■ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကွာတားတက်တဲ့ အဲဗာတန်

■ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကွာတားတက်တဲ့ အဲဗာတန်
Published 11 February 2021

အဲဗာတန် ၅-၄ စပါး

(မိနစ် ၉၀ ၄-၄၊ အချိန်ပိုတွင် အဲဗာတန် နိုင်)

မော်ရင်ဟိုရဲ့စပါးအသင်းက ဖလားတစ်လုံး လက်လွှတ်လိုက်ရသလို၊ နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအထိ အရေးနိမ့်ခဲ့တာကြောင့် ဖိအားပိုတိုးသွားခဲ့ပါတယ်။ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကျပ် ကစားရဖို့ရှိပေမဲ့ ဖလားပွဲတွေကို အာရုံစိုက်နေတဲ့ မော်ရင်ဟိုက  ဟာရီကိန်း တစ်ဦးတည်းကို အနားပေးပြီး လူစုံထုတ်ခဲ့တာပါ။ အဲဗာတန်အသင်းမှာလည်း အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့တာဖြစ်တယ်။ နှစ်သင်းစလုံးက ဆုဖလားမျှော်လင့်ချက်ထားနေတဲ့အသင်းတွေဖြစ်လို့ ပွဲက အကြိတ် အနယ်ရှိခဲ့ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့သလို ဖျော်ဖြေမှုလည်း ပေးနိုင်ခဲ့ပါတယ်။

စပါးအသင်းက ခံစစ်ပိုင်းမှာ အတော်လေးဟာကွက်များခဲ့ပါတယ်။ (၁၈)ကိုက်စည်းထဲမှာ အဲဗာတန်ကစားသမားတွေက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းသွားတာမျိုးတွေဖြစ်ပြီး (၁၃)နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေမှုကို ရပ်တန့်ပစ်ဖို့ ကြိုးစားနေတဲ့ စပါး အသင်းရဲ့ဖြစ်နိုင်ခြေလမ်းကြောင်း (၃)ခုထဲက တစ်ခုကို အဆုံးသတ်စေခဲ့ပါတယ်။ ပွဲအစ(၃)မိနစ် မှာပဲ စပါးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဆွန်ဟောင်မင် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကနေ ဒါဗင်ဆန်ဆန်းချက်ဇ်က ခေါင်းတိုက်သွင်းခဲ့တာပါ။ အခုပွဲမှာ စပါးအသင်းရဲ့ Set-piece တွေက အဲဗာတန်ကို အတော်လေးခြိမ်းခြောက်နိုင်ခဲ့ပြီး စပါးအသင်းသွင်းယူတဲ့ (၄)ဂိုးထဲအနက် (၃)ဂိုးက ထောင့်ကန်ဘောကတစ်ဆင့် သွင်းယူခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ပထမပိုင်းပြီးခါနီးမှာ စပါးအသင်း (၇)မိနစ်အတွင်း (၃)ဂိုးအထိ ပေးလိုက်ရတာဖြစ်တယ်။ အဲဗာတန်အသင်းအတွက်ဂိုးတွေကို ကယ်လ်ဗတ်လူဝင်(၃၆ မိနစ်)၊ ရစ်ချာလီဆန်(၃၆ မိနစ်)နဲ့ ဟူဘယက်ကြောင့်ပေးလိုက်ရတဲ့ ပယ်နယ်တီကနေ ဆီဂတ်ဒ်ဆန်(၄၃ မိနစ်)တို့က သွင်းယူခဲ့တာဖြစ်တယ်။ နာကျင်အချိန်ပို မှာတော့ လာမယ်လာက စပါးအသင်းအတွက် ဒုတိယဂိုး သွင်းပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဟာရီကိန်း ဝင်လာလို့ စပါးတိုက်စစ်က ပိုလှုပ်သွားခဲ့တယ်။ (၅၇)မိနစ်မှာ ဆန်းချက်ဇ်က ချေပဂိုးပြန်သွင်းခဲ့ပေမဲ့ ရစ်ချာလီဆန်က (၆၈)မိနစ်မှာ ဂိုးထပ်မံသွင်းယူနိုင်ခဲ့လို့ အဲဗာတန်အသင်း ထပ်မံဦးဆောင်ခဲ့ပြီး ဟာရီကိန်းက (၈၃)မိနစ်ရောက်မှ ဆွန်ဟောင်မင်ရဲ့ ဖြတ်တင်ဘောကနေ ဒိုင်ဗင်ထိုးခေါင်းတိုက်သွင်းခဲ့တာဖြစ်တယ်။ အဲဗာတန်တိုက်စစ်မှာ ဆီဂတ်ဒ်ဆန်ရဲ့ Creative Force က သက်ရောက်မှုကြီးမားခဲ့ပြီး အခုပွဲမှာ အသင်းဖော်တွေအတွက် (၃)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ်(၉၀)အပြီးထိ သရေကျနေလို့ ပယ်နယ်တီဆက်ကစားခဲ့ရပြီး အဲဗာတန်အသင်းရဲ့ အနိုင်ဂိုးကိုတော့ (၉၇)မိနစ်မှာ လူစားဝင်လာတဲ့ ဘားနတ်ဒ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ အခုပွဲမှာ နှစ်သင်းသွင်းဂိုးပေါင်း (၉)ဂိုးအ ထိရှိခဲ့ပြီး FAဖလားပြိုင်ပွဲမှာ Top-flight (၂)သင်း တွေ့ဆုံမှုတွေအနက် ၁၉၆၁ ခုနှစ်က ရှက်ဖီးဝင်းစ်ဒေး(၇-၂)မန်ယူပွဲနောက်ပိုင်း ဂိုးအများဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Most Read

Most Recent