ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့သူများကို စိစစ်လက်ခံပြီး မောင်တောမြို့နယ်မြောက်ပိုင်း မြို့မိချောင်း၊ ကျွန်းပေါက်ပြုစု၊ လင်္ဘာဂုံးနားနှင့် ပွင့်ဖြူချောင်းကျေးရွာတို့တွင် ပြန်လည်နေရာချထားရန် လျာထား

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့သူများကို စိစစ်လက်ခံပြီး မောင်တောမြို့နယ်မြောက်ပိုင်း မြို့မိချောင်း၊ ကျွန်းပေါက်ပြုစု၊ လင်္ဘာဂုံးနားနှင့် ပွင့်ဖြူချောင်းကျေးရွာတို့တွင် ပြန်လည်နေရာချထားရန် လျာထား
Published 4 January 2018

တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ယာယီနေထိုင်ရန် ကြားစခန်းဖြစ်သော လှဖိုးခေါင်ကျေးရွာမြေနေရာကို တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့သူများကို စိစစ်လက်ခံပြီး မောင်တောမြို့နယ်မြောက်ပိုင်း မြို့မိချောင်း၊ ကျွန်းပေါက်ပြုစု၊ လင်္ဘာဂုံးနားနှင့် ပွင့်ဖြူချောင်းကျေးရွာတို့တွင် ပြန်လည်နေရာချထားရန် လျာထားကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့သူများကို စိစစ်လက်ခံပြီး ပြန်လည်နေရာချထားပေးမည့် လျာထားမြေနေရာများဖြစ်သော မြို့မိချောင်း၊ ကျွန်းပေါက်ပြုစု၊ လင်္ဘာဂုံးနားနှင့် ပွင့်ဖြူချောင်းကျေးရွာတို့ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်တို့နှင့်အတူ ဇန်နဝါရီ ၂ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများအတွက် မူလနေထိုင်ရာ နေရာ (သို့မဟုတ်) အနီးစပ်ဆုံးနေရာတို့တွင် စနစ်တကျစုစည်း၍ မူလအလုပ်အကိုင် (သို့မဟုတ်) ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်မည့် အခြေအနေများ ဖန်တီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ယာယီနေထိုင်ရန် ကြားစခန်းဖြစ်သော လှဖိုးခေါင်ကျေးရွာနေရာပြ မြေပုံကိုတွေ့ရစဉ်

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံသဘောတူစာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်သွားသူများကိုစိစစ်၍ ပြန်လည်လက်ခံရေး၊ နေရာချထားရေးလုပ်ငန်းစဉ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်မှ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်လက်ခံရာတွင် ဟိန္ဒူဘာသာဝင် ငါးရာကျော်အား ပထမဦးဆုံးလက်ခံရန်ဖြစ်ကြောင်းနှင့် ကုန်းလမ်းမှတစ်ဆင့် ဝင်ရောက်လာသူများကိုလက်ခံမည့် တောင်ပြိုလက်ဝဲရှိ လက်ခံရေး၊ စစ်ဆေးရေးစခန်းများကို ဇန်နဝါရီလထဲတွင်လည်းကောင်း၊ ရေလမ်းမှဝင်ရောက်လာမည့်သူများအား လက်ခံရေးဆောင်ရွက်မည့် ငါးခူရစခန်းကို ဖေဖော်ဝါရီလအတွင်းလည်းကောင်း အပြီးသတ်တည်ဆောက်ရန် ညွှန်ကြားထားသည်။

ထို့ပြင် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားသူများ ပြန်လည်ဝင်ရောက်လာသည့်အခါ ယာယီနေထိုင်ရန် ကြားစခန်းကို လှဖိုးခေါင်ကျေးရွာရှိ သတ်မှတ်မြေနေရာတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

တစ်ဖက်နိုင်ငံမှ ကုန်းလမ်းမှ ပြန်ဝင်လာသူများအား စိစစ်လက်ခံမည့် တောင်ပြိုလက်ဝဲမြို့နှင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားပြီးနောက် ရေလမ်းခရီးမှ ပြန်လည်ဝင်ရောက်လာသူများကို စိစစ်လက်ခံမည့် ငါးခူရကျေးရွာတို့တွင် လက်ခံရေးစခန်း၊ လူနေအဆောက်အအုံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်ရန်အတွက် အဆောက်အအုံများ ဆောက်လုပ်နေပြီဖြစ်သည်။

Most Read

Most Recent