ပြာသိုပွဲ (ခေါ်) အာနန္ဒာဘုရား ဗုဒ္ဓပူဇနိယပွဲတော်၏ လူအစည်ကားဆုံးရက်များတွင် ရာသီဥတုဖောက်ပြန်သည့်အတွက် နယ်လှည့်ဈေးသည်များ အရောင်းပါး

ပြာသိုပွဲ (ခေါ်) အာနန္ဒာဘုရား ဗုဒ္ဓပူဇနိယပွဲတော်၏ လူအစည်ကားဆုံးရက်များတွင် ရာသီဥတုဖောက်ပြန်သည့်အတွက် နယ်လှည့်ဈေးသည်များ အရောင်းပါး
Published 5 January 2018

အာနန္ဒာဘုရားပွဲဈေးအား တွေ့ရစဉ်

ပြာသိုပွဲ (ခေါ်) အာနန္ဒာဘုရားဗုဒ္ဓပူဇနိယပွဲတော် လူအစည်ကားဆုံးရက်များတွင် ရာသီဥတုဖောက်ပြန်ကာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့သည့်အတွက် ထိုရက်များတွင် နယ်လှည့်ဈေးသည်များ အရောင်းပါးခဲ့ကြောင်း သတင်းရရှိသည်။

“တကယ့်လူစည်မယ့်ရက်တွေမှာ မိုးကကျလိုက်တော့ ဈေးသည်တွေဈေးရောင်းပျက်တာပေါ့။ တချို့ဆိုင်တွေ မိုးရွာနေလို့ ပိတ်တောင်ထားရတယ်” ဟု ဒေသခံပွဲဈေးရောင်းသူတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၃၁ ရက် ပြာသိုပွဲတော် အဖိတ်နေ့မှစတင်၍ မိုးတိမ်များအုံ့ဆိုင်းကာ မိုးဖွဲများကျဆင်းခဲ့သည်မှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းအထိဖြစ်ပြီး အဆိုပါရက်များသည် အာနန္ဒာဘုရားပွဲတော်တွင် ရပ်နီးရပ်ဝေးဘုရားဖူး ခရီးသွားများဖြင့် အစည်ကားဆုံးရက်များဖြစ် ကြောင်း သိရသည်။

“ပွဲတော်ရက်ကတော့ ကျန်သေးတယ်။ ဒီပွဲက နောက်ဆွဲအားကောင်းတာဆိုတော့ မျှော်လင့်ချက်တော့ရှိပါတယ်။ အထူးသဖြင့် တောင်သူလုပ်ငန်းသုံးပစ္စည်းတွေနဲ့ စားသောက်ကုန်ပေါ့။ ပွဲတော်ရက်နောက်ပိုင်းမှ လာဝယ်တာများတယ်။ မြစ်ဟိုဘက်ကမ်းကလည်း နောက်ဆွဲရက်တွေ လာတာများတယ်” ဟု တောင်သူလုပ်ငန်းသုံးပစ္စည်းများ လာရောက်ရောင်းချသည့် နယ်လှည့်ဈေးသည်တစ်ဦး ပြောကြားသည်။

ဘုရားပွဲတော်တွင် လူသုံးကုန်ပစ္စည်း၊ တောင်သူလုပ်ငန်းခွင်သုံးပစ္စည်း၊ အဝတ်အထည်၊ ငါးပိငါးခြောက်နှင့် စားသောက်ကုန်၊ ကလေးကစားစရာပစ္စည်းများ၊ ရိုးရာအစားအသောက်များ၊ ပရိဘောဂများရောင်းချသည့်  ဆိုင်ခန်းပေါင်း နှစ်ထောင်နီးပါး လာရောက် ရောင်းချကြောင်း သိရသည်။ ပွဲတော်ရက်တွင် အနီးအနားကျေးရွာများမှ ရိုးရာအစဉ်အလာမပျက် လှည်းဝိုင်းများလာရောက်ကြခြင်း၊ လပြည့်နေ့နံနက်တွင် ဆွမ်းသပိတ်လုံးလောင်းလှူခြင်းများ အစဉ်အလာမပျက်ဆောင်ရွက် ကြသည့်အတွက် ဓာတ်ပုံပညာရှင်များ တကူးတက လာရောက်သည့် ပွဲတော်လည်းဖြစ်သည်။

Most Read

Most Recent