လက်ဘနွန်နိုင်ငံ၏ စီးပွားရေးသည် ထိမ်းမနိုင်သိမ်းမရအခြေအနေသို့ ရောက်ရှိနေမှုနှင့်အတူ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဆေးဝါးများကို ကြောက်လန့်တကြားနှင့် အများအပြားဝယ်ယူစုဆောင်းမှုများကြောင့် ဆေးဝါးပြတ်လပ်မှုများနှင့် မှောင်ခိုစျေးကွက်အတွင်း ဆေးဝါးအများအပြားဝင်ရောက်သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဆေးဆိုင်များပေါ်တွင် ဆေးဝါးနှင့်ပတ်သက်သည့် ထုတ်ကုန်အားလုံး ပြတ်လပ်သွားသည့် အခြေအနေထိ ရောက်ရှိခဲ့ပြီး ယင်းတို့အနက် ဆေးဘက်ဆိုင်ရာတွင် အရေးတကြီး လိုအပ်နေသည့် ထုတ်ကုန်များလည်း ပါဝင်သွားခဲ့သည်။
ယင်းဆေးဝါးများအနက် နာတာရှည်ရောဂါများခံစားနေရသည့် လူနာများကို ကုသသည့်ဆေးများ၊ ခလေးနို့မှုန့်များနှင့် ဗီတာမင် ဖြည့်စွက်စာများအပါအဝင် COVID-19 ၏ ရောဂါလက္ခဏာများကို တိုက်ထုတ်နိုင်သည်ဟု ယူဆထားသည့် မည်သည့်ဆေးဝါးမဆို ပစ္စည်းပြတ်သည်အထိ ဝယ်လိုအားမြင့်တက်ခဲ့ပြီး ယင်းဆေးဝါးပစ္စည်းအများစုမှာ ပြည်ပမှတင်သွင်းခဲ့သည့် ဆေးဝါးများဖြစ်သည်။
အသက် ၃၇ နှစ်အရွယ် အာဘက်စ် အမည်ရှိ အမျိုးသားတစ်ဦးကမူ ဘေရွတ်မြို့တော်တွင် ဆေးဝယ်ရာ၌ အခက်အခဲများရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်က အက်စ်ပရင်နဲ့ ပဋိဇီဝ ဆေးနှစ်မျိုးကို ဝယ်ဖို့လိုက်ရှာနေတာ ဘယ်ဆိုင်မှာမှ မတွေ့ခဲ့ပါဘူး”ဟု အာဘက်စ်က ပြောကြားခဲ့သည်။
သို့သော်လည်း ယင်းဆေးများကိုမှောင်ခိုစျေးကွက်တွင် ငွေပိုပေးပြီး ဝယ်ယူသွားမည်ဟု အာဘက်စ်က ပြောကြားခဲ့ပြီး သူ နှစ်ရှည်လများ အားပေးလာခဲ့သည့် ယင်းစတိုးဆိုင်တွင် သူသုံးနေကျ ရှန်ပူလည်း ပြတ်လပ်နေခြင်းကို စိတ်ပျက်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
“ဒီနိုင်ငံက တကယ့်ကို အမှိုက်ပုံဖြစ်နေပါပြီ” ဟု ၎င်းကဆိုခဲ့သည်။
လက်ဘနွန်နိုင်ငံသည် ကပ်ရောဂါ မဖြစ်ပွားမီကတည်းက ဒေါ်လာများပြတ်လပ်မှု နှင့် စီးပွားရေးအကျပ်အတည်းများကို ဆယ်စုနှစ်များစွာကြာ အဆိုးရွားဆုံးခံစားခဲ့ရသည်။
လက်ရှိတွင် COVID-19 ကြောင့် ဆေးရုံများ ဝန်နှင့်အားမမျှမှု၊ ကာကွယ်ဆေး ဝယ်ယူမှုနှင့်ပတ်သက်ပြီး အစိုးရအပေါ် ပြည်သူလူထုက အယုံအကြည်နည်းပါးမှုများကြောင့် ပြည်သူများသည် ဆေးဆိုင်များတွင် ဆေးဝါးပစ္စည်းများကို ရနိုင်သမျှ ဝယ်ယူစုဆောင်းခဲ့ကြခြင်းဖြစ်သည်။
COVID-19 ကိုကုသနိုင်သည်ဟု ကောလာဟလထွက်နေသည့် ဆေးဝါးများသာမကဘဲ အောက်စီဂျင်အိုးများအထိပါ ဝယ်ယူစုဆောင်းနေကြသဖြင့် ပြည်သူများသည် ရောဂါကူးစက်ခံရပါက အိမ်တွင်ကုသနိုင်မည့်နည်းလမ်းများအထိပါ ပြင်ဆင်နေကြခြင်းဖြစ်သည်။
ဆေးဆိုင်များတွင် ဆေးဝါးပစ္စည်းများ ပြတ်လပ်သွားမှုနှင့်အတူ မှောင်ခိုစျေးကွက်သည်လည်း အားကောင်းစွာ ထွက်ပေါ်လာပြီး ဆေးဝါးများ၊ ဆေးပစ္စည်းကို ပုံမှန်စျေးနှုန်းထက် အဆမတန် ပေးဝယ်ရသည့်အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
မှောင်ခိုစျေးကွက်
ဘေရွတ်မြို့တော်ရှိ အကြီးဆုံးဆေးဆိုင် ဖြစ်သည့် Mazam Pharmacy ဆေးဆိုင်တွင် အရောင်းဝန်ထမ်းများက ဆေးလာဝယ်သူများကို ပစ္စည်းပြတ်ပြီဆိုသည့်အကြောင်းကို ပြောကာပြန်လွှတ်နေရသည်။
ဆေးဆိုင်ပိုင်ရှင်ဖြစ်သည့် မာဇန်ဘစ်ဆက် ကမူ “လူတွေဟာ ဆေးဝါးတွေ ပြတ်လပ်သွားမှာကို အရမ်းကြောက်လန့်နေပါတယ်။ အဲဒါကြောင့် ဆေးတွေကို တစ်လစာလောက် ဝယ်စုနေကြတာပါ။ တစ်ချို့ဆိုရင် ခြောက်လစာလောက်အထိ ဆေးတွေဝယ်စုကြတာမျိုးတွေ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
“အဲဒီလို ဆေးဝါးတွေပြတ်လပ်နေချိန်မှာ ဆေးထုတ်တဲ့ ကုမ္ပဏီတွေကလည်း ဆေးဆိုင်တွေလိုအပ်တဲ့ ဆေးပမာဏကိုမထုတ်ပေးနိုင်ဘဲ ဖြစ်နေပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
“နာမည်ကြီး ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အကိုက်အကဲပျောက်ဆေးတွေကို တစ်လမှာ ဘူး ၃၀ ပဲ ဖြန့်ချိပေးနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဟာ တစ်နေ့ကို ၁၀ ဘူးပဲ စင်ပေါ်တင်ထားပါတယ်။ အဲဒါမှ ဆေးတွေကို တစ်လလောက်မပြတ်ဘဲ ရောင်းချနိုင်ပါလိမ့်မယ်” ဟု မာဇန်ကပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဆေးဝါးများပြတ်လပ်မှုကို နှေးကွေးစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနသည် အချို့ဆေးဝါးများကို ဆရာဝန်၏ ဆေးညွှန်းစာဖြင့်သာ ရောင်းချရန် ဆေးအရောင်းဆိုင်များကို ညွှန်ကြားခဲ့ပြီး ဆေးဝါး ထုတ်လုပ်သည့် ကုမ္ပဏီများကိုလည်း ဆေးဆိုင်များသို့ ဆေးဖြန့်ချိမှုများကို ကန့်သတ်ရန် အမိန့်ချခဲ့သည်။
လက်ဘနွန်နိုင်ငံ၏ ဆေးဝါးတင်သွင်းသူများအဖွဲ့အကြီးအကဲ ကာရင်မ် ဂီဘာရာကမူ အက်စ်ပရင်ဆေးသည် ဝယ်လိုအားအများဆုံး ဆေးဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဇန်နဝါရီလထဲမှာ ဆေးဘူး ၅၀၀,၀၀၀ လောက်ကို ကုမ္ပဏီ ၂ ခုလောက်က ဖြန့်ချိပေးခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ထဲမှာဆိုရင် ပုံမှန်ဖြန့်ချိမှုပမာဏက ၂၀၀,၀၀၀ လောက် ပွဲရှိခဲ့ပါတယ်။ အခုလို အများကြီး ဖြန့်ချိပေး တာတောင် ဆေးတွေပြတ်လပ်သွားတဲ့ အထိဖြစ်ခဲ့ရပါတယ်”ဟု ဂီဘာရာက ပြောကြားခဲ့သည်။
ပြည်သူများသည် ဆေးဆိုင်များတွင် ဆေးဝါးများ ရှာမတွေ့တော့သည့် အချိန်တွင် မှောင်ခိုစျေးကွက်သို့ ရောက်ရှိသွားခဲ့သည်။
ကပ်ပါးပိုးကူးစက်မှုကို ကုသရန်အသုံးပြုသည့် Ivermectin ဆေးသည်လည်း ပြတ်လပ်သွားခဲ့သည်ဟု ဂီဘာရာက ဆိုသည်။
ယင်းဆေးသည် COVID-19 ရောဂါကို ကုသနိုင်စွမ်းရှိသည်ဟု အထောက်အထား မလုံလောက်သည့် လေ့လာချက်စစ်တမ်းတစ်ရပ်ရှိသည်ဟု လက်ဘနွန်မီဒီယာအချို့က ဖော်ပြခဲ့သဖြင့် ယင်းကဲ့သို့ ဝယ်လိုအားများ မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေး အေဂျင်စီများက ပြောကြားခဲ့သည်။
“အဲဒီအချက်တွေကြောင့်ပဲ ဆေးတွေဟာ မှောင်ခိုစျေးကွက်တွေထဲမှာ စျေးကြီးကြီးပေးပြီး ဝယ်ယူနေရတဲ့ အခြေအနေကိုရောက်ရှိစေခဲ့တာဖြစ်ပါတယ်။ ပြည်ပကနေ တရားမဝင်တင်သွင်းပြီး မှောင်ခိုစျေးကွက်ထဲမှာ တစ်ဘူးကို ၃၅ ဒေါ်လာလောက်နဲ့ ပြန်ရောင်းနေကြတာ ဖြစ်ပါတယ်”ဟု ဂီဘာရာက ပြောကြားခဲ့သည်။
တရားဝင်ဆေးတင်သွင်းခွင့် ရရှိထားသူများသည် ယင်းဆေးတစ်ဘူးကို ၁ ဒေါ်လာဖြင့်သာ တင်သွင်းခွင့်ရရှိထားသည့်တိုင် Ivermectin ဆေးသည် မှောင်ခိုစျေးကွက်ထဲ၌ပင် ရှာဖွေ ဝယ်ယူရခက်ခဲ့သည့်အခြေအနေအထိ ရောက်ရှိခဲ့သည်။
အသက် ၃၆ နှစ်အရွယ် နာဒင်းအမည်ရှိ အမျိုးသမီးကမူ သူ့သမီးအတွက် နို့မှုန့်များကို ဝယ်ယူရန်ကြိုးပမ်းနေသော်လည်း ဆေးရုံများတွင် နို့မှုန့်များပြတ်လပ်နေသည် ဟုပြောကြားခဲ့သည်။
“သူတို့တွေဟာ ကလေးနို့မှုန့်တောင် မချန်ပါဘူး။ ရသမျှအကုန်လုံးကို အမြတ်ထုတ်ချင်နေကြပါတယ်”ဟု နာဒင်းက ပြောကြားခဲ့သည်။
ဇန်နဝါရီလအတွင်းက စီးပွားရေးဝန်ကြီးသည် တရားမဝင်သိုလှောင်ထားသည့် ကလေးနို့မှုန့်များကို သိမ်းဆည်းရမိခဲ့သည်။
သတိထားရမည့် အခြေအနေ
ဆေးထုတ်လုပ်သည့် ကုမ္ပဏီများ၏ ဆေးဝါးဖြန့်ချိမှု နှောင့်နှေးကြန့်ကြာမှုများကလည်း ဆေးဝါးပြတ်လပ်မှုဖြစ်စေသည့် အကြောင်းရင်းများတွင် တစ်ခုအပါအဝင် ဖြစ်စေခဲ့သည်။
“ဗဟိုဘဏ်ကနေ ပြည်ပဆေးကုမ္ပဏီတွေကို ငွေကြေးလွှဲပြောင်းမှုနှောင့်နှေးကြန့်ကြာနေမယ်ဆိုရင် ဆေးကုမ္ပဏီတွေကလည်း ဆေးဖြန့်ချိမှုကို ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။
မကြာသေးမီလများတွင်လည်း ခရီးသွားများသည် အီဂျစ် သို့မဟုတ် အီရတ်နိုင်ငံများတွင် ၎င်းတို့ အစီအစဉ်ဖြင့် ဆေးဝါးများဝယ်ယူရန် သွားရောက်ခဲ့ကြပြီး အချို့ဆိုလျှင် ကွန်ဂိုနိုင်ငံအထိပါ သွားရောက်ခဲ့သည်ဟု ဂီဘာရာက ပြောကြားခဲ့သည်။
“အခြေအနေတွေကို အကုန်ခြုံကြည့်ရမယ်ဆိုရင် သတိထားရမယ့် အနေအထားကို ရောက်ရှိနေပါပြီး။ ဆေးတွေလှောင်ပြီး ပစ္စည်းပြတ်တဲ့အချိန်ကျမှ စျေးတွေတင်ပြီး ရောင်းချသူတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ကလည်း လူတွေရဲ့ စိုးရိမ်စိတ်ကို မြင့်တက်စေခဲ့ပါတယ်”ဟု ဂီဘာရာက ပြောကြားခဲ့သည်။










