အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆားလုပ်ကွက်များအားလုံး ပျက်စီးဆုံးရှုံး

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆားလုပ်ကွက်များအားလုံး ပျက်စီးဆုံးရှုံး
Published 4 January 2018

ရခိုင်ပြည်နယ်တွင် နေလှန်းဆားလုပ်ငန်းများကို ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်များတွင် အများဆုံးလုပ်ကိုင်ကြပြီး ဒီဇင်ဘာ ၃၁ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆားကွင်းအတွင်းရှိ ဆားရေများမှာ မိုးရေဖြစ်သွားပြီး ဆားလုပ်ကွက်များအားလုံး ပျက်စီးဆုံးရှုံးသွားကြောင်း ဆားတောင်သူများထံမှ သိရသည်။

အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆားထွက်လုနီပါးဖြစ်နေသည့် နေလှန်းဆားကွင်းများအတွင်း မိုးရေများဖြစ်သွားသဖြင့် တင်ကျန်နေသည့် မိုးရေများအား ဖောက်ထုတ်နေကြရပြီး ယခုနှစ်ဆားဥရေ ဆားမျိုးစေ့ ပျက်သုန်းသွားခဲ့ပြီးဖြစ်ရာ ဆားတောင်သူများအနေဖြင့် များစွာဆုံးရှုံးခဲ့ရပြီး ဆားရေများ ဆက်လက်နေလှန်းနိုင်ရန်အတွက် ဆားငံရေသွင်းပြီး အချိန်ယူစောင့်ဆိုင်းရမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ဂန့်ဂါကျွန်းရှိ တက်နေဝန်းဆားတောင်သူများအသင်းမှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“လုပ်သားအင်းအားတွေနဲ့ ကွင်းကိုအသစ်က ပြန်စရဖို့ဖြစ်နေပြီ။ ကွင်းကိုပြန်ဖော်ရမယ်။ အခုက ရေငန်သွင်းထားတဲ့နေရာတွေမှာ ရေငန်ဆိုပေမဲ့လို့ အခုလိုမိုးရွာလိုက်တော့ အကုန်လုံးရေချိုဖြစ်သွားတယ်။ ရေချိုတွေကို ဖောက်ထုတ်ပြီးတော့ ကွင်းကိုမိုးကုန်ခါစလောက်လိုပြန်ရဖို့အတွက် နောက်ထပ်တစ်လလောက် ရင်းနှီးမြှုပ်နှံရမယ့်အခြေအနေကို ရောက်သွားပြီ” ဟု ဆားတောင်သူတစ်ဦးဖြစ်သူ ဦးဌေးအောင်က ပြောကြားသည်။

နေလှန်းဆားလုပ်ငန်းများ လုပ်ကိုင်ရာတွင် ရင်းနှီးမြှုပ်နှံကုန်ကျမှုပမာဏမှာ တစ်ဧကထုတ်လုပ်ရန် ကုန်ကျစရိတ် ကျပ်သုံးသိန်းအထိရှိပြီး တစ်ဧကဆားထွက်နှုန်းမှာ ပိဿာချိန် ၁၆၀၀၀ ကျော်ရှိကြောင်းနှင့် လက်ရှိရခိုင်တွင် ဆားတစ်ပိသာလျှင် ကျပ် ၁၂၀ ကျော်ပေါက်ဈေးရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ နေလှန်းဆားလုပ်ငန်းလုပ်ကိုင်သူများမှာ အချိန်အခါမဟုတ် မိုးသွန်းမှုကြောင့် ဆားလုပ်ကွင်းများဆုံးရှုံးခဲ့ရသည့်အပြင် ဆားလုပ်သားငှားရမ်းရာတွင်လည်း ဆားလုပ်ဆားယူ ဆားလုပ်သား ငှားရမ်းမှုစနစ်ဖြင့် ငှားရခြင်းဖြစ်ပြီး ဆားလုပ်သားအနေဖြင့် ဆားရရှိမှုအခြေအနေနှင့် ဆက်လက်ပြီး မိုးရွာသွန်းမှုဖြစ်ပေါ်လာပါက လုပ်သားများအနေဖြင့် လုပ်ငန်းရှင်များထက် မိသားစုဘဝဖူလုံရေး နောင်ဖြစ်ပေါ်လာမည့် ရာသီဥတုအခြေအနေများကိုတွက်ဆပြီး ထိတ်လန့်စိုးရိမ်မှုများဖြစ်ပေါ်နေသဖြင့် လုပ်သားငှားရမ်းမှု အခက်အခဲများလည်း ဖြစ်ပေါ်နေကြကြောင်း ဆားလုပ်ငန်းများက ပြောကြားသည်။

“ဆားလုပ်သားတွေကလည်း ဆားမရဖို့ကို ကြောက်နေကြတယ်။ ကျွန်တော်တို့တွေက ဆားနဲ့ပေးပြီး ငှားထားရတာဆိုတော့ ဆားကမရ။ နောက်ထပ်ဒီလိုမျိုးသာ နောက်တစ်ကြိမ်ဖြစ်ပေါ်လာခဲ့ရင် ကွင်းကိုလွှင့်ပစ်ပြီးတော့ ထွက်ပြေးရမယ့် အခြေအနေများဖြစ်နေတယ်” ဟု ဆားတောင်သူ ဦးခင်လှိုင်က ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ဆားကွင်းလုပ်ကွက် ၁၀၉ ခု၊ ဧကပေါင်း ၁၀၆၅ ဧကလုပ်ကိုင်ခဲ့ပြီး ဆားကြမ်းတန်ချိန် ၁၂၀၀၀ ကျော်ထုတ်လုပ်နိုင်ခဲ့သော်လည်း အဓိကဘင်္ဂလာဒေ့ရှ် ဈေးကွက်ဝယ်လိုအားမရှိသဖြင့် ဆားဈေးနှုန်းကျဆင်းလာမှုနှင့် ဆားတောင်သူအချို့မှာ ဆားကွင်းများအား စွန့်ပစ်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဆားဈေးကွက် အနည်းငယ်ဦးမော့လာသဖြင့် ဆားကွင်းများတစ်ဖန် လုပ်ကိုင်သူများရှိလာနေပြီဖြစ်သော်လည်း အချိန်အခါမဟုတ် မိုးရွာသွန်းနေခြင်းကြောင့် ဆားဥဆားမျိုးစေ့ ပျက်သုဉ်းမှုများနှင့် ရင်ဆိုင်နေကြရပြီး ဆက်လက်တိုးချဲ့လုပ်ကိုင်ရန် မဝံ့မရဲဖြစ်နေကြကြောင်း ဆားတောင်သူများက ပြောကြားသည်။

အချိန်အခါမဟုတ် မိုးရွာသွန်းမှုမှာ တရုတ်နိုင်ငံဘက်မှ ရွေ့လျားလာသည့် လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်ဘက်မှ ရွေ့လျားလာသော လေနွေးများကြောင့် လေထုမငြိမ်မသက်မှုဖြစ်ပေါ်ကာ မြန်မာနိုင်ငံအတွင်း ဒေသ ၁၂ ခုတို့တွင် အချိန်မရွေး လေပြင်းအန္တရာယ်ရှိနေသဖြင့် ကြိုတင်သတိပြုရန် မိုး/ဇလက သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

Most Read

Most Recent