သံသယအမှောင်ဖုံးလွှမ်းနေသည့် အာဖရိကကာကွယ်ဆေးထိုးနှံမှုအစီအစဉ်

သံသယအမှောင်ဖုံးလွှမ်းနေသည့် အာဖရိကကာကွယ်ဆေးထိုးနှံမှုအစီအစဉ်
Published 10 February 2021
ခိုင်

အာဖရိကတိုက်ရှိ နိုင်ငံအများအပြားတွင် COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ မဟုတ်မမှန်သောသတင်းများပျံ့နှံ့နေမှု၊ ကာကွယ်ဆေးကို အယုံအကြည်မရှိမှု၊ သတင်းမှန်ပေးပို့ဖြန့်ဝေခြင်း အားနည်းနေမှုတို့က အနာဂတ်တွင် လုပ်ဆောင်မည့် COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေကို ဖြစ်ပေါ်စေကြောင်း ပါရဂူများကဆိုသည်။

လူမှုမီဒီယာထက်တွင် ပျံ့နှံ့နေသော ကောလာဟလများကြောင့် တစ်စတစ်စရှင်သန်ကြီးထွားလာသော COVID-19 ကာကွယ်ဆေးထိုးနှံမှုဆန့်ကျင်ရေးသဘောထားသည် အနောက်နိုင်ငံများတွင် ပိုမိုရင့်သန်နေသည်။

အခြားသောကာကွယ်ဆေးများထိုးနှံရခြင်းထက် COVID-19 ကာကွယ်ဆေးထိုးနှံရခြင်းကို ပို၍သတိထားနေကြသူများနေခြင်းနှင့်အတူ အာဖရိကတိုက်တစ်ဝန်းတွင်လည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို ဆန့်ကျင်သည့် ခံယူချက်များရှိနေကြောင်း အာဖရိကမှ ပြည်သူ့ကျန်းမာရေးပါရဂူများက ဆိုသည်။

“ကာကွယ်ဆေးကို အယုံအကြည်မရှိမှုက မြင့်တက်နေပါတယ်။ အယုံအကြည်မရှိရတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပဲ။ တစ်ခုနဲ့တစ်ခုမတူဘူး။ တချို့က အစိုးရအဖွဲ့ အထက်လွှာလူတန်းစားတွေကို မသင်္ကာလို့၊ ပြီးတော့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး မမှန်ကန်တဲ့သတင်းအချက်အလက်တွေ ပျံ့နှံ့နေတာကလဲ အဓိကအကြောင်းအရင်းတစ်ခုပဲ”ဟု COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ယုံကြည်စိတ်ချမှုရှိစေရန် အားပေးအားမြှောက်ပြုသည့်အဖွဲ့ Africa Strategist For Convince ဥက္ကဋ္ဌ Ayoade Alakija ကဆိုသည်။

အာဖရိကတွင် ပျံ့နှံ့လျက်ရှိသည့် မဟုတ်မမှန်သော ထင်မြင်ယူဆချက်တစ်ခုမှာ COVID-19 ကာကွယ်ဆေးများသည် အာဖရိကတိုက်၏ များပြားလာသော လူဦးရေကို လျှော့ချပစ်ရန်အတွက် ကြံစည်ထား ခြင်းဖြစ်သည်ဟူသော ကောလဟလ ဖြစ်သည်။

အာဖရိကတွင် COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ အယုံအကြည်မရှိသူများတွင် သာမန်ပြည်သူများသာမက အစိုးရအဖွဲ့အချို့လည်း ပါဝင်နေသည်။

ကိုဗစ်ကာကွယ်ဆေးများသည် လူ့ကျန်းမာရေးအတွက် အန္တရာယ်ရှိသည်ဟုဆိုလျက် တန်ဇန်းနီးယားသမ္မတဂျွန်ဖာဂူဖူလီက COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ပယ်ချခဲ့သည်။ မက်ဒါဂါစကားကျွန်းနိုင်ငံ၏ သမ္မတအန်ဒရိုင်းရာဂျိုးလီနာကလည်း COVID-19 ကာကွယ်ဆေးထက် COVID-19 ရောဂါကို ဆေးဖက်ဝင်အပင်များဖြင့် ကုသသည့် လက်တွေ့စမ်းသပ်လေ့လာမှု မလုပ်ဆောင်ရသေးသော ကုသနည်းကို အမွှမ်းတင်ထားသည်။

လတ်တလောတွင် အာဖရိကနိုင်ငံအများအပြား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ရှိန်ထိုးမြင့်တက်လာခြင်းနှင့်ရင်ဆိုင်နေရသည်။ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးပြိုင်ပွဲတွင် ချမ်းသာကြွယ်ဝသောနိုင်ငံများက COVID-19 ကာကွယ်ဆေးကို သူ့ထက်ငါ အပြိုင်သိမ်းကျုံးဝယ်ယူနေကြပြီး ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များစတင်နေချိန်ကြချိန်တွင် အာဖရိကနိုင်ငံအများစုမှာ ကာကွယ်ဆေးနှင့်လပေါင်းများစွာ အလှမ်းဝေးလျက်ရှိသည်။

လုပ်ကြံသတင်း

နိုင်ဂျီးရီးယားနိုင်ငံမြို့တော် လာဂို့စ်တွင် ကားမောင်းသမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသည့် အသက် ၂၈ နှစ်အရွယ် Moise Shitu က၎င်းအနေဖြင့် COVID-19 ကာကွယ်ဆေးကို ထိုးနှံမည် မဟုတ်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့အစိုးရကတော့ အလိမ်အညာထဲ ဝင်နေပါပြီ။ သူတို့ ပိုက်ဆံရှာချင်တိုင်း နိုင်ဂျီးရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေတယ်လို့ ပြောနေကြတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ကာနိုမြို့တွင် နေထိုင်သူ အသက် ၄၁ နှစ်အရွယ် အမျိုးသမီး ဇိုင်နက်ဘ်အဗ္ဗဒူလာဟီကလည်း ၎င်းအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုကို ငြင်းဆိုမည်ဖြစ်ကြောင်း ဆိုသည်။

“အနောက်တိုင်းမှာ COVID-19 ကာကွယ်ဆေးထိုးနှံခံရသူတွေက ကာကွယ်ဆေးရဲ့ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရတယ်ဆိုတဲ့ သတင်းတွေကို ကျွန်မတို့ မြင်တွေ့နေရပါတယ်။ အဲ့ဒါတောင်သူတို့က ကျွန်မတို့ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးချင်နေသေးတယ်” ဟု လာဟီက ဆိုသည်။

အီသီယိုးပီးယားနိုင်ငံမြို့တော် အဒစ်အဘာဘာရှိ ကဖေးဆိုင်တွင် အလုပ်လုပ်နေကြသော စားပွဲထိုးများအား မေးမြန်းရာတွင် ၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်သည့် အန္တရာယ်ရှိနေခြင်းကြောင့် ကာကွယ်ဆေးထိုးနှံရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြသည်။

ကာကွယ်ဆေးအသစ်ကို ထိုးနှံရန် ချီတုံချတုံ ဖြစ်နေသည်မှာ တွေ့မြင်နေကျအကြောင်းအရာဖြစ်သော်လည်း COVID-19 ကာကွယ်ဆေးကို သံသယဝင်နေကြမှုသည် ပိုမိုကြီးထွားလာခဲ့ကြောင်း Medecins Sans Frontieres မှ ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mamadou Traore ကပြောကြားခဲ့သည်။

“အဲ့ဒီ့အဖျားရောဂါက လူမည်းတွေကို ကူးစက်တတ်တဲ့ရောဂါမဟုတ်ဘူးလို့တောင် အာဖရိကပြည်သူအချို့က ကိုယ်ထင်ရာ ပြောနေကြတယ်။ အဲ့လိုလုပ်ကြံသတင်းတွေအားလုံးကို ဖြေရှင်းပြီး သတင်းအမှန်ထုတ်ပြန်ပေးဖို့က အစိုးရအဖွဲ့တွေရဲ့ တာဝန်ပါ “ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တောမီးကဲ့သို့ ပျံ့နှံ့သော ကောလာဟလ

COVID-19 ကာကွယ်ဆေးအပေါ် သဘောထားအမြင်များနှင့်ပတ်သက်၍ အာဖရိက၌ လုပ်ဆောင်သော ယုံကြည်စိတ်ချရသည့် လေ့လာမှုအချို့ရှိနေသော်လည်း အာဖရိကမှ လူအများစုသည် COVID-19 ကာကွယ်ဆေးကို သင်္ကာမကင်းဖြစ်နေကြကြောင်း ကနဦးလူထုသဘောထားစစ်တမ်းက ပြသနေသည်။

ဒီဇင်ဘာတွင် ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အာဖရိကဗဟိုဌာနက ထုတ်ပြန်ခဲ့သော ၁၈ နိုင်ငံလူထုသဘောထားစစ်တမ်းရလဒ်တွင် ဖြေကြားသူ လေးပုံတစ်ပုံကသာ COVID-19 ကာကွယ်ဆေးများ ဘေးကင်းလုံခြုံမှုရှိသည်ဟု ဖြေဆိုထားကြသည်။

COVID-19 ကာကွယ်ဆေးထိုးနှံရန် ငြင်းဆိုသူများထဲမှ ၇၉ ရာခိုင်နှုန်းခန့်သည် ဘေးကင်းစိတ်ချရမှုရှိသော ကာကွယ်ဆေးကို ထိုးနှံမည်ဟု ဖြေကြားခဲ့ကြသည်။

အာဖရိကတိုက်တွင် COVID-19 ကာကွယ်ဆေးနှင့်ဆက်နွှယ်သော မဟုတ်မမှန်သည့် သတင်းများ အွန်လိုင်းထက်၌ ပျံ့နှံ့နေမှုမှာ တောမီးပမာဖြစ်ကြောင်း၊ ယင်းသည် ပြဿနာအစစ်အမှန်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အာဖရိက ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်သူ ရစ်ချက်မီဟီဂိုက ဆိုသည်။

ဆေးကုမ္ပဏီများသည် ကာကွယ်ဆေးစမ်းသပ်ထိုးနှံမှုကို အာဖရိကတွင် ဦးဆုံးလုပ်ဆောင်ခြင်းက လူမျိုးရေးခွဲခြားမှုရန်ပွဲကို အစပျိုးစေခဲ့ပြီး ဆေးဘက်ဆိုင်ရာ အမြတ်ထုတ်မှုနှင့်ပတ်သက်၍ အချိန်ကြာမြင့်စွာ တည်ရှိခဲ့သော စိုးရိမ်ထိတ်လန့်မှုများကို ရင့်သန်စေခဲ့ကြောင်း ဧပြီလတွင် ပြုလုပ်သော ရုပ်သံအင်တာဗျူးတစ်ခုအတွင်း ပြင်သစ်သိပ္ပံပညာရှင်နှစ်ဦးက ထင်မြင်ချက်ပေးခဲ့သည်။

COVID-19 ကာကွယ်ဆေးရရှိမှုနှင့် တစ်ဆက်တည်းတွဲပါလာသော ကိစ္စတစ်ခုမှာ လုပ်ကြံသတင်းများဖြစ်ပြီး ထိုသတင်းတု၊ သတင်းမှားများက ဆီနီဂေါနိုင်ငံ၏ အနာဂတ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို စိန်ခေါ်မှုများနှင့် ကြုံတွေ့စေခဲ့ကြောင်း ဆီနီဂေါနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် ခေါင်းဆောင် Ousseynou Badiane က ဆိုသည်။

“ဆီနီဂေါမှာ ပျံ့နှံ့နေတဲ့ သတင်းမှား အများစုက ပြင်သစ်ကနေ စတင်ပျံ့နှံ့တာပါ”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ဆေးကုမ္ပဏီ Pfizer မှ တီထွင်ထုတ်လုပ်သော ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံခဲ့ပြီးနောက် နိုင်ဂျီးရီးယားကလေးငယ် ၁၁ ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်ကဲ့သို့သော မကောင်းသတင်းများသည် အတိတ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များဖြစ်သော်လည်း အာဖရိကမှ လူအများစုက ထိုဖြစ်ရပ်ကို လက်ရှိအချိန်ထိ မေ့မရနိုင်သေးကြောင်း မနုဿဗေဒဆိုင်ရာ ဆီနီဂေါ ပါမောက္ခ Cheikh Ibrahima Niang က ပြောကြားခဲ့သည်။

အာဖရိကအစိုးရအဖွဲ့များအနေဖြင့် COVID-19 ကာကွယ်ဆေးကို သံသယဖြစ်နေကြသော ပြည်သူများအား ကာကွယ်ဆေးကို စိတ်ဝင်စားလာစေရန် နှိုးဆော်တိုက်တွန်းမှုများ ကြိုတင်လုပ်ဆောင်ထား ကြရန်လိုအပ်ကြောင်းလည်း Cheikh က အကြံပြုခဲ့သည်။

အစိုးရအဖွဲ့အချို့မှာ ထိုသို့လုပ်ဆောင်ထားကြပြီးဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် အီသီယိုးပီးယားအစိုးရအဖွဲ့က ပြည်သူများ၏ စိုးရိမ်ထိတ်လန့်မှုများ ပြေပျောက်စေရန်အတွက် COVID-19 ကာကွယ်ဆေး နှင့်သက်ဆိုင်သော သတင်းအချက်အလက် မျှဝေရေးအစီအစဉ်ကို စတင်ခဲ့သည်။

အချို့သော အာဖရိကနိုင်ငံခေါင်းဆောင်များ ဥပမာအားဖြင့် ဂီနီသမ္မတ အယ်လ်ဖာကွန်ဒီသည် ၎င်းကိုယ်တိုင် COVID-19 ကာကွယ်ဆေးထိုးနှံနေမှု ဗီဒီယိုကို သတင်းတွင် ထုတ်လွှင့်ပြသခဲ့သည်။

အစိုးရအဖွဲ့ကို ယုံကြည်မှုအားနည်းနေသည့် နိုင်ငံများတွင် လွဲမှားနေသော ထင်မြင်ယူဆချက်များကို ဖြေရှင်းကိုင်တွယ်ရာတွင် အခက်အခဲများစွာရှိကြောင်း COVID-19 ကာကွယ်ဆေးကို ယုံကြည်စိတ်ချစေရန် တိုက်တွန်းနှိုးဆော်မှုပြုသူ Ayoade Alakija က ပြောကြားခဲ့သည်။       

Most Read

Most Recent