည်။

လက်ရှိအချိန်တွင် အဂွဲရိုးကိုခေါ်ယူရန် ဘာစီလိုနာအသင်းက ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

အဂွဲရိုးက ကစားသမားဘဝကုန်ဆုံးချိန်တွင် သူ၏ငယ်ဘဝကလပ် အင်ဒီပန်ဒီယန်တေတွင် ကစားလိုသည်ဟု ဝန်ခံထားမှုများ ရှိသော်လည်း အသက်အရွယ်အရ ဥရောပ၌သာ ဆက်လက်ကစားသွားဖွယ်ရှိသည်ဟု သတင်းများက သုံးသပ်ခဲ့သည်။

Most Read

Most Recent