ကျန်ရှိနေသည့် မုတ္တမဘုရင့်ကျောက်မြို့ ရိုးဟောင်း၊ သိမ်ဟောင်းများကို ထိန်းသိမ်းမှုမရှိ၍ လူသိနည်း ပျောက်ကွယ်မှုအပေါ် ခရီးသွားလုပ်ငန်းအချို့ မြေယာစွန့်လွှတ်မှု ရှိလာ

ကျန်ရှိနေသည့် မုတ္တမဘုရင့်ကျောက်မြို့ ရိုးဟောင်း၊ သိမ်ဟောင်းများကို ထိန်းသိမ်းမှုမရှိ၍ လူသိနည်း ပျောက်ကွယ်မှုအပေါ် ခရီးသွားလုပ်ငန်းအချို့ မြေယာစွန့်လွှတ်မှု ရှိလာ
Published 5 January 2018

မုတ္တမကျောက်မြို့ ရိုးဟောင်းအား တွေ့ရစဉ်

ကျန်ရှိနေသေးသည့် မုတ္တမမြို့တော်၏ ကျောက်မြို့ရိုးဟောင်း၊ မြေသား၊ ကျောက်မြို့ရိုးဟောင်း၊ ကလျာဏီသိမ်ဟောင်းတို့သည် မိုးကောင်းသည့် မုတ္တမတောင်ပေါ်တွင် တည်ရှိရာ၊ အပင်များ စိုးမိုးအုပ်ဆိုင်းခြင်း၊ ဝန်းကျင်သန့်ရှင်းမှု ပြုလုပ်၍ နဂိုပုံရိပ်ပေါ်ရန် ထိန်းသိမ်းမှုမရှိခြင်း၊ တည်နေရာနှင့် နောက်ခံသမိုင်းကြောင်းတို့ကို အများစိတ်ဝင်စားမှုရှိစေရန် ကမ္ပည်းဆိုင်းဘုတ်ထူခြင်း မရှိသည့်အတွက် လွန်ခဲ့သော နှစ်နှစ်ခန့်က မုတ္တမတောင်ပေါ်မှ သံလွင်၊ ဒုံသမိ၊ အတ္တရံမြစ်ဆုံအပေါ် စီးရှုခင်း၊ တောင်၏ရှေ့၊ နောက် မုတ္တမပင်လယ်ကွေတို့၏ အမြင်သစ်များကြောင့်၊ ခရီးသွားလုပ်ငန်းကို စိတ်ပါဝင်စား ရင်းနှီးမြုပ်နှံလိုသည့် လုပ်ငန်းရှင်၊ ကိုယ်စားလှယ်များ၊ မြေယာပွဲစားများ၊ ဒေသန္တရဗသုတ လေ့လာကြသော ပြည်တွင်း၊ ပြည်ပခရီးသွားများ နေ့စဉ်လာရောက်ခဲ့သော်လည်း မွန်ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း အသိပေး လူသိများရန် ဖော်ဆောင်နိုင်မှု မရှိသည့်တွက် စိတ်ဝင်စားမှုနည်းပြီး ဧည့်သည် ဝင်ရောက်မှုမရှိသည့် အနေအထားရောက်ရှိကာ ခရီးသွားလုပ်ငန်းတွက် ရင်းနှီးမြှုပ်နှံထားသော မြေကွက်အချို့ကိုပင် စွန့်လွှတ်မှုများရှိကြောင်း ဒေသခံများမှ သိရှိရသည်။

“ခရီးသွားလုပ်ငန်းက မုတ္တမတောင်ပေါ်မှာ ဟိုတယ်ဆောက်ဖို့မြေ လေးဧကနီးပါးကို ရှေ့ဆက်လုပ်ဖို့ အခက်အခဲဖြစ်တာနဲ့ သာသနာ့ရိပ်သာအတွက် စွန့်လွှတ်ဖို့ တိုင်းထွာ လုပ်ဆောင်နေပါတယ်။ လာမည့် ၁၉ ရက်မှာ ရေစက်ချလှူဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မုတ္တမကို အရင် နှစ်၊ သုံးနှစ်လောက် လူတွေစိတ်မဝင်စားကြတော့ဘူး။ ခရီးသွား လုပ်ငန်းတွက် လူကြီးတွေအားပေးတာ မရှိသလို ယဉ်ကျေးမှုကိစ္စဖြစ်တဲ့ မြို့ဟောင်း၊ ကျုံးဟောင်း၊ မြို့ရိုးဟောင်း၊ ကလျာဏီသိမ်ဟောင်းတွေ၊ ဝါရီရူမင်း၊ သူ့အရင်မင်းတွေလက်ထက်ကဆိုတော့ မြို့တည် နန်းတည်သက်အနှစ် ၇၅၀ နီးရှိနေပါပြီ။ အဲဒါတွေကို အများသိအောင် မလုပ်နိုင်ဘူး။ တဖြည်းဖြည်း မှိန်လာပြီး ခရီးသွားလုပ်ငန်းအတွက် အားမထားနိုင်တဲ့ အခြေနေကို ရောက်လာလို့ပဲဆိုရမယ်” ဟု ဒေါက်တာသန်းဦး (ဥက္ကဋ္ဌ-မုတ္တမမြို့ဟောင်း၊ ယဉ်ကျေးမှုအမွေ ထိန်းသိမ်းရေးကော်မတီ) က ပြောကြားသည်။

ကိုအောင်မျိုးခိုင် (မုတ္တမအုပ်ချုပ်ရေးမှူးဟောင်း)က ပြောသည်မှာ “ဝါရီရူမင်းကြီး တည်ခဲ့တဲ့ မြို့ရိုးကြီးက မုတ္တမတောင်ပေါ်က သံလွင်မြစ်ထိတန်းဆင်းလာတယ်။ လမ်းဖြတ်ဖောက် အိမ်တွေဆောက် တဖြည်းဖြည်း ပျောက်မလိုဖြစ်နေပြီ။ ဒီရဲ့သမိုင်းကြောင်း အကျဉ်းကို ဆိုင်းဘုတ်တင်ပြီးမထားတော့ ဘာတောင်ကုန်းမှန်းတောင် မသိသလို ဖြစ်နေကြပြီ။ မုတ္တမတောင်ပေါ်က မွန်သမိုင်းဝင် ၁၆ ဌာန၊ ဘုရား၊ စေတီတွေကို ၂၀၁၄ ခုနှစ်လောက်က မွန်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာ သုံးမျိုးနဲ့ ကမ္ပည်းစိုက်ခဲ့ပါတယ်။ မြို့ရိုး၊ သိမ်တို့မပါဘူး” ဟု ပြောကြားသည်။

မုတ္တမမြို့ဟောင်းသည် သုံးခုရှိကာ သထုံပျက်ပြီး ပထမမုတ္တမကို ဓညဝတီ၊ ၎င်းနေရာတွင် ဓုံမူးတမော့ ဒုတိယမုတ္တမမြို့ကို ထပ်တည်ကြောင်း၊ ဓညဝတီမြို့ဟောင်းနေရာသည် ယခုမုတ္တမတောင်ရှိ ဘီးလူးတစ်ရာ ဘုရားအနီး၊ တောင်ပေါ်တွင် ၃၈ မိုင်ခန့် အဝန်းဝိုင်းရှိသည့် ကျောက်တုံးမြို့ရိုးကြီး ယခုတိုင်တည်ရှိကြောင်း၊ မြေကြီးသမိုင်းတန်ဖိုးကို ဖန်တီးလို့ မရသည့်တွက် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ နှစ်ကြာသည်နှင့်အမျှ ထိန်းသိမ်းမှုမရှိပါက မေ့ပျောက်သည်မှာ သဘာဝကျကြောင်း၊ ယင်းကို ပြန်လည်ဖော်ထုတ်ကာ မုတ္တမပင်လယ်ကွေ့ရမ်ဆာဆိုက်နှင့် တိုရစ်ဇင်ဆိုက်ကိုပါ ဖော်ဆောင်ရန်ရည်ရွယ်သင့်ကြောင်း၊ သမိုင်းသုတေသီတစ်ဦးက ပြောကြားသည်။

Most Read

Most Recent