နတ်သမီး ပြဿနာကြီးနှင့် ကခုန်ကြည့်

နတ်သမီး ပြဿနာကြီးနှင့် ကခုန်ကြည့်
Photo:Brewminate
Photo:Brewminate
Published 10 February 2021
ကျော်ထင်

သိပ္ပံမောင်ဝသည် နယ်ချဲ့အင်္ဂလိပ်၏ ပဋိဉာဉ်ခံဝန်ထမ်းတစ်ယောက် ဖြစ်သည်နှင့်အညီ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရန်အတွက် မြန်မာ့နယ်မြေတစ်လျှောက် ခြေစကြာလည်ခဲ့ရသည်။ စလင်း၊ စစ်ကိုင်း၊ ညောင်တုန်း စသည့် အရပ်များတွင် အလုပ်သင်ဝန်ထောက်၊ နယ်ပိုင်ဝန်ထောက်စသည့် တာဝန်များကို ထမ်းဆောင်ရင်း ခြေဗွေပေါက်ခဲ့ရသည်။ ခေတ်စမ်းပုံပြင်များသည် ထိုသို့ခြေဗွေပေါက်ရာမှ မြင်သမျှ၊ ကြုံသမျှ၊ သိသမျှ၊ ကြားသမျှတို့ကိုရေးသားထားခြင်းဖြစ်သည်။

သိပ္ပံမောင်ဝသည် ခြေဗွေပေါက်ရာမှ “တို့တောရွာ”ကိုတွေ့သည်။ “ရွာ့ကျက်သရေ”ကိုမြင်သည်။ “အညာဘုရားပွဲ”နှင့် တိုးသည်။ “ဘုန်းကြီးပျံနှင့်”ကြုံသည်။ မန္တလေးမှ စစ်ကိုင်း၊ စစ်ကိုင်းမှအင်းဝများဆီသို့ “မင်းလတ်”ကို စီးကာသွားသည်။ ဗြိတိသျှအစိုးရ၏ ပဋိညဉ်ခံဝန်ထမ်းဖြစ်သော်လည်း “ဓားပြမှု”အတွက် ဖမ်းရသောအခါ ဓားပြမိသားစုအပေါ် အသနားဖက်၏။ “တစ်ရာ့တစ်ဆယ်” မျိုးကို ဖြေရှင်းရသောအခါတွင်လည်း ကရုဏာဝင်ပြန်၏။ သိပ္ပံမောင်ဝသည် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတို့ကိုသာ အများအားဖြင့် ဖော်ပြရေးသားလေ့ရှိသည်ဟုထင်စရာရှိသော်လည်း မြန်မာ့ဦးစွန်းကိုဖြို၍ ဘိုကေထားရခြင်းကိုအားပေးကာ “တို့ကေသာ”မျိုးကို ရေးတတ်ပြန်သေး၏။

“ရှေးတုန်းက”ရန်ကုန် မြို့မကျောင်းကြီးရှိ ကျောင်းသား၊ ကျောင်းသူတို့ စည်းပျက်ကမ်းပျက် ပြုမူကာ ဂါရဝနည်းပါးကြသည့် အကြောင်းမျိုးကိုလည်းဖော်၏။ အုပ်ချုပ်သူ လူတန်းစားဘက်မှ ရပ်တည်သောအရေးသားမျိုးကိုလည်း တစ်ခါတစ်ရံ ရေးသားတတ်သည်။ “သူပုန်အငွေ့”ဟူသော ခေတ်စမ်းပုံပြင်သည် ဆရာစံသူပုန်ထမှု၏ အကျိုးဆက် သူပုန်အငွေ့အသက်များကို ရှုတ်ချရေးသားထားခြင်းဖြစ်သည်။ (ကျွန်တော့်အနေဖြင့်မူ ထိုပုံပြင်ကို သည့်ထက်ပိုပြီးမဝေဖန်နိုင်သေး။ သီးခြားလေ့လာရန် လိုပေသေးသည်။ )

ထို့ပြင် မြန်မာစာအရေးအသားသစ်အတွက် ခေတ်လမ်းကိုဖောက်ကာခေတ်စမ်းကိုထောက်ကန် ကာကွယ်ပေးခဲ့သည်။ ခေတ်စမ်းသည် ဦးဖေမောင်တင်၊ ဇော်ဂျီ၊ မောင်ထင်၊ ဧမောင်၊ သိပ္ပံမောင်ဝစသည့်သူတို့၏ အရေးအသားသစ်တစ်ခုဖြစ်သည်။ ထိုအရေးအသားသစ်ကို အရေးအသားဟန်နှင့်ချိန်စက် ကြည့်ချင်သည်။ ရေးဟန်သည် ဘာသာစကား လေ့လာမှုနှင့် စာပေလေ့လာမှုတို့၏ ဆုံချက်ဖြစ်သည်ဆို၏။ မည်သည့် စာမျိုးကိုရေးရေး၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးမှသည်၊ သီးခြားခွဲခြမ်း စိတ်ဖြာမှုအရ ပေါ်ပေါက်လာသောအတို၊ အရှည်၊ များ၊ စီးပွား၊ ဘာသာ၊ သရော်စာများ၊ ရိုးရာပုံပြင်၊ ဟာသ၊ သိပ္ပများ စသည့် မည်သည့်ပုံစံတို့ဖြင့် ဖွဲ့ဖွဲ့ရေးဟန်ကိုကျော်၍ မရနိုင်။

သို့သော် ရေးဟန်ပညာချည်းသက်သက် ဆိုလျှင်လည်း သာမန်စာဖတ်သူတို့ ပျင်းရိငြီးငွေ့ဖွယ် ဖြစ်ပေလိမ့်မည်။ ရေးဟန်ပညာသည် စာကိုမည်သို့၊ မည်ပုံရေးကြောင်း လေ့လာသော ပညာရပ်သက်သက်ဖြစ်သည်။ မည်သည့် အကြောင်းအရာရေးသည်ဆိုခြင်းထက် ထိုအကြောင်းအရာကို မည်သည့်စကားလုံးများအသုံးပြု၍ ရေးကြောင်းကိုလေ့လာသည်။ အပြောစကားပြေဟန်နှင့် အရေးစကားပြေဟန်တို့ကိုခွဲခြားသိမြင်သည်။ မည်သည့် ပုဒ်များဖြင့် မည်သို့သောပုဒ်စုတို့ကို ဖွဲ့စည်းကြောင်း လေ့လာသည်။

၀ါကျတို့၏ ဖွဲ့စည်းပုံကိုကြည့်၍ ၀ါကျရိုးလော၊ ၀ါကျရောလော သုံးသပ်သည်။ ထုတ်ဖော်ဝါကျ၊ တိုက်တွန်းဝါကျ၊ ငြင်းပယ်ဝါကျ စသည့် ၀ါကျအနက်တို့ကိုဖော်ထုတ်ပေးသည်။ ဦးစားပေးရေးဖွဲ့သောပုဒ်တို့ကို လေ့လာသည်။ ၀ါကျ၌ အသုံးပြုထားသောအလင်္ကာတို့ကို ဆင်ခြင်ကြည့်သည်။ သင်္ကေတအသုံး၊ နိမိတ်ပုံအသုံးတို့ကို တူးဆွတတ်သည်။ အနက်ရင်း၊ အနက်ပွား၊ ပညတ်အနက်၊ ဂယက် အနက် စသည်တို့ကိုဝေဖန်ပေးသည်။ ထို့ကြောင့် ၀ါသနာအရင်းမခံလျှင် ပျင်းရိငြီးငွေ့စရာဖြစ်သည်။

ပျင်းရိငြီးငွေ့ဖွယ် အကြောင်းအရာကို ရေးသားခြင်းသည် လူသူမနီးသောတောအုပ်ကြီးဆီသို့ ချဉ်းကပ်နေသည်နှင့် တူ၏။ ကျွန်တော်သည် သိပ္ပံမောင်ဝ၏ ပုံပြင်တို့ကို လေ့လာရာတွင် လူသူမနီးသောတောအုပ်ကြီးသို့သွားသည့် ခရီးမျိုးနှယ်မဖြစ်ချင်ခဲ့။ မြို့လယ်၌ရှိသော တိရစ္ဆာန်ရုံသို့ သွားရောက်ကာ ဤကားမည်သည့်သတ္တဝါ၊ ထိုကားမည်သို့ စားသောက်သည်၊ ယင်းကားဘယ်ပုံနေထိုင် သည်ဟူ၍ ပြောပြချင်သည်။ ထိုအခါ ပိုသိသူများနှင့်လည်း တွေ့ဆုံရနိုင်သည်။ တွေ့ကြုံလျှင်လည်း ပိုသိသူတို့၏ အဟောအပြောကို နာယူချင်သေး၏။

ထို့အတွက် သိပ္ပံမောင်ဝ၏ “နတ်သမီး ပြဿနာ”ကို ကျွန်တော်ရွေးလိုက်မိသည်။ နတ်သမီး၊ နတ်ထိန်းတို့ ကပ်ဆိုက်ကြသည့် အကြောင်းဖြစ်သည်။ စင်စစ် နတ်သမီးပြဿနာသည် ခေတ်မီပါပေသည်။ ကျွန်တော် ဖတ်ဖူးသမျှ အမ္ဗပါလီမှသည်၊ သိန်းဖေမြင့်၏ အမတ်မင်းမှ လူစီခင်ခင်အလယ်၊ မျက်မှောက်ခေတ် လိင်အလုပ်သမများအထိ နတ်သမီးပြဿနာသည် ခေတ်မီသည့်အပြင် ကျော်လွန်နေသေး၏။ စင်စစ် “နတ်သမီး”သည် ပြည့်တန်ဆာမတို့ကို ညွှန်းဆိုခြင်းသာ ဖြစ်သည်။ ထိုခေတ်၏ ဗန်းစကားတော့ ဟုတ်ဟန်မတူ။

ထိုခေတ်ကပြည့်တန်ဆာကို ဇိမ်မယ်၊ မိန်းမသွမ်း၊ မိန်းမပေါ့၊ မိန်းမရွှင်၊ အပျော်မယ်၊ ကွိတ်၊ အေစီဒီစီဟူ၍ အခေါ်ရှိခဲ့ကြသည် ဟုဖတ်ဖူးသည်။ ထို့ပြင်လည်း ပခြုပ်သည်ဆိုသည့် ဝေါဟာရလည်းတွေ့ဖူးသည်။ ကျွန်တော်တို့ ခေတ်၌ ဖာ၊ ကြက်၊ ပစ္စည်း၊ လိုင်း ဟူ၍လည်း သုံးနှုန်းကြသည်။ ဂျပန်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း၌ “မင်းသမီး”ဟု ခေါ်ဆိုသေးကြောင်းလည်း တွေ့ရသည်။ (နတ်သမီး၊ မင်းသမီးဖြစ်ချင်သူများ သတိချပ်လော။ ) “နတ်သမီး”သည် သိပ္ပံမောင်ဝပြုခဲ့သော သင်္ကေတတစ်ခုလော။ စကားရိုင်းမရေးချင်၍ စကားယဉ်အဖြစ် အသုံးပြုလိုက်ခြင်းလော။ အရွဲ့လော၊ အထေ့လော၊ အယဉ်လော။ မည်သည့်လောဟူ၍တော့ မမှန်းဆတတ်။ ကာလသားရောဂါကို နတ်သမီးရောဂါဟု ခေါ်ဆိုကြသည်ကိုတော့ ဖတ်ဖူးခဲ့သည်။

ပြည့်တန်ဆာအရေးသည်မအေး။ ခေတ်အဆက်ဆက် ပဋိပက္ခဖြစ်နေရသည်။ အမ္ဗပါလီ ပြည့်တန်ဆာဖြစ်ရေးသည်လည်းခက်ခဲခဲ့သည်။ ဗြိတိသျှခေတ် ပြည့်တန်ဆာလုပ်ငန်း တရားဝင်ထားရှိရေးသည်လည်းကန့်ကွက်ခံခဲ့ရသည်။ မျက်မှောက်ခေတ်တိုင်အောင်လည်း ငြင်းပယ်ခံနေရပေသေးသည်။ ပုလိပ်ခေတ် ပြည့်တန်ဆာလုပ်ငန်းနှိမ်နင်းပုံမှာ အုပ်အော်သောင်းနင်းနိုင်လှသည်။ သတင်းမီဒီယာတို့ကလည်း အော်ကြဟစ်ကြသည်။

ထိုအဖြစ်အပျက်ကို သိပ္ပံမောင်ဝဖွဲ့ပုံမှာယဉ်၏။ လှ၏။ သရုပ်ပါ၏။ ပြည့်တန်ဆာမတို့ မှီတည်ရာနေရာကို “နတ်ဘုံနတ်နန်းများ”ဟု သုံး၏။ ပြည့်တန်ဆာနှင့် ပြည့်တန်ဆာခေါင်းတို့ကို “နတ်သမီးနှင့် နတ်ထိန်း”ဟုဆိုထား၏။ မသန့်ရှင်းသောလိင်ကြောင့်ရသည့်ရောဂါတို့ကို နတ်သမီးရောဂါဟုတင်စား၏။ ပြည့်တန်ဆာနှိမ်နင်းရေးစီမံချက်ကို နတ်သမီးအရေးတော်ပုံဟု ခပ်ထေ့ထေ့ပြု၏။ သိပ္ပံမောင်ဝ၏ အဖွဲ့များနှင့် ပတ်သက်လျှင် စိတ်ကူးဉာဏ်ဖြင့် မမွမ်းမံဘဲ ဒိုင်ယာရီဆန်ဆန် ရေးသားတတ်သည်ဟု ဆရာတက်တိုးက မှတ်ချက်ချခဲ့ဖူးသည်။ သို့သော်လည်း နတ်သမီး၊ နတ်ထိန်း၊ နတ်သမီးရောဂါ စသည့်စကားလုံးများသည် ထိုခေတ်က ဗန်းစကားသာ မဟုတ်ခဲ့လျှင် သိပ္ပံမောင်ဝ၏ စိတ်ကူးပုံဖော်နေမှုကိုအတိုင်းသားတွေ့မြင် နေရလေသည်။

မိန်းမလိုက်စားခြင်း၌ အဖိုးအခပေးရခြင်းကိုလည်း ဤသို့ဖွဲ့ထားလေသည်။ ဖတ်ကြည့်လော့။

“နောက်ပြီးတော့လည်း သီးသန့်ထားတဲ့ နတ်ဘုံနတ်နန်းက နတ်သမီးတွေဟာ စိတ်ချရတယ်ဆိုရင် ကလေကလွင့် နတ်သမီးတွေကို ဘာထောက်ပံ့ကြေးပေးတော့မလဲ၊ ထောက်ပံ့ကြေးမရရင် ကလေကလွင့် နတ်သမီးတွေဟာ စုတေစိတ်ကျကုန်ရော မဟုတ်လား”ဟု  “ထောက်ပံ့ကြေး”ဟုသုံးနှုန်းရေးဖွဲ့ထားပုံမှာ လှလည်းလှ၊ယဉ်လည်း ယဉ်လှသည်။

အမှန်စင်စစ်တွင် သိပ္ပံမောင်ဝ၏ ထူးခြားသောရေးဟန်မှာ မိန်းကလေးများ ဇယ်ခုပ်သကဲ့သို့ ၀ါကျများကိုဖြတ်ခနဲ၊ ဖြတ်ခနဲ ရေးသားတတ်ခြင်းပင် ဖြစ်သည်။ ကြိုးခုန်သကဲ့သို့ ဆတ်ခနဲ၊ ဆတ်ခနဲရှိလှသည်။ ဆိုလိုရင်းကြိယာကို ဒက်ခနဲ၊ ဒက်ခနဲမြင်အောင် ၀ါကျများက တိုတောင်းတတ်သည်။ သို့သော် “နတ်သမီး ပြဿနာကြီး” သည် ၀ါကျရိုးနည်းပြီး ၀ါကျရော ၀ါကျလတ်များကို အတွေ့ရများသော ခေတ်စမ်းတစ်ပုဒ် ဖြစ်နေသည်။ စကားပြေထက် စကားပြောတို့ကို ပိုဖတ်ရသည်။ ခင်သန်းမြင့်နှင့် စကားပြောသည်။ စကား ပြောသည့်အတိုင်းရေးထားသည်။ ကာတွန်းဆရာ ကိုဟိန်စွန်းနှင့် စကားလက်ဆုံကျကြသည်။ လက်ဆုံကျသည့်အတိုင်း ဖော်ပြထားသည်။

ပြည့်တန်ဆာလုပ်ငန်း တရားဝင်ရပ်တည်ရေးအတွက် အချေအတင်ပြုကြသည်။ စင်စစ် ပြည့်တန်ဆာလုပ်ငန်းသည် လူ့သမိုင်းစဉ်ကြီးတစ်လျှောက်လုံး၌ မပျောက်မပျက် လိုက်ပါလာနိုင်သော ရှေးအကျဆုံးအသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ ကျွန်တော်တို့ခေတ်ကျမှ မိုးကျမှိုနှယ်  ဘွားခနဲပေါက်ဖွားလာသော လုပ်ငန်းမဟုတ်။  ထိုအကြောင်းတို့ကို မောင်လူအေးနှင့် ကိုဟိန်စွန်းတို့ အပြန်အလှန် ပြောကြ၏။ ပြည့်တန်ဆာလုပ်ငန်းကို စည်းနှင့်ကမ်းနှင့် လိုင်စင်နှင့် တရားဝင်လုပ်ကိုင်ကြဖို့ ဟူသောအဖြေထွက်သည် အထိဆွေးနွေးကြ၏။ အားလုံးနီးပါးသည် ပြောစကားများသာဖြစ်သည်။

ပြောစကားများဖြစ်သည့်အတွက် အပြောသုံးစကားလုံးနှင့် ပြောထုံးဝါကျတို့ကို တွေ့ရသည်။ မြန်မာ့အရေးအသားတွင် အရေးစကားပြေဟန်၊ အပြောစကားပြေဟန်၊ အပြောသက်သက်ဟန်ဟူ၍ ရှိသည်ဟုသုံးသပ်မိသည်။ “နတ်သမီး ပြဿနာကြီး”တွင် အပြောလေများကို အမိအရဖမ်းဆုပ်ရေး ထားသော်လည်း အပြောစကားပြေအဖြစ်မှ လွတ်ထွက်မသွားဟုဆိုရမည်။ (ဒါပဲပြောမယ်။ ဟာ-။ နို့ပေမဲ့။ ကိုင်းဘယ်လို အမြစ်ကိုတူးပစ်မလဲ။ ဘယ်ပြတ်မတုံး။ သြော်--ဟုတ် လား။ ဒါကတော့ ဟုတ်ပါရဲ့။ အောင်မယ်-။ စသည့် ပြောစကားများကို ထည့်သွင်းအသုံးပြုသည့်တိုင် မလိုအပ်သောအင်းအင်း အဲအဲ နှုတ်ထွက်သံများကို ထည့်သွင်းအသုံးပြုထားသည်ကိုမတွေ့ရပေ။

ကျွန်တော် နောက်ထပ်သတိပြုမိသည်မှာ “နတ်သမီး၊ နတ်ထိန်းတွေကို ပုလိပ်ကဖမ်းတဲ့အကြောင်း သတင်းစာတွေမှာ အင်မတန် ပါနေပါကလားဗျ” “ရန်ကုန်မှာ နတ်သမီးတွေ ဒီကလောက်များလား”ဟူသော ပြောစကားတို့၌ (ပါနေပါကလား)။ (ဒီကလောက် များလား) ဆိုသည့် “က” ပါဝင်ရေးဖွဲ့ထားမှုပင် ဖြစ်သည်။ ထို “က” သည် အခြေခံသဒ္ဒါကျမ်းတို့အရ ပုဒ်လည်းမဟုတ်။ ရှေ့မှ စကားလုံးတို့ကိုလေးနက်မှုပေးသည့် စကားလုံး အမျိုးအစား၌လည်းမထင်။ ကျွန်တော့်အမြင်ပြောရလျှင် ဒေသသံ စကားလုံးသာဖြစ်ပေလိမ့်မည်။ ထိုသို့မှမဟုတ်လျှင် သိပ္ပံမောင်ဝ၏ ပင်ကိုလေ ဖြစ်လိမ့်မည်။ ဒေသသံကို ထည့်သွင်းခြင်းလော၊ ပင်ကိုသံပါဝင်နေခြင်းလော ဆိုသည်ကိုတော့ နောက်ထပ်ပုံပြင်များဖတ်၍ ထပ်မံလေ့လာရန် လိုပေသေးတော့သည်။

Most Read

Most Recent