နံနက်မိုးလင်းပြီဆိုသည်နှင့် လူတိုင်းတစ်နေ့တာ လုပ်ငန်းဆောင်တာများကို စတင်ကြရသည်။ တကယ်တော့ လူတစ်ယောက်သည် နေ့စဉ်အသက်ရှင်သန်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေကြရပါသည်။ ထိုသို့ တစ်နေ့တာ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်ခြင်းဆိုသည်မှာ တစ်စုံတစ်ခုကို ရွေးချယ်ရခြင်းများနှင့် မေးခွန်းများကို ရင်ဆိုင်အဖြေပေးနေရခြင်း ဖြစ်ပါသည်။
ကျွန်တော် တက္ကသိုလ်ကျောင်းသားဘဝက နှုတ်ဖြေစာမေးပွဲတစ်ခုတွင် ဖြစ်ပါသည်။ စာစစ်သူက မေးသောမေးခွန်း၏ အဖြေကို မသိသောကြောင့် မှန်လိုမှန်ငြား အဖြေတစ်ခုကို မှန်း၍ဖြေလိုက်မိပါသည်။ ကျွန်တော့်၏အဖြေကို ကြားသောအခါ “You don’t know two things” (မင်းက အကြောင်းအရာ နှစ်ခုစလုံးကို မသိဘူးပဲ) ဟု စာစစ်သူဆရာက ပြောပါသည်။ ဆရာသည် ကျွန်တော်ဖြေသောအဖြေကို မှားသည်ဟု ရိုးရိုးလေးမှတ်ချက်မပြုဘဲ ပိုမိုလေးနက်စွာ “မင်းက အကြောင်းအရာနှစ်ခုစလုံး မသိဘူးပဲ”ဟု မှတ်ချက်ချခဲ့ပါသည်။
ဆရာ၏ ဆိုလိုရင်းမှာ ကျွန်တော်သည် မေးခံရသောမေးခွန်းနှင့် ပတ်သက်သည့် ဖြေဆိုရမည့် အကြောင်းအရာ အဖြေကို သိရှိနားလည်ခြင်းမရှိသည့်အပြင် အဖြေထင်ပြီး လွဲမှားဖြေဆိုခဲ့သော အကြောင်းအရာနှင့် ပတ်သက်၍လည်း သေသေချာချာ နားလည်ခြင်းမရှိဟု ဆိုလိုခြင်းဖြစ်ပါသည်။ မေးခွန်းတစ်ခုကို အဖြေတစ်ခုပေးလိုက်ခြင်းဖြင့် အကြောင်းအရာနှစ်ခု မသိကြောင်း ဖော်ပြလိုက်သလိုပင် ဖြစ်ပါသည်။
ကျွန်တော်တို့ နေ့စဉ်အသက်ရှင်သန်နေရသော အချိန်များတွင်လည်း ထိုကဲ့သို့ လွဲမှားနေမှုများကို တစ်နည်းမဟုတ်တစ်နည်း ရင်ဆိုင်နေကြရပါသည်။ အကြောင်းအရာတစ်ခုအတွက်အမှန်ကို မသိနားမလည်သည့်အပြင် မှားနေသောအကြောင်းအရာတစ်ခုကို အမှန်ဟုထင်မြင်ယုံကြည်နေတတ်သော ကိစ္စများရှိတတ်ကြပါသည်။ အလွန်ထိတ်လန့်ဖွယ်ကောင်းသော အခြေအနေမျိုးဖြစ်ပါသည်။
တစ်ရက်က မိတ်ဆွေအချို့နှင့် လက်ဖက်ရည်ဆိုင်ထိုင်ပြီး လက်ဖက်ရည်သောက်နေစဉ် ဆိုင်ရှေ့မှ အမျိုးသမီးကြီးတစ်ဦး ဖြတ်သွားသည်ကို တွေ့လိုက်ရပါသည်။ အမျိုးသမီးကြီးမှာ အဝတ်အစား ခပ်နွမ်းနွမ်းကို ဝတ်ထားပြီး လက်ထဲတွင် တစ်စုံတစ်ခုပါပုံရသော ကြွပ်ကြွပ်အိတ်တစ်လုံးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ဆိုင်ရှေ့မှဖြည်းဖြည်းချင်း ဖြတ်သွားနေပါသည်။ အတူတူထိုင်နေသော ၀ိုင်းထဲမှမိတ်ဆွေတစ်ယောက်က ထိုအမျိုးသမီးကြီးကိုညွှန်ပြပြီး အဲဒီမိန်းမပေါ့ဗျာ စဉ်းစားဆင်ခြင်ဉာဏ်နည်းတော့ အခုဒုက္ခရောက်နေရပြီပေါ့။ တစ်နေ့တစ်လုံးရွှေဥဥပေးမည့် ငန်းကိုမွေးထားရကောင်းမှန်းမသိဘူး။ မွေးမထားတဲ့အပြင် မောင်းထုတ်လိုက်သေးတယ်။ ပြီးတော့ အုတ်နံရံကို ခေါင်းနဲ့ပြေးဆောင့်တယ်။ဒုက္ခရောက်တာပေါ့ဗျာဟု ပြောလေသည်။
အားလုံးက စိတ်ဝင်တစားဖြင့် အဖြစ်အပျက်ကို ၀ိုင်းမေးကြပါတော့သည်။ ထိုအခါမှ စကားစသော မိတ်ဆွေက အကြောင်းစုံကို ပြောပြပါသည်။ လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်သွားသော အမျိုးသမီးကြီးတွင် သမီးတစ်ယောက်ရှိပါသည်။ အမေတစ်ခု သမီးတစ်ခုဖြစ်ပြီး သမီးဖြစ်သူကို အလွန်ချစ်သည် ဟုဆိုသည်။ သမီးဖြစ်သူက အသက် ၂၀ ဝန်း ကျင်အရွယ် ချောချောလှလှ တောင့်တောင့်ဖြောင့်ဖြောင့်လေး ဖြစ်ပါသည်။ ထိုမိန်းကလေးမှာ ငွေကြေးနှင့် ပတ်ဝန်းကျင်မှ ဆွဲဆောင်ဖြားယောင်းမှုကို ရှောင်လွဲနိုင်ပုံမရဘဲ အသက် ၆၀ ကျော်အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့်တွေ့ပြီး အငယ်အနှောင်းဖြစ်သွားလေသည်။ မိခင်ဖြစ်သူက သူ့သမီးကို အဖေအရွယ်လူတစ်ယောက်၏ အငယ်အနှောင်းဖြစ်နေခြင်းကို လက်မခံနိုင်ဘဲ အမျိုးမျိုးတားဆီးခဲ့သည်ဟု ဆိုသည်။
နောက်ဆုံး တားမရသောအခါ စီးပွားရေးလုပ်ငန်းရှင်ကြီးအား သူ့သမီးကိုဖြားယောင်းသွေးဆောင်မှုဖြင့် အမှုဖွင့်ကာ တရားစွဲပါတော့သည်။ ထိုသို့ တရားစွဲသော်လည်း သမီးဖြစ်သူက စီးပွားရေးလုပ်ငန်းရှင်ကြီးဘက်တွင် ရပ်နေသောကြောင့် အမှုလုပ်မရ ဖြစ်သွားပါသည်။
နောက်ထပ်တစ်ခါ တစ်လင်တစ်မယားဥပဒေနှင့် တိုင်ပြန်ပါသည်။ ထိုအခါ စီးပွားရေးလုပ်ငန်းရှင်ကြီးမှာ တရားစွဲခံရပြီး တရားရုံးကိုရောက်သွားပါသည်။ တရားရုံးတွင် အမှုစစ်ဆေးသောအခါ သမီးဖြစ်သူမှာ အစစ်ဆေးခံရလေသည်။ ထိုသို့အစစ်ဆေးခံရသောအခါ မိန်းကလေးက စီးပွားရေးလုပ်ငန်းရှင်ကြီးနှင့် အတူနေသည်မှာ နှစ်နှစ်ကျော်ပြီ ဖြစ်ကြောင်း သက်သေများရှိ၍ မငြင်းနိုင်ဘဲ ဝန်ခံရလေတော့သည်။
သို့သော် မိန်းကလေးက ဆက်ပြောသည်မှာ သူတို့မှာအတူနေကြသော်လည်း လင်မယားမဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးနှင့် တစ်ခါအတူနေ၍ ဆက်ဆံပြီးတိုင်း သူကအခကြေးငွေရယူပါကြောင်း ထွက်ဆိုသည်။ ထိုအခါ စီးပွားရေးလုပ်ငန်းရှင်ကြီးမှာ တစ်လင်တစ်မယားဥပဒေနှင့် တရားစွဲခံရခြင်းမှ ကွင်းလုံးကျွတ်လွတ်ပြီး ပြည်တန်ဆာဥပဒေအရ ဒဏ်ငွေလောက်နှင့် အမှုပြီးသွားသည်ဟု ဆိုသည်။
ထိုကိစ္စကို ပြောပြသော မိတ်ဆွေက ဆက်ပြောသည်မှာ သူ့မိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင်ကြီးမှာ အလွန်အစွမ်းထက်ပြီး ပိုင်ရာဆိုင်ရာများကိုအိတ်ထဲထည့်ထားနိုင် သူဖြစ်ကြောင်း ဖြစ်လာသမျှ ပြဿနာများကို ငွေလမ်းခင်း၍ဖြေရှင်းနိုင်သူဖြစ်ကြောင်း အသက်ကြီးသော်လည်း မပျက်စီးသေးဘဲ မိန်းမငယ်ငယ်လေးကို ငွေပေး၍ ချုပ်ထားနိုင်သည်မှာ အတုယူစရာအရည်အချင်း ဖြစ်ကြောင်း ထိုသူနှင့် မိတ်ဆွေဖြစ်ရသည်ကိုလည်း အလွန်ဂုဏ်ယူကြောင်း အားပါးတရ ပြောပြလေသည်။
မိန်းကလေး၏မိခင်မှာ အလွန်စဉ်းစားဆင်ခြင်ဉာဏ်နည်းသောကြောင့် တရားစွဲခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီးထံမှ ပေးစာကမ်းစာကို အေးအေးထိုင်စားနေသင့်ကြောင်း၊ ထိုသို့ အေးအေးထိုင်မစားဘဲ သူ့သမီးမှာ အဘိုးကြီး၏မယားငယ်ဖြစ်ရလေခြင်းဟု မကျေမနပ်ဖြင့် ပြဿနာရှာသောကြောင့် နောက်ဆုံးတွင် သူပင်အမှုရှုံး၍ ပိုမွဲသွားရကြောင်း ဆက်ပြောပြပါသည်။
ထိုင်နားထောင်နေကြသူများကလည်း ပြောပြသော မိတ်ဆွေစကားကို ထောက်ခံရင်း မိန်းမောနေမိကြပါသည်။ ထိုမိတ်ဆွေများနှင့်အတူ မိန်းမောနေမိသော ကျွန်တော်၏ နားထဲတွင်တော့ ရုတ်တရက် ငယ်ငယ်က ကျွန်တော့်ဆရာ ပြောခဲ့သော “You don’t know two things” (မင်းက အကြောင်းအရာနှစ်ခုစလုံးကို မသိဘူးပဲ) ဟူသော ဆုံးမစကားကို ကြားလိုက်မိပါသည်။
ကျွန်တော်တို့သည် လူ့ကျင့်ဝတ် လူ့ဂုဏ်သိက္ခာစံအရ တန်ဖိုးထားအပ်သော အရာများကို တန်ဖိုးထားရမည်ဆိုသည့်အဖြေကို မသိသည့်အပြင် ညစ်ပတ်စုတ်ပဲ့ လူ့ကျင့်ဝတ်နှင့်သွေဖီသော ဂုဏ်သိက္ခာကင်းမဲ့သောလုပ်ရပ်များကို အားကျအတုယူစရာဟုထင်သော အဖြေမှားကို လက်ခံထားမိသော နှစ်ခုစလုံးမသိကြသောသူများ ဖြစ်ကြပါသည်။
လမ်းလျှောက်ပြိုင်ပွဲတစ်ခုတွင် နာမည်ကြီးပြိုင်ပွဲဝင်တစ်ယောက်က အနိုင်ရပြီး ဗိုလ်စွဲပါသည်။ သူ၏ စံချိန်မှာအလွန်ကောင်းပြီး အခြားပြိုင်ပွဲဝင်များ လိုက်မမီလောက်သောအနေအထားဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပါသည်။ ပြိုင်ပွဲ၏ အနိုင်အရှုံးရလဒ်ကို ကြေငြာသောအခါ ပြဿနာပေါ်လာပါတော့သည်။
အခြားသောပြိုင်ပွဲဝင်များက အနိုင်ရဗိုလ်စွဲသူကို ပထမမရသင့်ကြောင်း ကန့်ကွက်ကြပါတော့သည်။ သူတို့ကန့်ကွက်သော အကြောင်းပြချက်မှာ အနိုင်ရဗိုလ်စွဲသူမှာ လူအလစ်တွင် လမ်းမလျှောက်ဘဲ ပြေးခဲ့ကြောင်း စွပ်စွဲကြပါသည်။
ကျွန်တော်တို့ ပွဲကြည့်ပရိသတ်များကတော့ ပထမရဗိုလ်စွဲသူမှာ စံချိန်တင် အပြတ်အသတ် အနိုင်ရထားခြင်းဖြစ်သောကြောင့် ပြေးပြေး မပြေးပြေး အနိုင်အရှုံးရလဒ်ကတော့ အပြောင်းအလဲမရှိနိုင်ဟု ယုံကြည်ကြသည်။ ရလဒ်အရ အနိုင်ကအနိုင်ပဲဟု ထင်ကြသည်။
တကယ်တမ်း ကျွန်တော်တို့ လူအများစုသည် ကိစ္စတစ်ခုကို စဉ်းစားရာတွင် ရလဒ်ကို အခြေခံ၍ အဓိကထား စဉ်းစားတတ်ကြပါသည်။ ခရီးတစ်ခု ရောက်သွားသည်ကိုသာစဉ်းစားပြီး ထိုခရီးကို မည်ကဲ့သို့ရောက်လာသနည်းဟူသော အချက်ကိုမူ စဉ်းစားလေ့မရှိတတ်ကြပါ။
လမ်းလျှောက်ပြိုင်ပွဲတစ်ခုတွင် ပန်းတိုင်သို့ အရင်ရောက်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်မှာ မှန်သော်လည်း ထိုအဖြေက အမြဲမမှန်နိုင်ပါ။ လမ်းလျှောက်ပြိုင်ပွဲတစ်ခုတွင် ပန်းတိုင်သို့ရောက်ရန် ပြိုင်ပွဲဝင်သူသည် အမှန်တကယ် လမ်းလျှောက်ဖို့လိုပါသည်။
ပန်းတိုင်သို့ အရင်ရောက်ခြင်းသည် အရေးကြီးသလား။ ပန်းတိုင်သို့ မည်သည့်ပုံဖြင့် ရောက်လာခြင်းသည် အရေးကြီးသလား။ နှစ်ခုစလုံးက အရေးကြီးသလားဟူသော မေးခွန်းများကို စဉ်းစားမိသောအခါ ကျွန်တော်သည် ငယ်ငယ်က ဆရာဆုံးမခဲ့သော “You don’t know two things” (မင်းက အကြောင်းအရာနှစ်ခုစလုံးကို မသိဘူးပဲ) ဟူသော စကားကိုသာ ပြန်လည်ကြားယောင်နေမိပါသည်။
ကျွန်တော်တို့ နေ့စဉ်တစ်သက်တာကို အသက်ရှင်နေရချိန်တွင် တစ်စုံတစ်ခုကို ရွေးချယ်ရခြင်းများနှင့် မေးခွန်းများကို ရင်ဆိုင်အဖြေပေးနေရခြင်းများမှာ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့နေရမည် ဖြစ်ပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် အဖြေမှန်ကို ကောင်းမွန်စွာ ရွေးချယ်ပေးနိုင်ရန် အရေးကြီးပါသည်။ ကိုယ်ပေးမိသောအဖြေတစ်ခုအားဖြင့် ကျွန်တော်တို့သည် နှစ်ခုစလုံးမသိသောသူများ မဖြစ်အောင် ဆင်ခြင်ကြရမည် ဖြစ်ပါသည်။










