အာဆီယံနိုင်ငံများ၏ ကုန်ထုတ်ကဏ္ဍ ပြန်လည်ဦးမော့လာသော်လည်း မြန်မာနိုင်ငံမှ ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံး ဆုတ်ယုတ်နေ
အာဆီယံနိုင်ငံအများစု၏ ကုန်ထုတ်ကဏ္ဍပြန်လည်ဦးမော့လာသော်လည်း မြန်မာနိုင်ငံမှ ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံး ဆုတ်ယုတ်နေသည့်အခြေအနေနှင့်ဆက်လက်ရင်ဆိုင်နေရကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော ဇန်နဝါရီလ IHS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။
IHS Markit ဝယ်ယူရေးမန်နေဂျာများ၏အညွှန်းကိန်း (PMI) နောက်ဆုံးဒေတာအရ အာဆီယံ ထုတ်လုပ်ရေးနာလန်ထူလာမှုသည် ၂၀၂၁ ခုနှစ်ထဲသို့ ဆက်ခဲ့သည်။ PMI အညွှန်းကိန်းသည် ဇန်နဝါရီလတွင် ၅၁ ဒသမ ၄ အဖြစ်မှတ်တမ်းတင်ခဲ့ပြီး ဒီဇင်ဘာလ၏ ၅၀ ဒသမ ၈ ထက် မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလမှစ၍ အာဆီယံထုတ်လုပ်ရေးကဏ္ဍအတွက် အမြန်ဆုံးတိုးတက်မှုကို အချက်ပြလိုက်သည်။
အားကောင်းစွာနာလန်ထူလာခြင်းအတွက် အဓိကအကျဆုံး မှာ စက်ရုံထုတ်လုပ်မှုရော အော်ဒါသစ်များပါ လျင်မြန်စွာတိုးလာမှု ဖြစ်သည်။ ထုတ်လုပ်မှုမှာ နှစ်နှစ်ခွဲကာလအတွင်း အမြန်ဆုံးနှုန်းဖြင့် မြင့်တက်လာပြီး အလုပ်သစ်များ ဦးမော့လာမှုမှာ ၂၀၁၄ ခုနှစ် ဇူလိုင်မှ စပြီး အမြန်ဆုံးဖြစ်ခဲ့သည်။ ပစ္စည်းပေးသွင်းမှုကြာမြင့်ချိန်များ ရှေ့ဆက်တိုးလာခြင်းကပါ အဓိကအကျဆုံး ကိန်းဂဏန်းကို ဇန်နဝါရီလတွင် မြှင့်ပေးခဲ့သည်။ ခြုံပြောရလျှင် ပစ္စည်းပေးသွင်းမှုအခြေအနေမှာ သိသာစွာ ဆုတ်ယုတ်လာခဲ့ပြီး ကြန့်ကြာမှု၏ပြင်းထန်မှုမှာ ဒီဇင်ဘာနှင့် ယှဉ်လျှင် အနည်းငယ်မျှပြောင်းလဲခဲ့သည်။
ဤအတောအတွင်း ဝယ်လိုအား ထပ်ပြီးတိုးလာသည်နှင့်အတူ ကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်၏ ပထမလအတွင်း အလုပ်နေရာဖြတ်တောက်မှုကို လျှော့ချခဲ့ကြသည်။ အလုပ်နေရာထဲက နောက်ဆုံး လျှော့ချခဲ့မှုမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလမှစပြီး အနည်းဆုံးဖြစ်ပြီး ညင်သာခဲ့သည်။ ဝန်ထမ်းဦးရေပမာဏများ ကျဆင်းခဲ့သည့်တိုင်အောင် လက်ကျန်အလုပ်ပမာဏမှာ ရှေ့ဆက်ကျဆင်းလာခဲ့သော်လည်း လက်ရှိ ၁၉လကြာ ကျဆင်းမှုအစဉ်ထဲတွင် အနှေးဆုံးနှုန်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကုန်စည်ထုတ်လုပ်သူတို့သည် ဇန်နဝါရီလတွင် ထည့်သွင်းကုန်ဝယ်ယူမှုကို ဆက်ပြီးလျှော့ချခဲ့ကြသော်လည်း လျှော့ချမှုနှုန်းမှာ ဒီဇင်ဘာကဲ့သို့ပင် မပြောင်းမလဲရှိခဲ့ပြီး ဒသမဂဏန်းမျှသာဖြစ်သည်။
စျေးနှုန်းများကို လေ့လာကြည့်လျှင် ဇန်နဝါရီလတွင် စရိတ်စက ဖိအားပေးမှုများ ပိုပြင်းထန်လာသည်။ ထုတ်လုပ်မှုစရိတ်များမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစပြီး အပြင်းထန်ဆုံးအရှိန်ဖြင့် တက်လာခဲ့ပြီး ခြုံပြောရလျှင် သိသာခဲ့သည်။ သို့ဖြစ်၍ ထုတ်လုပ်သူတို့သည် သုံးလဆက်တိုက်စက်ရုံရောင်းစျေး များကိုမြှင့်ခဲ့ကြရာ ၂၀၁၉ ခုနှစ် မေလမှစပြီးရောင်းစျေးငွေကြေးဖောင်းပွမှုနှုန်းမှာ အများဆုံးဖြစ်သည်။
အနာဂတ်သို့ မျှော်ကြည့်လျှင် အာဆီယံကုမ္ပဏီများသည် ၁၂ လ အတွင်း ထုတ်လုပ်မှုမြင့်မားလာမည်ဟု ယုံကြည်မြဲ ယုံကြည်လျက်ရှိသည်။ အပြုသဘောမြင်မှု ပမာဏမှာ ဒီဇင်ဘာလမှ မသိမသာထိုးကျသွားခဲ့ပြီး သမိုင်းထဲတွင် အားနည်းသည့် အဆင့်ဖြစ်သည်။
စစ်တမ်းတွင် အကျုံးဝင်သည့် အာဆီယံခုနစ်နိုင်ငံတွင် စွမ်းဆောင်နိုင်စွမ်းမှာ ဇန်နဝါရီလတွင် မညီညာခဲ့ပါ။ နာလန်ထူမှုကို ရှေ့ဆုံးမှ ဦးဆောင်သူမှာ စင်ကာနိုင်ငံဖြစ်ပြီး PMI အညွှန်းကိန်း ၅၅ ဒသမ ၉ ဖြစ်သည်။ ကျန်နိုင်ငံများအကြားတွင် ဖိလစ်ပိုင်နိုင်ငံက ဒုတိယမြောက် စွမ်းဆောင်ရည် ကောင်းမွန်ခဲ့ပြီး PMI အညွှန်းကိန်း ၅၂ ဒသမ ၅ ဖြင့် တိုးတက်မှုကို မှတ်တမ်းတင်ခဲ့သည်။
ဤအတောအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ နာလန်ထူမှုမှာ ၂၀၂၁ ခုနှစ် နှစ်စပိုင်းတွင် အားကောင်းလာခဲ့ပြီး PMI အညွှန်းကိန်း ၅၂ ဒသမ ၂ သို့ တက်လှမ်းခဲ့သည်။ ဗီယက်နမ်နိုင်ငံကလည်း ထုတ်လုပ်ရေး အခြေအနေ တိုးတက်လာမှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး PMI အညွှန်းကိန်း ၅၁ ဒသမ ၃ ရှိခဲ့သော်လည်း ယခင်လနှင့်ယှဉ်ပါက အနည်းငယ် ကျဆင်းလာခဲ့သည်။
တစ်ချိန်တည်းတွင် ထိုင်းနိုင်ငံက အခြေအနေများ အသစ်တစ်ဖန်ဆုတ်ယုတ်လာမှုကို မှတ်တမ်း တင်ခဲ့ပြီး PMI အညွှန်းကိန်း ၄၉ ဒသမ ၀ မှာ စက်တင်ဘာမှစပြီး ပထမအကြိမ်အဖြစ် ကြားအမှတ် ၅၀ ဒသမ ၀ အောက်သို့ ထိုးကျခဲ့ခြင်းဖြစ်သည်။ မလေးရှားနိုင်ငံကလည်း ကျဆင်းမှုနှုန်းရှေ့ဆက်ခဲ့ ပြီး PMI အညွှန်းကိန်း ၄၈ ဒသမ ၉ သာရှိခဲ့သည်။
နောက်ဆုံးအနေဖြင့် ဇန်နဝါရီဒေတာက မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ ရှေ့ဆက်ကျဆင်းလာမှုကို မီးမောင်းထိုးပြလိုက်ပြီး PMI အညွှန်းကိန်း ၄၇ ဒသမ ၈ ရှိခဲ့သော်လည်း ယင်းမှာ ၂၀၂၀ ပြည့်နှစ် ဇွန်လမှစ၍ အနည်းဆုံးကျဆင်းမှုနှုန်းဖြစ်ခဲ့သည်။
IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က “ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ နှစ်လဆက်တိုက်နဲ့ ၂၀၁၈ ခုနှစ် မေလမှစပြီးအားအကောင်းဆုံးနှုန်းနဲ့ မြင့်တက်ကာ အာဆီယံက ၂၀၂၁ ခုနှစ် နှစ်ဆန်းကို ခိုင်ခိုင်မာမာစတင်လိုက်ပါတယ်။အခိုင်အမာ နာလန်ထူနိုင်မှုအတွက် အဓိကအကျဆုံးအချက်က ထုတ်လုပ်မှုမှာရော အော်ဒါအသစ်တွေပါ မြန်မြန်ဆန်ဆန် ဦးမော့လာမှုဖြစ်ပြီး ထုတ်လုပ်မှုက ၃၂ အတွင်း အမြင့်ဆုံး တက်လှမ်းချိန်မှာ အော်ဒါအသစ်တွေတိုးရမှုကလည်း ၂၀၁၄ ခုနှစ်မှစပြီး အများဆုံးဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဝယ်လိုအားနည်းပါး၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်ရရှိမှု ဆက်လက်ကျဆင်းနေ
မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ Lockdown ကန့်သတ်ချက်များ ရင်ဆိုင်နေရခြင်းကြောင့် ဆိုးရွားစွာ ထိခိုက်နေဆဲဖြစ်ပြီး ဝယ်လိုအားနည်းပါးနေ၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များရရှိမှု ဆက်လက်ကျဆင်းနေကြောင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ် ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index-ဝယ်ယူရေးမန်နေဂျာများ၏အညွှန်းကိန်း)အရ သိရသည်။
မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများ အခြေအနေမှာ ၂၀၂၁ခု နှစ်အစတွင် ရှေ့ဆက်ဆုတ်ယုတ် လာခဲ့သည်။ COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ရန်ချမှတ်ခဲ့ရသည့် ကန့်သတ်မှုများ ဆက်ပြီးရှိနေခြင်းကြောင့် စက်ရုံများ ပိတ်ထားရပြီး ထုတ်လုပ်မှု ငါးလဆက်တိုက်ကျဆင်းလာခဲ့သည်။ အော်ဒါအသစ်များသည်လည်း ငါးလဆက်တိုက် ကျဆင်းလာခဲ့သော်လည်း ယခုအစဉ်ထဲတွင် အရှိန်အညင်သာဆုံးဖြစ်ခဲ့ပြီး စက်မှုလုပ်ငန်းတဝန်းတွင် အလုပ်နေရာဖြတ်တောက်ခံခဲ့ရမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ ထုတ်လုပ်မှုကျဆင်းလာမှုကြောင့် ကုမ္ပဏီများဝယ်ယူမှုများကို ထိန်းချုပ်လာကြ၍ ထည့်သွင်းကုန်ဝယ်ယူမှုများ တစ်ဟုန်ထိုးကျဆင်းခဲ့သည်။ သို့သော်လည်း လုပ်ငန်းများတိုးချဲ့ရန် စီမံကိန်းများက အကောင်းမြင်စိတ်ကို ဇန်နဝါရီလတွင် မြှင့်တင်ပေးခဲ့၍ ၁၁ လအတွင်း အမြင့်ဆုံးသို့ အားကောင်းလာခဲ့သည်။
စျေးနှုန်းများကို လေ့လာကြည့်လျှင် ကုန်ကြမ်းများရှားပါးမှုကြောင့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ တစ်ဟုန်ထိုးတိုးလာသည်။ရောင်းစျေးများမှာ မသိမသာမျှ တိုးလာခဲ့သော်လည်း ကုန်ကျစရိတ်ဝန်ထုပ်များကို စျေးဝယ်သူများအပေါ်သို့ အကန့်အသတ်ဖြင့် ဖို့ချခဲ့ခြင်းကို ညွှန်ပြနေသည်။
ဇန်နဝါရီအတွက် မြန်မာနိုင်ငံ၏ PMI အညွှန်းကိန်းမှာ ၄၇ ဒသမ ၈ ဖြစ်ပြီး ဒီဇင်ဘာအညွှန်းကိန်း ၄၄ ဒသမ ၇ မှ မြင့်တက်လာခြင်းက မြန်မာထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေများ ကျဆင်းမှုအားပျော့လာခြင်းကို ထောက်ပြနေသည်။ ထုတ်လုပ်ရေးပမာဏများသည် ဇန်နဝါရီလတွင် ငါးလဆက်တိုက်ကျသွားသော်လည်း စက်တင်ဘာတွင် စတင်ခဲ့သည့် ဒုတိယကျဆင်းမှုကာလအတွက် အားအနည်းဆုံးဖြစ်သည်။ ထောက်ပြခဲ့ကြသူအများစုတို့က စက်ရုံများပိတ်ထားရခြင်းနှင့် ဝယ်လိုအား အားပျော့လာမှုကို ဖော်ပြကြသည်။
အဆိုပါစစ်တမ်းကို ပြုစုပေးသည့် IHS Markit မှ စီးပွားရေး ပညာရှင် Shreeya Patel က “မြန်မာထုတ်လုပ်ရေးကဏ္ဍရဲ့ နောက်ထပ် ကျဆင်းကို မှတ်တမ်းတင်လိုက်တဲ့ ဇန်နဝါရီစစ်တမ်းက၂၀၂၁ ခုနှစ် အစ မှုန်မှိုင်းနေတာကို ညွှန်ပြနေပါတယ်။ ဝယ်လိုအား အားပျော့လာခြင်းနဲ့ စက်ရုံတွေပိတ်ထားရခြင်းကို ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်တွေ ကျဆင်းမှုနဲ့ ဆက်စပ်ဖော်ပြကြပါတယ်။ တစ်ချိန်တည်းမှာ အလုပ်ဖြတ်တောက်ခံရမှု ဆက်ရှိနေပြီး ထည့်သွင်းကုန်ဝယ်ယူမှုတွေ တစ်ဟုန်ထိုးကျသွားပါတယ်”ဟု ဆိုသည်။
အလှုပ်အခတ်များဖြစ်ပေါ်ခဲ့သည့် နိုင်ငံခြားငွေကြေးစျေးကွက်နှင့် ရွှေစျေးကွက်
နိုင်ငံခြားငွေကြေးစျေးကွက်နှင့် ရွှေစျေးကွက်တွင် အလှုပ်အခတ်များ ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၃၀ ဝန်းကျင်နှင့် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၄၁၁၀၀၀ အထိ ထိုးတက်ခဲ့ကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၄၀ ဖြင့်စျေးဖွင့်ခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၃၃၀၀၀၀ ကျပ်ဖြင့် စျေးဖွင့်ခဲ့သည်။ ဖေဖော်ဝါ ရီ ၂ ရက် ညနေပိုင်းတွင် နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ၁၃၆၅ ကျပ်၊ ပြည်တွင်း ရွှေစျေးနှုန်း ကျပ် ၁၃၅၅၀၀၀ အထိ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၃၀၊ ပြည်တွင်း ရွှေစျေးနှုန်း ၁၄၀၀၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၄၁၁၀၀၀ ဝန်းကျင်အထိ မြင့်တက်မှုသည် စံချိန်တင်မြင့်တက်မှုလည်း ဖြစ်ခဲ့သည်။
ဒေါ်လာစျေး အမြင့်ဆုံးစံချိန် တင်စျေးနှုန်းမှာ ကျပ် ၁၆၅၀ ဖြစ်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်ပေါ်နေသည့် ကျပ် ၁၄၃၀ ကျော် စျေးတန်းမှာ ၂၀၂၀ ပြည့်နှစ် ဧပြီလ နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။
ပြည်တွင်းရွှေစျေးနှုန်း အမြင့်ဆုံးစျေးနှုန်းမှာ ကျပ် ၁၃၃၆၀၀၀ ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ဖြစ်ပေါ်ခဲ့ပြီး ယခုဖေဖော်ဝါရီ ၃ ရက်တွင် ကျပ် ၁၄၁၁၀၀၀ ဝန်းကျင်ဖြင့် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အခြေခံစားသောက်ကုန် ဝယ်ယူစုဆောင်းမှုများပြားခဲ့သဖြင့် ရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းအချို့ မြင့်တက်ခဲ့သည်။










