ဆိပ်ကမ်း၊ အထူးကင်း၊ စစ်ဆေးရေးစခန်းများနှင့် အကောက်ခွန်နယ်မြေများမှ ကျပ်သုံးဘီလျံနီးပါးတန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိ

ဆိပ်ကမ်း၊ အထူးကင်း၊ စစ်ဆေးရေးစခန်းများနှင့် အကောက်ခွန်နယ်မြေများမှ ကျပ်သုံးဘီလျံနီးပါးတန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိ
Published 5 January 2018

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း လေဆိပ်၊ ဆိပ်ကမ်း၊ အထူးကင်း၊ စစ်ဆေးရေး စခန်းများနှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့မှ ကျပ်သုံးဘီလျံနီးပါးတန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းနှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့တွင် တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/ တင်ပို့သော ကုန်ပစ္စည်းများကို ရှာဖွေစစ်ဆေးခဲ့ရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ခန့်မှန်းတန်ဖိုး ကျပ် ၂၈၂၄ ဒသမ ၇၀၄ သန်းခန့်ရှိ အကောက်ခွန်မဲ့ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး တားဆီး၊ ဖမ်းဆီးမှု ၃၈၈ မှုရှိကြောင်း အကောက်ခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ခန့်မှန်းတန်ဖိုး ကျပ် ၄၈၁၇ ဒသမ ၂၇၈ သန်းခန့်ရှိ အကောက်ခွန်မဲ့ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး တားဆီး၊ ဖမ်းဆီးမှု ၄၅၆ မှုရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင်လည်း ခန့်မှန်းတန်ဖိုး ကျပ် ၃၂၁၆ ဒသမ ၀၈၅ သန်းခန့်ရှိ အကောက်ခွန်မဲ့ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ခြောက်လတာကာလအတွင်း အကောက်ခွန်မဲ့ပစ္စည်း တားဆီးမှု စုစုပေါင်း ၂၀၈၄ မှုရှိပြီး ခန့်မှန်းတန်ဖိုးကျပ် ၁၅၉၃၀ ဒသမ ၉၀၂ သန်းရှိ အကောက်ခွန်မဲ့ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တရားမဝင်ကုန်စည်များ သယ်ဆောင် ရောင်းဝယ်မှုကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ နှစ်ပေါင်းများစွာ ကြီးမားသောပမာဏဖြင့် နစ်နာ ဆုံးရှုံးလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားသည်။

Most Read

Most Recent