နေဝင်ဆည်းဆာ ရောက်မလာမီ

နေဝင်ဆည်းဆာ ရောက်မလာမီ
Photo: insight guides
Photo: insight guides
Published 26 February 2021
ကြူးနှစ်

“မြန်မာမှန်လျှင် ပုဂံသို့ရောက်ဖူးသင့်သည်”ဟု ကျွန်တော့်ကို ပြောလာသူရှိလျှင် ကျွန်တော်က ရိုးသားစွာ ပခုံးတွန့်ပြပြီး အရုပ်မဆိုးရုံကလေး အသာအယာ ခေါင်းခါပြလိုက်ပါသည်။ ပုဂံသို့ အလည်အပတ်သွားခွင့် ကြိမ်ဖန်များစွာ ကြုံဖူးသည်။ ခေါ်ငင်သူများကို အကြောင်းတစ်ခုခုပြပြီး ငြင်းလိုက်သည်ချည်း ဖြစ်သည်။ ပုဂံက ကျွန်တော့်ကို မညှိို့ငင်၊ မဖြားယောင်းနိုင်ပါ။ ပုဂံ၌ ကျွန်တော့်စိတ်ဘဝင်ကို လှုပ်ခါဖမ်းညှစ်နိုင်မည့်အရာ ရှိမည်ဟု မထင်ပါ။ စာထဲကဗျာထဲတွင် ပုဂံကို ကျွန်တော် ဖတ်ရှုဖူးသည်။ ရုပ်ရှင်အချို့၏ ပြကွက်များထဲမှာ ပုဂံကိုမြင်ရသည်။ ကျွန်တော့်ရှေ့မှာ ပုဂံဗူးဘုရားဆိပ်ကမ်းရှုခင်းပါသည့် စားပွဲတင်ပြက္ခဒိန်ကလေးတစ်ခု ထောင်ထားသည်။ ပုဂံကိုတူးဖော်ဖို့ ကျွန်တော့်မှာ စိတ်ကူးမရှိခဲ့ပါ။ “မျိုးချစ်သွေးရည် ကျဲပါးသူ၊ ဘာသာသာသနာ ထက်သန်မှု လျော့နည်းသူ”ဟု စွပ်စွဲလာလျှင်လည်း ကျွန်တော်က ပခုံးတွန့်ပြလိုက်ရုံမျှသာ။

အေဒီ ၁၀၁၇ ခုနှစ် အနော်ရထာမင်းနန်းတက်စိုးစံခြင်း မပြုမီကာလအထိ ပုဂံသည် မင်းပြောင်းမင်းလွဲ အလွန်များသော မြို့ပြနိုင်ငံ City State အဆင့်သို့ မရောက်တတ်သေးသော တောမြို့ကြီးတစ်မြို့သာသာမျှ ဖြစ်မည်ဟု ကျွန်တော် မှန်းဆကြည့်သည်။ ဘုရားတရားမရှိ။ နတ်၊ နဂါး စသော ဗြောက်သောက်ကိုးကွယ်မှုများသာ ရှိသည်။ “ရေငုပ်မီးလှုံ၊ တုံးခုန်ဇယ်ခတ်၊ စားချင်ရင် မခက်ခဲ ကြက်ဘဲကိုသတ်” ဟု တလွဲသြဝါဒများ ပေးကြသည့် ရဟန်းတု၊ ရဟန်းယောင် ဒုစရိုက်အဖွဲ့အစည်းသာ ရှိခဲ့သည်။ အုပ်စိုးသူမင်းကလည်း စာမတတ်ပေမတတ် ထင်ရာစိုင်းတတ်ကြသည့် သက်ဦးဆံပိုင်များသာ ဖြစ်ခဲ့ကြရသည်။

ထိုကာလတုန်းက “ပေါက္ကာရာမ” ဟု ခေါ်သော ပုဂံသည် “ကျွဲခြေရာခွက်ကို ကမ္ဘာထင်သော ဖားသူငယ်” ကဲ့သို့ ကုပ်ကုပ်ရို့ရို့သာရှိခဲ့ရာ အသိပညာ၊ အတတ်ပညာ ချို့တဲ့မည်။ ယဉ်ကျေးမှုနိမ့်ကျမည်ကို သံသယရှိစရာမလိုပါ။ သွားလေသူ ကဗျာဆရာကြီး “ဇော်ဂျီ” ရေးဖွဲ့ခဲ့သော “ရှေးခေတ်ပုဂံပြည်” သည် အနော်ရထာမင်းပေါ်ထွန်း အင်ပါယာထူထောင်ပြီးချိန်ကို ရော်ရည်တမ်း၍ မှန်းဆရေးဖွဲ့၊ စိတ်ကူးကွန့်မြူးကြည့်သည့် စိတ်ကူးယဉ်ကဗျာသာ ဖြစ်နိုင်ပါသည်။ သို့သော် ကျွန်တော်တို့မှာ အနာကြီးရောဂါသည်၏ သားသည် မိမိ၏ဖခင်အနူအရွဲကြီးကို အဖေခေါ်ရမည်ဖြစ်သကဲ့သို့ ခေတ်ဦးပုဂံကိုသာ ရွှေဘုံရွှေနန်းအဖြစ်၊ ခေတ်ဦးပုဂံယဉ်ကျေးမှုကိုသာ မိမိတို့၏ အစအဦးယဉ်ကျေးမှုအဖြစ် သူ့ဘာသာသူ လူဘယ်လောက်သတ်သတ် သာသနာ့ဒါယကာ မင်းကောင်းမင်းမြတ်များအဖြစ် မှတ်သားယုံကြည်ကြရမှာဖြစ်သည်။ ယခုဆိုလျှင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့ကြီး (ယူနက်စကို) ကပင်လျှင် ပုဂံမြို့ဟောင်းဒေသကို “သမိုင်းဝင်”အဖြစ် သတ်မှတ်ပြီးခဲ့ပြီ မဟုတ်လော။

“လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း” ဟူ၍ သချင်္ာသင်္ကေတဖြင့် အမှတ်အသားလုပ်ထားရသည်အထိ ပုဂံမြေတွင် များလှစွာသော စေတီ၊ ပုထိုး၊ ဂူဘုရားကျောင်းများရှိခဲ့ကြသည်။ သချင်္ာသင်္ကေတကို ဂဏန်းဖော်လိုက်လျှင် မယုံနိုင်လောက်စရာ စေတီ၊ ပုထိုး၊ ဘုရားဂူကျောင်းပေါင်း လေးသန်း လေးသိန်းလေးသောင်း ခြောက်ထောင့်ခုနစ်ရာ သုံးဆယ့်သုံးဆူ (၄၄၄၆၇၃၃) ဖြစ်သည်။ ရှေးပုဂံနေပြည်တော်ဧရိယာ၏ အတွင်းအပြင် နေရာအနှံ့မှာ ပုံစံအမျိုးမျိုးဖြင့် စေတီ၊ ပုထိုးများ ပြည့်နှက်နေကြပုံကို မြင်ယောင်ကြည့်နိုင်သည်။

ပါးစပ်ရာဇဝင်အရသော် ရှေးခေတ်ပုဂံမှာ ဆင်းရဲသောမုဆိုးမတစ်ယောက်ပင်လျှင် ဘုရားတည်၍ စေတီဒါယိကာအဖြစ် ခံယူနိုင်သည်ဟုဆိုသည်။ ပုဂံမှစတင်ခဲ့သော ဘုရားစေတီတည်ဆောက် ကိုးကွယ်လှူဒါန်းခြင်းဓလေ့သည် ဗုဒ္ဓဘာသာသက်ဝင်ရာ မြန်မာနိုင်ငံအနှံ့အပြားသို့ ရောက်ရှိသွားသည်။ ယနေ့ထက်ထိ ဘုရားတည်ခြင်းအလှူဓလေ့မှာ ဖွံ့ဖြိုးဆဲရှိကြောင်း တွေ့နိုင်သည်။ အနောက်နိုင်ငံသားအချို့က မြန်မာနိုင်ငံကို ‘ဘုရားစေတီ ပေါများရာနိုင်ငံ’ Land of Pagodas ဟုပင် ကင်ပွန်းတပ်ကြသည်။ ယခုခေတ်တွင် ရွှေသင်္ကန်းကပ်လှူထားသည့် ဘုရားစေတီပေါများခြင်းကို အစွဲပြု၍ မြန်မာနိုင်ငံကို ‘ရွှေနိုင်ငံ’ The Golden Land ဟု ကြော်ငြာကြသည်။ ကျွန်တော့်စိတ်ထင် မြန်မာနိုင်ငံကဲ့သို့ ယုံကြည်ကိုးကွယ်ခြင်းဆိုင်ရာ စေတီပုထိုးများ ကြွယ်ဝများပြားသည့်နိုင်ငံမျိုး ဘယ်မှာမျှ ရှိနိုင်လိမ့်မည်ဟု မထင်ပါ။ တစ်နည်းဆိုရလျှင် မြန်မာနိုင်ငံသည် ဗုဒ္ဓဂေါတမဘုရားရှင်ပွင့်တော်မူရာ ဒေသမဟုတ်သည့်တိုင် ကမ္ဘာပေါ်မှာ ဗုဒ္ဓသာသနိကအဆောက်အအုံများ (အသစ်ရော အဟောင်းပါ)  အပေါများဆုံးနိုင်ငံ ဖြစ်နေပါသည်။

ကမ္ဘာလှည့်ခရီးသည်နိုင်ငံခြားသားများ အလည်လာကြလျှင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဆင်းတုတော်ကြီးတို့မှာ မသွားမဖြစ် မရောက်မဖြစ်  နေရာထူးများဖြစ်ကြသည်။ တည်နေရာဆန်းပြားသည့် ပုံသဏ္ဌာန်ထူးခြားသော ကျိုက်ထီးရိုးစေတီရှိရာသို့လည်း ကမ္ဘာလှည့်ခရီးသည် အများအပြား သွားလေ့ရှိကြသည်။ အရေအတွက် နည်းပါးသော်လည်း မြန်မာနိုင်ငံရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်အဖွဲ့အစည်းသည် ကျစ်လျစ်ခိုင်မာလျက်ရှိသည်။

ကမ္ဘာလှည့်ခရီးသည် နိုင်ငံခြားသားများ၏ အဓိကဖြစ်သော ‘ခရီးသွားပစ်မှတ်’ မှာ ပုဂံသမိုင်းဝင် ဒေသနယ်မြေဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က စ၍ ဖွံ့ဖြိုးစည်ပင်ခဲ့သော သာသနိကအဆောက်အအုံ ပေါများသောပုဂံကို ထိုသူများအထူးစိတ်ဝင်စားကြဟန် ရှိသည်။ ခရီးသွားများထဲတွင် သမိုင်းကိုစိတ်ဝင်စားသော အင်္ဂလိပ်လူမျိုး အချို့ပါလာခဲ့လျှင် သူတို့က ပုဂံမြို့ကို ဘယ်ညာလမ်းလျှောက်ကြည့်ရှု အကဲခတ်ကြပြီးနောက် ပုဂံနေပြည်တော်စည်ကားနေချိန်မှာ သူတို့ဆီ၌လည်း ဘုန်းတန်ခိုးကြီးမားသော ‘အောင်နိုင်သူဝီလျံ’ William the Conqueror (၁၀၂၇-၈၇) ဘုရင် ဘုန်းမီးနေလ တောက်ပနေခဲ့သည်ဖြစ်ကြောင်း တွေးကောင်းတွေးမိကြပေမည်။ မြန်မာဘုရင် အနော်ရထာက အင်္ဂလိပ်ဘုရင် ဝီလျံထက် ဆယ်နှစ်စော၍ နန်းတက်စိုးစံခဲ့သည့်အချက်ကိုတော့ အင်္ဂလိပ်များ သိနိုင်မည်မဟုတ်။ အနော်ရထာသည်လည်း ဝီလျံကဲ့သို့  ‘အောင်နိုင်သူ’ ဘွဲ့ခံနိုင်ကြောင်း ပြောပြလျှင် ထိုတစ်ပြည်သားများ အိုးတိုးအတနှင့် မှင်သက်မိသွားနိုင်သေးသည်။

အကယ်၍ ခရီးသွားအင်္ဂလိပ်များက သူတို့၏ ဘုရင်ကြီး ‘အောင်နိုင်သူ ဝီလျံ’ သည် နိုင်ငံကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် စုစည်းတည်ဆောက်နိုင်သူဖြစ်ရုံသာမက ဗိသုကာအတတ်ပညာကို ကြီးကျယ်ခမ်းနား အောင်မြှင့်တင်ပေးခဲ့သူဖြစ်ကြောင်း၊ အကွဲကွဲအပြားပြားဖြစ်နေကြသည့် ‘နော်မန်ပြင်သစ်’ဘာသာစကား ‘အင်္ဂလိုသက္ကဇွန်’ ဘာသာစကားများကို တစ်ခုတည်းသော အလယ်ခေတ်သုံး အင်္ဂလိပ်ဘာသာစကားအဖြစ် စုစည်းပေးနိုင်ခဲ့သူဖြစ်ကြောင်း ကြွားလုံးထုတ်ခဲ့လျှင် မြန်မာတစ်ဦးက အနော်ရထာမင်းဘက်မှ မည်သို့ချေပထိုးနှက်တိုက်ခိုက်မည်နည်း။

အနော်ရထာမင်းဘက်မှ ချေပထိုးနှက်နိုင်စရာ လက်နက်ကောင်းများစွာ ရှိကြပါသည်။ အနော်ရထာမင်းသည် ပထမမြန်မာနိုင်ငံတော်ကို လက်ဦးမဆွ ထူထောင်ခဲ့ကြောင်း ဗုဒ္ဓဘာသာအုတ်မြစ်ကို မြန်မာနိုင်ငံ၌ အစောဆုံးချမြှုပ် တည်ထားသူဖြစ်ကြောင်း အနော်ရထာမင်း၏ နိုင်ငံတော်သည် သူထီးနန်းမရမီကထက် ပို၍ကြီးမားလာကြောင်း ယခုတွေ့မြင်နေရသော ပုဂံဘုရားပုထိုးတို့သည် အနော်ရထာမင်းလက်ထက်မှအစပြု ကိုးကွယ်တည်ဆောက်ခဲ့ကြောင်းတို့ကို ပြောပြခြင်းဖြင့် ဇာတိပုညဂုဏ်မာနာကို ထုတ်ပြဂုဏ်ယူနိုင်ပါသည်။ တစ်ဖန် ထိုသူကို အင်္ဂလိပ်ဘုရင်ကြီး အောင်နိုင်သူ ဝီလျံသည် အလယ်ခေတ် အင်္ဂလိပ်စာပေါ်ထွန်းလာအောင် စီမံဖော်ထုတ်ပေးသကဲ့သို့ အနော်ရထာမင်း လက်ထက်တွင် ပုဂံ၌ မွန်၊ ပါဠိ၊ သက္ကတ၊ မြန်မာစသော ဘာသာစကားမျိုးစုံ ရှိနေခဲ့ပြီဖြစ်ကြောင်း တုံ့ပြန်နိုင်သည်။

ဤမျှဖြင့် မကျေနပ်သေးလျှင် ရှေးတစ်ချိန်က အင်္ဂလိပ်တို့ ကမ္ဘာကိုလွှမ်းမိုးနိုင်ခြင်းမှာ လက်နက်အားကိုးအကြမ်းဖက်သည့် နယ်ချဲ့ဝါဒနှင့် စက်မှုတော်လှန်ရေးတို့ကြောင့်သာ ဖြစ်ကြောင်း မြန်မာတို့၏ ဘာသာရေးကိုးကွယ်မှုနှင့် ယဉ်ကျေးမှုဓလေ့တို့သည် ငြိမ်းချမ်းရေးသို့သာ စိုက်စိုက်မတ်မတ် ဦးတည်ကြောင်း မြန်မာတို့ကိုးကွယ်ဆည်းကပ်မှုမှ ဗုဒ္ဓအဘိဓမ္မာတရားတော်သည် ယှဉ်ဘက်မရှိနိုင်သည့် အမြင့်မြတ်ဆုံးကျင့်စဉ်အခြေပြု လောကအမြင်ဖြစ်ကြောင်း ဂုဏ်တင်ပြောကြားနိုင်သည်။

ကျွန်တော်သည် ယခုအသက် ၇၀ အရွယ်ထိ ပုဂံမြို့ဟောင်းဒေသဆီသို့ မသွားသည်မှာ မမြဲသောသဘော သင်္ခါရတရားကို လက်ခံယုံကြည်ထားသောကြောင့်လည်း ဖြစ်သည်။ ပုဂံက စေတီပုထိုးများ အိုမင်းသည်ကို မဆိုထားနှင့် ကျွန်တော်ပင်လျှင် အိုမင်းနေခဲ့ပြီမဟုတ်ပါလော။

ကျွန်တော်၏ ဉာဏ်မီသလောက် အမြင်အတွေးများကို ထုတ်ဆန့်မျှော်ခေါ်ကြည့်ရာတွင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးများနှင့် အဆက်အစပ်မရှိလှသော အလွန်ဝေးလံသည့်ဒေသများသို့လည်း ဝဲလွင့်ရောက်ရှိသွားခဲ့ဖူးပါသည်။ အာဖရိကမြောက်ပိုင်း သဲကန္တာရထဲမှာ ထီးထီးကြီးငြိမ်ဝပ်နေသော ဧရာမမည်းကြုတ်ကြုတ် ပိရမစ်ကြီးတစ်လုံးကို တွေ့ရပါ သည်။

ပိရမစ် Pyramid ဆိုသည်မှာ စင်စစ်သော်ကား သချုႋင်းဂူအကြီးစားသာဖြစ်သည်။ ဂူအတွင်းပိုင်းတွင် အီဂျစ်ဖာရိုဘုရင်တစ်ပါးပါး၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို မပျက်မသိုးအောင် ဆေးဝါးစီရင်၍ သက်ရှိဘုရင်နှင့်မခြား ဝတ်စားဆင်မြန်း အဆောင်အယောင်စီမံ၍ ထားရှိသည်။ အလောင်းကို မပုပ်မသိုးအောင်စီရင်ရာတွင် ဆေးသိပ္ပံအတတ် ထိပ်တန်းရောက်ခဲ့ကြသော အီဂျစ်ဆေးပညာရှင်များအတွက် ခက်ခဲဖွယ်ရှိပုံမရ။ ထို့အတူ သချင်္ာအတတ်၊ အင်ဂျင်နီယာအတတ်တို့တွင် အီဂျစ်သားများ ကျွမ်းကျင်လိမ္မာခဲ့ပုံကို ပိရမစ်တည်ဆောက်မှုအတတ်ပညာမှာ တွေ့ရပါသည်။ ပြောရလျှင် ဂုဏ်သရေရှိသူတို့အတွက် သချုႋင်းဂူတည်ဆောက်ရာတွင် အီဂျစ်သားတို့၏ ပိရမစ်များလောက် မည်သူမျှ မည်သည့်နေရာမှာမျှ မခမ်းနားမကြီးကျယ်နိုင်ခဲ့ကြပါ။ ဖာရိုဘုရင်၏အလောင်းတော်သည် ပိရမစ်အတွင်း မြေအောက် ပေ ၈၀ အနက်မှာ စံမြန်းတော်မူပါသည်။ အီဂျစ်တို့က သူတို့၏ဘုရင်သည် အသက်သေသွားသော်လည်း နတ်ဘုရား God ဘဝဖြင့် စံစားနေဆဲဟု ယုံကြည်ထားကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က တည်ဆောက် ထားခဲ့ကြသော ပိရမစ်များထဲမှ ယနေ့ခေတ်အထိ ပိရမစ်ဦးရေ ၈၀ ကျန်ရစ်ခဲ့ကြသေးသည်။ အီဂျစ်သားတို့ တည်ဆောက်ခဲ့ကြသော ပိရမစ်ဦးရေ မည်မျှရှိမှန်း မသိရပါ။

ကျွန်တော်တို့ အခြားတစ်ဖက်မှကြည့်မြင် တွေးကြည့်ကြပါဦးမည်။ (ပိရမစ်ကိုကြည့်လျှင် သုံးမြှောင့်ပုံ မျက်နှာသုံးဘက်သာ တွေ့ရလိမ့်မည်။ တကယ်က မျက်နှာလေးဘက် ရှိပါသည်။ အကြီးဆုံး ပိရမစ်ဟုဆိုသော သချႋုင်းဂူကြီး၏ အောက်ခြေအနားတစ်ဘက်သည် မီတာ ၃၀၀ ကျော်ရှိသည်ဟုဆိုလျှင် ပိရမစ်၏ အထွတ်အထိအမြင့်က အောက်ခြေအနားထက် ပိုမိုရှည်လျားသည်ဆိုလျှင် ပမာဏကို မြင်ယောင်ကြည့်၍ရပါပြီ။ ပိရမစ်အတွင်းပိုင်းနံရံတွင် စာကြောင်းစာတန်းများ ရေးခြစ်ထွင်းထုထားကြသည်။ အလောင်းကောင်ဘဝရောက်နေသော ဖာရို၏ အသုံးအဆောင်ပစ္စည်းအစုံအလင်သာမကဘဲ တာရှည်ခံအစာအဟာရနှင့် အဖျော်ယမကာများပင် စီမံထားရှိပေးသည်ဟု ဆိုသည်) အခြား တစ်ဖက်က ကြည့်လျှင် ပိရမစ်တစ်လုံးအတွက် ရင်းနှီးပေးဆပ်ရသော လုပ်အားရှင် ကျေးကျွန်များ၊ ဆောက်လုပ်ရေးလုပ်သားများ၊ ကြီးကြပ်ရသော လက်နက်ကိုင်များ၏ ချွေး၊ သွေး ထုထည်အတိုင်းအဆမှာ ကြောက်ခမန်းလိလိ ဖြစ်ရပေလိမ့်မည်။ အီဂျစ်ဘုရင်ဖာရိုတို့ “အဆာကျယ်သွေးကြီး” ကြပုံမျိုး မည်သည့် ဧကရာဇ်များ၊ မည်သည့်အာဏာရှင်များဆီမှာမျှ မတွေ့ခဲ့ရဖူးပါ။ ကျွန်တော်တို့၏ ပုဂံဘုရင် နရသီဟပတေ့ ဟင်းခွက် ၃၀၀ ပြည့်မှ ပွဲတော်တည်သည်ဟု ဆိုခြင်းမှာ အီဂျစ်ဖာရိုတို့နှင့် နှိုှုင်းစာလျှင် ကလေးကစားသလို ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။

ရှေးခေတ်ဟောင်း ဖာရိုဘုရင်များဘက်က စဉ်းစားကြည့်လျှင်တော့  နတ်ဘုရားအသွင်ကူးပြောင်းမည့်အရေး နှစ်ရာထောင်ချီတည်တံ့မည့် ပိရမစ်အတွင်း လဲလျောင်းနေရမည့်အရေးတို့က သူတို့ခမျာများ နောက်ဆံမတင်းဘဲ အသေဖြောင့်နိုင်ခဲ့ကြပါလိမ့်မည်။

ယနေ့ခေတ် ပုဂံရှေးဟောင်းနယ်မြေမှ အချို့သောဂူဘုရားတို့၏ ပစ္စယံအမြင့်သို့တက်ကာ နိုင်ငံခြားသားခရီးသွားများက နေဝင်ဆည်းဆာရှုခင်းကို ရှုစားကြသည်။ ထိုအပြုအမူမှာ မြန်မာ့ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် မအပ်စပ်၍ တားမြစ်ပိတ်ပင်ရသည်ဟူသော သတင်းမျိုးကိုလည်း လွန်ခဲ့သောနှစ်များက ကြားခဲ့ရသည်။ အီဂျစ်သဲကန္တာရထဲမှာလည်း ငုတ်တုတ်ထိုင်နေကြသော တစ္ဆေကြီးနှင့် တူလှသော ပိရမစ်များကို ငေးမောရှုစားကြသည့် ကမ္ဘာလှည့်ခရီးသွားများ ရှိနေကြလိမ့်မည်။ ထိုနေရာ ထိုဒေသ ထိုအဆောက်အအုံတို့သည် ဆည်းဆာကွယ်ပျောက် အလင်းရောက်လာလျှင် သူတို့၏ နောက်ခံအတိတ် မြူခိုးမှောင်မှောင်ထဲသို့ နွမ်းလျစွာဖြင့် တအိအိတိုးဝင်နစ်မြုပ်သွားကြမည်ပင် ဖြစ်သည်။

ကျွန်တော် ကွယ်လွန်သည့်အခါ ကျွန်တော့်၏ သက်မဲ့ခန္ဓာက မြေအောက်အမှောင်ထဲသို့ တိုးဝင်သွားပုံမျိုးသာဟု မြင်ယောင်မိပါသည်။

Most Read

Most Recent