ဘိုင်ယန်မြူးနစ်အသင်းအတွက်တစ်နှစ်အတွင်း ခြောက်ခုမြောက်ဆုဖလား ရယူပေးရန်လီဝန်ဒေါစကီး ပစ်မှတ်ထား

ဘိုင်ယန်မြူးနစ်အသင်းအတွက်တစ်နှစ်အတွင်း ခြောက်ခုမြောက်ဆုဖလား ရယူပေးရန်လီဝန်ဒေါစကီး ပစ်မှတ်ထား
Photos : AFP
Photos : AFP
Published 10 February 2021

ဘိုင်ယန်မြူးနစ်အသင်းအတွက် တစ်နှစ်အတွင်း ခြောက်ခုမြောက်ဆုဖလားရယူပေးရန် စိတ်အားထက်သန်နေကြောင်း အသင်း၏အဓိကတိုက်စစ်မှူးဖြစ်သူ လီဝန်ဒေါစကီးက အာဖရိကချန်ပီယံ အယ်လ်အာလီ အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ 

လီဝန်ဒေါစကီးသည် ယင်းပွဲတွင် အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံး သွင်းယူပေးခဲ့ပြီး ယခုရာသီ ကလပ်အသင်း၏ပြိုင်ပွဲစုံ ၂၇ ပွဲတွင် ၂၉ ဂိုးအထိ သွင်းယူထားကြောင်း သိရသည်။ "ဆီမီးဖိုင်နယ်ပွဲက အရမ်းကောင်း တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ဗိုလ်လုပွဲအတွက် အသင့်ရှိနေပါပြီ။  ဒီရာသီမှာ ခြောက်ခုမြောက်ဆုဖလားအဖြစ် နောက်ထပ်ဆုဖလားတစ်လုံးကို ကျွန်တော်တို့ ရယူလိုပါတယ်။ ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ အမြဲတမ်း အထင်ကရပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ကျွန်တော်တို့ ပိုကောင်းအောင်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ပြီး တော့ ဂိုးသွင်းခွင့်တွေလည်း ပိုမိုရရှိနိုင်ရေး ကြိုးပမ်းပါလိမ့်မယ်"ဟု လီဝန်ဒေါစကီးက ပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်း အနေဖြင့် ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို အရယူနိုင်လျှင် ၂၀၀၉ ခုနှစ်က ဘာစီလိုနာအသင်း တင်ရှိခဲ့သည့် တစ်နှစ်အတွင်း ဆုဖလားခြောက်လုံးအထိ ရယူနိုင်သည့်စံချိန်ကို အမီလိုက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ဘိုင်ယန်အနေဖြင့် လက်ရှိတွင် ချန်ပီယံလိဂ်၊ ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား၊ ဂျာမန်စူပါဖလား နှင့် ဥရောပစူပါဖလားများကို ရယူထားပြီး ကလပ်ကမ္ဘာ့ဖလားတွင်မူ ၂၀၁၃ ခုနှစ်က တစ်ကြိမ် ဗိုလ်စွဲထားသည်။

Most Read

Most Recent