၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော်လည်း တပ်မတော်နှင့် အတိုက်အခံပါတီအချို့က မဲစာရင်း အငြင်းပွားမှုများကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။
■ တပ်မတော်ပြောသည့် နိုင်ငံရေးအကျပ်အတည်း
တပ်မတော်နှင့် နိုင်ငံရေးပါတီအချို့က တောင်းဆိုခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ယင်းကိစ္စအပေါ် ဖြေရှင်းပေးခြင်း မရှိသည့်အတွက် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာကြောင်း တပ်မတော်ဘက်က ပြောဆိုမှုများ ရှိခဲ့သည်။
ထူးခြားချက်အနေဖြင့် ဇန်နဝါရီ ၂၀ ရက်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်က ထုတ်ပြန်ချက် တစ်ရပ်ကို ကြေညာသည်။
ယင်းထုတ်ပြန်ချက်၌ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြိုကာလတွင် နိုင်ငံရေးပါတီများ၏ တရားဝင် ထုတ်ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲများ၊ မီဒီယာများသို့ ပြောကြားချက်များနှင့် သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်များအရ ဆန္ဒမဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ခဲ့ကြောင်း၊ ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်အတွက် အဓိက ကျသောကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်၏ ရိုးသားစွာ မှားယွင်းမှုနှင့် ရည်ရွယ်ချက်ရှိသော မှားယွင်းမှု အားလုံးကို အစိုးရအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ကြီးကြပ်ရန် တာဝန်ရှိကြောင်း၊ အစိုးရတစ်ရပ်၏ တာဝန်ကျေပွန်မှုကို နောက်ဆုံး ရွေးကောက်ပွဲကာလအထိ မှတ်ကျောက်တင်ခံရမည်မှာ နိုင်ငံရေးဖြစ်စဉ် တစ်ရပ်ပင်ဖြစ်ပြီး ရွေးကောက်ပွဲ အကြိုကာလတွင် တပ်မတော်က သတိပေး ထုတ်ပြန်ခဲ့ကြောင်း၊ အမေရိကန် အခြေစိုက် International Foundation for Electoral System (IFES) က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကွန်ပျူတာများ ထောက်ပံ့ပေးခဲ့မှုများနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် ထောက်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ပြည်ပအထောက်အပံ့ ရယူခြင်းဖြင့် မြန်မာ့ရွေးကောက်ပွဲတွင် ပြည်ပက ဝင်ရောက် စွက်ဖက်နိုင်ခြေကိုလည်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ထို့ပြင် ရွေးကောက်ပွဲ အကြိုကာလတွင် နိုင်ငံရေးပါတီများ၏ မူဝါဒသဘောထားများကို ပြည်သူသို့ ချပြရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဖြတ်တောက်မှုများလည်း ရှိခဲ့သော်လည်း လက်ရှိ အာဏာရပါတီ၏ မူဝါဒ သဘောထားများ၊ မဲဆွယ်စည်းရုံးမှုများကိုမူ လွတ်လပ်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် အာဏာရပါတီနှင့် အခြားနိုင်ငံရေး ပါတီများအကြားတွင် တရားမျှတမှုမရှိသည့် အခြေအနေရှိခဲ့ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် COVID-19 ကို အကြောင်းပြ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ညွှန်ကြားချက်အမျိုးမျိုး ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်းများကိုလည်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒဖြစ်၍ လက်ခံသင့်သည်မှာ မှန်သော်လည်း ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့နှင့် ရွေးကောက်ပွဲအလွန်တွင် ဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများအရ လိုအပ်ပါက တပ်မတော်သား မဲဆန္ဒရှင်များက ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းနိုင်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများကို ဥပဒေနှင့်အညီ ကူးယူခွင့် တောင်းခံသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်မညီကြောင်းကိုသာ ပြန်လည် သတင်းထုတ်ပြန်ခဲ့ကြောင်း၊ တပ်မတော်၏ မဲစာရင်းစိစစ်တွေ့ရှိချက်များ ထုတ်ပြန်ခဲ့မှုနှင့် စပ်လျဉ်း၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အခြေခံထုတ်ပြန်သည့် မဲစာရင်းမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် မဲပေးသည့် နောက်ဆုံးမဲစာရင်း မဟုတ်ကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည့် ထုတ်ပြန်ချက် တစ်ရပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။
တပ်မတော်၏ မဲစာရင်းစိစစ် တွေ့ရှိချက်များကို ထုတ်ပြန်ရာတွင် မြို့နယ်ပေါင်း ၃၁၄ မြို့နယ်ကို စိစစ်ခဲ့ရာ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၂၉၄၅၆၂၁၊ မဲ မသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၄၆၇၈၁၀၄ စုစုပေါင်း ၇၆၂၃၇၂၅ ကို စိစစ်တွေ့ရှိခဲ့ကြောင်း၊ ဆက်လက်၍ တိုင်းနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့် တစ်ခုအပြန်အလှန် စစ်ဆေးမှု ပြုလုပ်ရာတွင် တိုင်းနှင့် ပြည်နယ် ငါးခုတွင် သာမန်အားဖြင့် မသိနိုင်ဘဲ မဲ မသမာမှုပြုနိုင်သည့် အပြန်အလှန် ပါဝင်နေသော မဲစာရင်း ၂၅၀၀၀၉ ကို စိစစ်တွေ့ရှိခဲ့ကြောင်း၊ ကျန်ရှိနေသည့် တိုင်းနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန် စစ်ဆေးမှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် တိုင်းနှင့် ပြည်နယ် တစ်ခုနှင့်တစ်ခု အပြန်အလှန် စစ်ဆေးမှု ပြုလုပ်မည်ဆိုပါက မဲစာရင်း အပြန်အလှန် ပါဝင်နေမှု ပိုမိုများစွာ တွေ့ရှိနိုင်ကြောင်း ပါရှိသည်။
တပ်မတော်၏ မဲစာရင်း စိစစ်တွေ့ရှိချက်များတွင် အသက် ၁၀၀ နှင့်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၁၈၃၅၂ ဦး၊ အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၁၉၄ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၄၆၄၇၁၉၇ ဦး၊ နိုင်ငံရေးစိစစ်ရေးကတ် အမှတ်တူနေသူ ၂၉၄၅၆၂၁ ဦး၊ အခြား (သေဆုံးပြီးသူ၊ ငယ်ရွယ်လွန်းသူ စသည်ဖြင့်) ၆၁၃ ဦး ရှိသည်ကို တွေ့ရကြောင်း၊ မဲစာရင်းထပ်နေမှုကို ကြည့်ခြင်းအားဖြင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြေအနေများ ရှိသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။
တပ်မတော်အနေဖြင့် မဲစာရင်းများကို စိစစ်ထုတ်ပြန်နေခြင်းသည် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသည့် အထွေထွေရွေးကောက်ပွဲရလဒ်ကို သံသယကင်းရှင်းစွာ အသိအမှတ်ပြုလိုခြင်း ဖြစ်ကြောင်း၊ မည့်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမျှ ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခြင်း မဟုတ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မှားသည်၊ မှန်သည်ကို ဖြေရှင်းပေးရန်သာ ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ယင်းအခြေအနေများအရ ပြည်ထောင်စု ရွေးကောက်ပွဲကောက်မရှင်၏ ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်သည်ဟုဆိုရုံမျှဖြင့် လုံလောက်မည် မဟုတ်ကြောင်း၊ မဲမသမာမှုများ ရှိခဲ့မည်ဆိုလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ခြင်း မပြုနိုင်သောကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းမှုကို ပြုသင့်ကြောင်း တိုက်တွန်းထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တစ်စုံတစ်ရာ ဖြေရှင်းပေးမှု မပြုခဲ့သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကို ကျန်ရှိသည့် လွှတ်တော် သက်တမ်းအတွင်း ဆွေးနွေးအဖြေရှာနိုင်ရေး ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပနိုင်ရန် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ စုစည်းတောင်းဆိုမှုတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါင်းစု ပါဝင်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်က ငြင်းဆန်ခဲ့ကြောင်း ဖော်ပြထားသည်။
တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ (င) အရ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိပြီး ပုဒ်မခွဲ (စ) အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိမှုတို့အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးကိုသာ တပ်မတော်၏ ဒီမိုကရေစီလိုလားမှုအရ ထိန်းသိမ်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပါတီနိုင်ငံရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိသည့်အပြင် စစ်မှန်သည့် ဒီမိုကရေစီကို လို လားသည့်အတွက် ရွေးကောက်ပွဲအား အနှောင့်အယှက်ကင်း၍ ငြိမ်းချမ်းစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အပြည့်အဝ တာဝန်ယူကူညီ ဆောင်ရွက်ခဲ့ကြောင်း ပါရှိသည်။
တပ်မတော် အပါအဝင် အခြားသော နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲရလဒ် ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်စေမည်ဖြစ်၍ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်သာ ဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှု၍ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်စေရန် ပြည်ထောင်စု လွှတ်တော်၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နည်းလမ်းရှာ ဖြေရှင်းပေးရန် သဘောထား ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် ထူးခြားချက်အနေဖြင့် နိုင်ငံရေးအကျပ်အတည်း ဆိုသည့် စကားလုံး ပါဝင်လာသည်။
အဆိုပါ နိုင်ငံရေး အကျပ်အတည်း စကားလုံးနှင့် ပတ်သက်၍ ရွေးကောက်ပွဲသည် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် မသမာမှု ရှိ မရှိ ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုနှင့်အညီ ဥပဒေအရ ထောက်ပြနေခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ မဖြေရှင်းပေးခြင်းသည် နိုင်ငံရေးအကျပ်အတည်း ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“တပ်မတော်အနေနဲ့ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အထွေထွေ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှု၊ ပွင့်လင်းမြင်သာမှု၊ မသမာမှု ရှိ၊ မရှိကို ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုနဲ့အညီ၊ ဥပဒေနဲ့အညီ ထောက်ပြ ပြောဆိုနေခြင်း ဖြစ်တယ်။ တရားဝင် ပြောဆိုနေခြင်း ဖြစ်တယ်။ ဒါကို ဥပဒေနဲ့အညီ ဖြေရှင်းမပေးခြင်းသည် နိုင်ငံရေး အကျပ်အတည်း ဖြစ်တယ်လို့ ကျွန်တော်တို့ ဆိုလိုခြင်း ဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် မဲစာရင်းနှင့် ပတ်သက်၍ တပ်မတော်ကထုတ်ပြန်နေခြင်းသည် နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို ပြုလုပ်နေခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် လုပ်ချင်ရာလုပ်နေခြင်း မဟုတ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့ လုပ်ချင်တာကို လုပ်နေတာ မဟုတ်ဘူး။ Political Culture တစ်ရပ်ကို လုပ်နေတာ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုအရ ဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုနေတာ ဖြစ်တယ်။ ဒါကို မလိုက်နာ နားမထောင်ရင် ဘာဖြစ်မလဲ။ လျစ်လျူရှုရင် ဘာဖြစ်မလဲ။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ အစဉ်တစိုက်ပါပါတယ်။ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ တပ်မတော် လိုက်နာရမယ့် တာဝန်တွေ ဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
■ အာဏာမသိမ်းဟု မှတ်ယူ၍မရ
အဆိုပါ ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက် တပ်မတော်က ဇန်နဝါရီ ၂၆ ရက်တွင် နေပြည်တော်၌ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
ယင်းသတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် အာဏာမသိမ်းဟု မှတ်ယူ၍ မရကြောင်း ပြောကြားခဲ့သည့်အတွက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်မည့် အခြေအနေ ဆိုက်ရောက်ခဲ့သည်။
ထို့ပြင် တပ်မတော်က ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ချက်သည့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဓိက ကျွန်တော်တို့ ဒီထုတ်ပြန်ချက်တွေ ထုတ်ပြန်ရတဲ့ အကြောင်းကိုလည်း ခုနကပြောသလို၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ ဘာကြောင့် ထုတ်ပြန်ရသလဲ ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေးကိုပဲ တပ်မတော်က ဒီမိုကရေစီလိုလားမှုအရ ထိန်းသိမ်း ဆောင်ရွက်နေခြင်း ဖြစ်တယ်။ ဒါကြောင့်မို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ တာဝန်ယူ၊ တာဝန်ခံရတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ တရားမျှတကြောင်း ရှင်းပြရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်တယ်”ဟု ပြောကြားသည်။
သံသယများ မရှင်းဘဲ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မသမာမှုများ ဖြစ်နိုင်သည်ဆိုပါက တာဝန်ရှိသူများက ရှင်းပေးရန် လိုအပ်ကြောင်း ထိုသို့မဟုတ်ပါက ဒီမိုကရေစီစနစ် ယိမ်းယိုင်သွားမည် ဖြစ်ကြောင်းကိုလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတိပေး ပြောကြားသည်။
တပ်မတော်၏ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ချက်တွင် နိုင်ငံရေး အကျပ်အတည်းဆိုသည့် စကားလုံးကို စတင်သုံးစွဲခဲ့ပြီး ဇန်နဝါရီ ၂၆ ရက် သတင်းစာရှင်းလင်းပွဲတွင်မူ အာဏာမသိမ်းဟု မှတ်ယူ၍ မရကြောင်း ပြောကြားခဲ့သည့်အတွက် တပ်မတော်အနေဖြင့် အာဏာရယူသွားမည်လား ဆိုသည့် မေးခွန်းများက ထွက်ပေါ်လာခဲ့သည်။
■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောစကား
ယင်းအခြေအနေမှာပင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေ၏ Mother Law ဖြစ်ပြီး မလိုက်နာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ပစ်ရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစားလိုက်နာဖို့ လိုတယ်လို့ ပြောလိုတယ်။ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး။ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူး ဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဆက်လက်၍ ၎င်းက တော်လှန်ရေး ကောင်စီခေတ်တွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လည်းကောင်း၊ နဝတခေတ် တပ်မတော် တက်လာသည့်အချိန်တွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လည်းကောင်း ဖျက်ပစ်ခဲ့ကြောင်း၊ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တရားဝင်ရှိနေသည့်ဥပဒေ တည်ဆဲဥပဒေဖြစ်၍ နိုင်ငံရေး၌ အင်မတန်အရေးကြီးသည့် အခြေခံအကြောင်း တစ်ခုဖြစ်သဖြင့် ပြီးပြီးရော လုပ်၍မရကြောင်း ပြောကြားသည်။
တပ်မတော်အနေဖြင့် ဆက်တိုက် ဆိုသလိုပင် ထုတ်ပြန်ချက်များကိုလည်း ဆက်လက် ထုတ်ပြန်မှုများ ရှိခဲ့သည်။
တပ်မတော်၏ ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်ချက်တွင် ထူးခြားချက်အဖြစ် ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အနေဖြင့် တစ်ပါတီစနစ် (ဆိုရှယ်လစ်စနစ်) ကို ကျင့်သုံးရန် ကျင့်သုံးရန် ရည်ရွယ်ထားသဖြင့် ပါလီမန် ဒီမိုကရေစီစနစ်အတွက် ရေးသားပြဋ္ဌာန်းထားသော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက်ကျင့်သုံးရန် မဖြစ်နိုင်သဖြင့် ဖျက်သိမ်းခဲ့ရကြောင်း ဖော်ပြခဲ့သည်။
ထို့အတူ ၁၉၈၈ ခုနှစ်တွင် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ နိုင်ငံတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် ရည်ရွယ်ထားသဖြင့် တစ်ပါတီစနစ် (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) အတွက် ရေးသားပြဋ္ဌာန်းထားသော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက် ကျင့်သုံးရန် မဖြစ်နိုင်သဖြင့် ဖျက်သိမ်းခဲ့ရကြောင်းလည်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တပ်မတော်၏ ယင်းသို့ ထုတ်ပြန်မှုများကြောင့် အာဏာရယူမည့် အခြေအနေမှာ ပို၍ ထင်ရှားလာပြီး ပြည်သူများ၏ စိုးရိမ်မှုများမှာလည်း ပို၍ မြင့်တက်လာခဲ့သည်။
■ အရေးပေါ်အခြေအနေ ကြေညာခြင်း
အားလုံး စိုးရိမ်ခဲ့ကြသည့် အခြေအနေက ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ခဲ့သည်။
နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာကြောင်းကို ဖေဖော်ဝါရီ ၁ ရက်တွင် သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက်အရ ဒုသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းကြေညာချက်တွင် မဲစာရင်းများ ပမာဏကြီးမားစွာ မှားယွင်းနေခြင်း၊ မဲစာရင်း ပြဿနာများကို ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ အရေးယူ ဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကို ရွှေ့ဆိုင်းမှု မရှိခြင်း၊ ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ်များ ထုတ်ပြန်ကာ အစီအစဉ်များ ဆက်လက် လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေကြောင်း ဖော်ပြထားသည်။
ထိုကဲ့သို့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့ဒေသအသီးသီးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များအနေဖြင့် ထောက်ခံပွဲ အလံလွှင့်ထူခြင်းများ အပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်း တွေ့ရသဖြင့် နိုင်ငံတော် တည်ငြိမ်မှုကို များစွာထိခိုက်စေကြောင်း၊ အဆိုပါ ပြဿနာကို မှန်ကန်စွာ ဖြေရှင်းခြင်း မပြုပါက ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ (၄၁၇) အရ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း ဖော်ပြထားသည်။
မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်း အပါအဝင် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အားနည်းချက်၊ ချို့ယွင်းချက်များ ရှိသော်လည်း ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန် လှန်နိုင်သည့် အားနည်းချက်၊ ချို့ယွင်းချက် မဟုတ်ကြောင်း ပြည်သူ့ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်အောင်က မှတ်ချက်ပြုသည်။
“ဘယ်နိုင်ငံရဲ့ ရွေးကောက်ပွဲမဆို အားနည်းချက် ချို့ယွင်းချက်တွေတော့ ရှိတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အားနည်းချက်၊ ချို့ယွင်းချက် ရှိတယ်။ သို့သော် ဒီရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်နိုင်တဲ့ အားနည်းချက် ချို့ယွင်းချက်တော့ မဟုတ်ဘူး။ ပြည်သူလူထုက ဒီတစ်ကြိမ်မှာကတော့ NLD ကို ပေးမှ ဖြစ်မယ်။ ဒါမှ ဒီမိုကရေစီ အုတ်မြစ်ခိုင်မာမယ် ဆိုပြီးတော့ အဲဒီဆုံးဖြတ်ချက်နဲ့ NLD ကို စုပြုံပေးခဲ့တာ။ အဲဒါကြောင့် ရွေးကောက်ပွဲကတော့ အားနည်းချက် ရှိတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ် ကတော့ ပြည်သူလူထုရဲ့ဆန္ဒကို ထင်ဟပ်တယ်လို့တော့ ပြောနိုင်တယ်”ဟု ဦးရဲနိုင်အောင်က ဆိုသည်။
ထို့ပြင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝန်း ဖြစ်ကြောင်းနှင့် အရေးပေါ် အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ ယခုအမိန့်အား ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ် သတ်မှတ်လိုက်ကြောင်း ဖော်ပြထားသည်။
သမ္မတရုံး၏ ကြေညာချက်အရ နိုင်ငံ့ အရေးပေါ်အခြေအနေကို တစ်နှစ် သတ်မှတ်ခဲ့ပြီး နိုင်ငံ့အာဏာ သုံးရပ်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
တပ်မတော်အနေဖြင့် မဲစာရင်း မသမာမှုကိစ္စကို ဆောင်ရွက်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အရေးပေါ်အခြေအနေ ကြေညာ၍ နိုင်ငံ့အာဏာကို ရယူခဲ့သည့်အပေါ် တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိကိုမူ ၀ိ၀ါဒကွဲပြားမှုများ ရှိခဲ့သည်။
လက်ရှိတွင် တပ်မတော်က အာဏာလွှဲပြောင်း ရယူခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် ယင်းကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကျပ်အတည်း ဖြစ်ကြောင်း ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အတွင်းရေးမှူး ဦးမျိုးကျော်က ဆိုသည်။
“အခု အာဏာရယူတယ် ဆိုတဲ့ဟာတွေက သူတို့ပြောတဲ့ ဥပဒေအရ အာဏာလွှဲတယ် ဆိုတဲ့ဟာက သူတို့ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နဲ့ မညီဘူး။ တစ်နည်းအားဖြင့် ပြောရင် ကာလုံ ခေါ်ရမယ် ဆိုတာက သမ္မတက ခေါ်ရမှာလေ။ နောက် အာဏာလွှဲပေးရမှာကလည်း သမ္မတက လွှဲရမှာ။ သမ္မတအနေနဲ့ သူ့နေရာကနေ ပျက်ပြယ်ဖို့ ဆိုတာကလည်း ဖွဲ့စည်းပုံမှာ သမ္မတအနေနဲ့ သေဆုံးလို့ဖြစ်ဖြစ်၊ နာမကျန်းလို့ဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ခုခု စွပ်စွဲပြစ်တင်လို့ ဆိုတဲ့ဟာမျိုးတွေ ရှိတယ်။ ဒီဟာတွေနဲ့လည်း မညီဘူး။ တစ်နည်းအားဖြင့် ဖွဲ့စည်းပုံနဲ့လည်း မညီဘူး။ အခု အာဏာလွှဲပြောင်းတယ်ဆိုဆို ဘာဆိုဆို ဒီဟာက အာဏာလွှဲပြောင်းရုံ သက်သက်မဟုတ်ဘူး။ ဖွဲ့စည်းပုံရဲ့ အကျပ်အတည်း၊ ဖွဲ့စည်းပုံရဲ့ ပြဿနာ ဖြစ်တယ်။ ဒီဖွဲ့စည်းပုံကိုလည်း ပြောင်းဖို့လိုတယ်”ဟု ဦးမျိုးကျော်က ပြောကြားသည်။
တပ်မတော်နှင့် NLD အစိုးရအကြားတွင် ဥပဒေဆိုင်ရာ ၀ိ၀ါဒကွဲပြားမှုများရှိခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ၊ အငြင်းပွားမှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတင်၍ ခုံရုံးဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းချက် ရှိသော်လည်း တင်ပြနိုင်ခဲ့ခြင်း မရှိကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က မှတ်ချက်ပြုသည်။
“အာဏာရယူလိုက်တဲ့ တပ်မတော်၊ နောက်တစ်ခါ NLD အစိုးရကြားမှာကိုပဲ ဥပဒေဆိုင်ရာ အယူအဆတွေ ၀ိ၀ါဒကွဲပြားမှု ရှိပါတယ်။ တစ်ပြိုင်နက်တည်းမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပေါ့နော်။ ဒီအခြေခံဥပဒေနဲ့ ပတ်သက်လို့ စကားရပ်တွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် အနက်အဓိပ္ပာယ်တွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် သဘောထားတွေ ကွဲပြားတယ်။ အငြင်းပွားမှုတွေ ရှိတယ်ဟေ့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုတင်ပြီးတော့မှ ခုံရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် ရှိပါတယ်။ သို့သော်လည်းပဲ အာဏာမရယူခင် တစ်နည်းအားဖြင့် ဖေဖော်ဝါရီ ၁ ရက်အထိ အဲဒီတုန်းကရှိခဲ့တဲ့ တည်ဆဲအစိုးရပေါ့။ တစ်နည်းအားဖြင့် အဲဒီတုန်းက နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ကလည်းပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို အငြင်းပွားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒါတင်ပြခဲ့ခြင်း မရှိဘူးပေါ့နော်။ တင်ပြခဲ့ခြင်း မရှိဘူး”ဟု ဦးခင်မောင်မြင့်က ပြောကြားသည်။
ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဆုံးအဖြတ်ကို တင်ပြရယူခဲ့ခြင်း မရှိသည့်အတွက် ယခုလို အခြေအနေအထိ လာရှိလာခြင်း ဖြစ်ကြောင်းကိုလည်း ၎င်းက သုံးသပ် ပြောကြားသည်။
“ကျွန်တော်တို့ ဥပဒေပညာရှင်တွေက အဲဒီမတိုင်ခင် အကြိမ်ကြိမ် ထောက်ပြပြီးတော့မှ တိုက်တွန်းခဲ့တဲ့ ၂၀၀၈ ခြေဥပါ ပုဒ်မ ၃၂၃ အရ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ အဆုံးအဖြတ်ကို မယူခဲ့ကြဘဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေနဲ့ အဲဒီပြဋ္ဌာန်းချက်တွေကို မိမိဘက်က အမြင်နဲ့ပဲ တစ်ဖက်သတ် ဆုပ်ကိုင်ပြီးတော့ ဆောင်ရွက်ကြရင်းကနေမှ ဒီအခြေအနေအထိ ရောက်ရှိသွားတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်”ဟု ဦးခင်မောင်မြင့်က ဆိုသည်။
■ ကာလုံအစည်းအဝေး
ယာယီသမ္မတ ဦးမြင့်ဆွေနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် ခေါင်းဆောင်များ ပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို နေပြည်တော်တွင် ဖေဖော်ဝါရီ ၁ ရက်က ကျင်းပခဲ့သည်။
တပ်မတော်သည် ပြည်သူတို့ လိုလားတောင့်တသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲများတွင် ကြီးမားသော ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ မရှိခဲ့ဘဲ သာမန်အငြင်းပွားမှုများကိုသာ တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကိုလည်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်နှင့် တာဝန်ရှိသူများက ဥပဒေနှင့်အညီ ဖြေရှင်းပေးခဲ့ကြောင်း အဆိုပါ အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲသည် ၎င်းစနစ်၏ အသက်ပင်ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မှသာလျှင် ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထင်ဟပ် ပေါ်လွင်စေမည် ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်၍ နိုင်ငံတစ်ဝန်းလုံး၌ တည်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ကိုင်တွယ်ကျင့်သုံးသည့် အစိုးရအဖွဲ့၊ သက်ဆိုင်ရာ လွှတ်တော် အသီးသီး၊ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အဖွဲ့အစည်းအသီးသီးကို ရွေးကောက်ပွဲမှ ရွေးကောက် တင်မြှောက်ရပြီး ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှသာလျှင် ပြည်သူ့ဆန္ဒကို ထင်ဟပ် ပေါ်လွင်စေလျက် အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ စစ်မှန်သည့် ဆင်းသက်ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်မူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက် မဲစာရင်းအပေါ် စိစစ်ချက်များအရ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်းပေါင်း ၁၀ သန်း လေးသိန်းကျော် ရှိခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၈ သန်းကျော်ရှိပြီး အဆိုပါ ပမာဏအနက် ၁၀ သန်းကျော် မဲမသမာမှု ဖြစ်နိုင်ကြောင်း စိစစ်တွေ့ရှိချက်မှာ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ၏ လေးပုံတစ်ပုံကျော် မဲ မသမာမှုဖြစ်နေခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
အဆိုပါ ကိစ္စသည် သာမန် မှားယွင်းမှု၊ သာမန် အငြင်းပွားမှု မဟုတ်သည်ကို ပြည်သူလူထု တစ်ရပ်လုံးက တွေ့မြင်နိုင်ပြီး ထိုသို့ တွေ့မြင်နိုင်စေရန် တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာစွာ စာရင်းဇယားများ ထုတ်ပြန်ခြင်း အကြိမ် ၃၀ ၊ သဘောထားထုတ်ပြန်ခြင်းကို ခြောက်ကြိမ် ထုတ်ပြန်ခဲ့ကြောင်း၊ တပ်မတော် သတင်းစာရှင်းလင်းပွဲများတွင်လည်း ပြည်တွင်းပြည်ပ မီဒီယာများ ရှေ့မှောက်တွင် သက်သေ အထောက်အထားများဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသခဲ့ပြီး ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးနှင့် ရိုးသားသည့် ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ရွေးကောက်ပွဲ မတိုင်မီကပင် ၎င်းအနေဖြင့် အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ် မဖြစ်ကို ရွေးကောက်ပွဲ ကျင်းပသည့်ရက် တစ်ရက်သာကြည့်ပြီး ဆုံးဖြတ်၍ မရကြောင်း၊ ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးရေး ကာလ၊ ရွေးကောက်ပွဲရက် ကာလ၊ ရွေးကောက်ပွဲအပြီး ကာလ အနည်းဆုံး ကာလ သုံးခု၌ လွတ်လပ်၍ တရားမျှတမှုရှိ မရှိ၊ သံသယကင်းကင်း၊ သန့်သန့်ရှင်းရှင်း ရှိ မရှိ သုံးသပ် စိစစ်ရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် ၎င်းအချိန်ကာလ သုံးခုလုံး၌ လွတ်လပ်မှု၊ တရားမျှတမှု၊ သန့်ရှင်းမှုများအပေါ် အငြင်းပွားဖွယ် ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ ၂၀ ပါတီမှ ကြေညာချက်၂၆ စောင် ထုတ်ပြန်ပြီး ရွေးကောက်ပွဲဆိုင်ရာ မဲ မသမာမှုပြုနိုင်သည့် စာရင်းများကို ရှင်းလင်းပြီးစီးမှု မပြီးမချင်း တတိယအကြိမ် လွှတ်တော်ကို ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မြို့နယ် ၉၉ မြို့နယ်တွင် ဆန္ဒဖော်ထုတ်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်အနေဖြင့် ကြေညာချက်များ ထုတ်ပြန်၍ ဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ရွေးကောက်ပွဲနှင့် တိုက်ရိုက် သက်ဆိုင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား ဖြေရှင်းပေးရန် ပထမအဆင့် ပြောကြားခဲ့ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးရန် ငြင်းဆန်သည့်အခါ ပြည်ထောင်စု လွှတ်တော်မှတစ်ဆင့် ဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော် အနေဖြင့် ဥပဒေနှင့်အညီ တောင်းဆိုသည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူပေးရန် ငြင်းဆန်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထိုသို့ ငြင်းဆန်သည့်အခါ လက်ရှိ ကြုံတွေ့နေရသော အခြေအနေများကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တစ်ခုခုက နည်းလမ်းရှာ ဖြေရှင်းပေးပါရန် တောင်းဆိုခဲ့ပြီး အဆိုပါ အဆင့်အားလုံး ငြင်းပယ်ခံရသည့်အခါ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီတွင် အဓိက တာဝန်ရှိသော သမ္မတဦးစီးသည့် အရပ်ဘက်၊ စစ်ဘက် အားလုံးကို ကိုယ်စားပြုသော ”အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” အစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးကြရန် တင်ပြခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ထိုသို့ လုပ်ထုံး၊ လုပ်နည်း၊ ဥပဒေများနှင့်အညီ အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်စေရန်”ကိုလည်းကောင်း၊ ပုဒ်မ ၆ (ဃ)နှင့် ပုဒ်မ ၇ တို့အရ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး”ကို လည်းကောင်း၊ ပုဒ်မ ၆ (စ) အရ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစ်စိုက် ဦးတည်သည်” ကို လည်းကောင်း လိုက်နာ ဆောင်ရွက်လျက် ရှိပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော မဲမသမာမှုဖြစ်နိုင်သည့် စာရင်း ၁၀၄၈၂၁၁၆ (တစ်ဆယ့်သန်း လေးသိန်းကျော်) အား တာဝန်ရှိသူ အဆင့်ဆင့်က ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးအား ခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန် ကြိုးစားခြင်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀ (ဂ)နှင့် ပုဒ်မ ၄၁၇ ပါ “နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်း” ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေး ပြောကြားသည်။
ထို့နောက် နိုင်ငံတော် ယာယီသမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အား သုံးသပ်ဆွေးနွေးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ် တာဝန်ပေးလိုက်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်တင်ပြ ဆွေးနွေးရာတွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များအား လေးစားလိုက်နာလျက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား ယာယီသမ္မတက လွှဲပြောင်း တာဝန်ပေးထားသည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်တာဝန် ဆောင်ရွက်ခြင်းအား ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ခြင်း မရှိသော တည်ဆဲဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်၍ တရားမျှတသော ကောက်ပွဲကို ကျင်းပပေးသွားမည် ဖြစ်ကာ ရွေးကောက်ပွဲတွင် အနိုင်ရ နိုင်ငံရေးပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
■ အရေးပေါ်အခြေအနေပြီးလျှင် ရွေးကောက်ပွဲ ကျင်းပမည်
အရေးပေါ်ကာလ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရပါတီအား နိုင်ငံတော် တာဝန်ကို လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားချက်များ ရှိနေသဖြင့် ဖြေရှင်း ဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့ပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးအား ခေါ်ယူ၍ ဖြေရှင်း ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်ရန် ဆက်လက် ပျက်ကွက်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတအား အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူဖြေရှင်းပေးရန် တင်ပြခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။
လက်ရှိ ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာသည်။
ထို့ပြင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။
အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ နိုင်ငံရေးအကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲ
၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံတွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး ဒီမိုကရေစီစနစ်ကို စတင် လျှောက်လှမ်းရာတွင် အရပ်သားအစိုးရ သက်တမ်း နှစ်ဆက်အပြီး မည်သူမျှ မထင်မှတ်ထားသည့်အချိန်တွင် တပ်မတော်က နိုင်ငံအာဏာ သုံးရပ်ကို ရယူခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာရယူခဲ့သည့် ဖြစ်စဉ် သုံးကြိမ်ရှိခဲ့ပြီ ဖြစ်သည်။ ၁၉၆၂ ခုနှစ်က တစ်ကြိမ်၊ ၁၉၉၈ ခုနှစ်က တစ်ကြိမ်နှင့် လက်ရှိ ၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံ့အာဏာကို ရယူခဲ့ခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းမှုတွင် နှစ်ပေါင်း ၂၆ နှစ် ကြာမြင့်ခဲ့ပြီး ၁၉၈၈ ခုနှစ် တပ်မတော် အာဏာသိမ်းမှုတွင် နှစ်ပေါင်း ၂၀ ကြာခဲ့သည်။
ထိုသို့သော သမိုင်းအစဉ်အလာ ရှိခဲ့သည့်အတွက် ယခုတစ်ကြိမ် တပ်မတော်က အာဏာရယူမှုအပေါ်တွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး လေ့လာသူများနှင့် ပြည်သူများက စိုးရိမ်မှုများ ရှိနေကြခြင်း ဖြစ်သည်။
“၆၂ တုန်းက တော်လှန်ရေးကောင်စီ အာဏာရယူတာ ၂၆ နှစ် ကြာသွားတာပေါ့။ ၈၈ မှာ ပျက်တယ်။ နောက် ၈၈ အာဏာ ရယူတယ်။ ၉၀ ရွေးကောက်ပွဲ လုပ်ပေးတယ်။ ဒါပေမဲ့ အနိုင်ရတဲ့ပါတီကို မပြောင်းပေးဘဲနဲ့ ဆက်ပြီးသွားတယ် ဆိုတော့ ၂၀၁၀ မှာ နှစ် ၂၀ ကြာတယ်။ အဲဒီတုန်းကဆို မြန်မာနိုင်ငံဟာ အာရှမှာ အလားအလာ အကောင်းဆုံး တိုးတက်ဖို့ အကောင်းဆုံး။ ကိုရီယားဆို မြန်မာကို အားကျရတဲ့နိုင်ငံ။ စင်ကာပူဆိုရင် မြန်မာကို လိုက်တုပြီးတော့ သူတို့လိုက်မီဖို့က ၂၅ ဘာညာဆိုပြီးတော့ အဲဒီလိုပြောစမှတ် ပြုခဲ့တာပေါ့။ အဲဒီအနေအထားကနေ ၂၆ နှစ်တစ်ခါ။ နှစ် ၂၀ တစ်ခါ ရောက်တဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံအနေအထားက အရှေ့တောင်အာရှမှာ၊ အာရှမှာ ဘိတ်ဆုံးရောက်ပြီး စုတ်ပြတ်သတ်သွားတယ်။ အခုလည်း ရေရှည်သာ ဖြစ်သွားမယ်ဆို ဘာဖြစ်မလဲဆိုတော့ ရှေ့မှာ သမိုင်းအစဉ်အလာ ရှိပြီးသားပါ”ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။
ကိုဗစ်ကပ်ရောဂါ ကာလအတွင်း တပ်မတော်က အာဏာရယူလိုက်ခြင်းသည် အထိနာနေသည့် တိုင်းပြည်စီးပွားရေးအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာ စျေးကွက် စသည့် အခွင့်အလမ်းများကို ငြင်းပယ်လိုက်သည့် အခြေအနေ ဖြစ်ကြောင်း ပြည်သူ့ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်အောင်က ပြောကြားသည်။
“နံပါတ်(၁) အချက်ကတော့ ကမ္ဘာ့ တခြားနိုင်ငံတွေလိုပဲ ကိုဗစ်ကြောင့် ကျွန်တော်တို့ တိုင်းပြည် စီးပွားရေး တော်တော်လေး အထိနာနေတာ။ ဒါကို ပြန်လုပ်ဖို့ဆိုရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ နိုင်ငံတကာစျေးကွက်တို့ လိုတယ်။ တပ်ကနေ အာဏာရယူလိုက်တာဟာ ဒီအခွင့်အလမ်း အားလုံးကို ချေမှုန်းပစ်လိုက်တာပဲ။ ဒါက ကျွန်တော်တို့ တိုင်းပြည်အတွက် အလားအလာ မကောင်းဘူး။ နောက် ပြည်တွင်း အနေအထားကို ကြည့်မယ်ဆိုလည်း အင်တာနက်တောင် မရတော့ဘူး။ လူတွေကလည်း ကျီးလန့်စာစားနဲ့ ဘာဖြစ်မလဲဆိုပြီး အဲဒီလို မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေဆိုးမှာ တိုင်းပြည် စီးပွားရေးကို အင်တိုက်အားတိုက် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့တိုင်းပြည် အနေအထားက အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်စီးပွားရေးကို တက်လာအောင်၊ ဒီမိုကရေစီအုတ်မြစ်ကို ခိုင်မာအောင် လုပ်ရမယ့်အချိန်မှာ အခုလို အာဏာရယူတာက တိုင်းပြည်အတွက် အလားအလာကောင်းတွေကို နင်းခြေလိုက်သလို ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ တပ်မတော်က ဒါ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြု လက်ခံရမယ်။ ထိန်းသိမ်းထားတဲ့ ခေါင်းဆောင်တွေ အပါအဝင် ဖမ်းထားတဲ့လူ အားလုံးကို ပြန်လွှတ်ရမယ်။ နောက်ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ ပြန်ပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးရမယ်”ဟု ဦးရဲနိုင်အောင်က ဆိုသည်။
ယခု တစ်ကြိမ် အာဏာရယူမှုတွင် တပ်မတော်အနေဖြင့် အရေးပေါ်အခြေအနေကို တစ်နှစ် သတ်မှတ်ထားကြောင်း ကြေညာခဲ့သော်လည်း အာဏာရယူပြီး ရက်ပိုင်းအတွင်း အရေးပေါ် အခြေအနေကာလ ပြီးဆုံးပါက ခြောက်လအကြာတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြန်လည် ထုတ်ပြန်ခဲ့သည်။
“၁၉၈၈ တုန်းကလည်းပဲ ရွေးကောက်ပွဲ လုပ်ပေးပါ့မယ်လို့ ပြောတယ်။ ရွေးကောက်ပွဲ လုပ်ပြီးတဲ့အခါကျတော့ အာဏာလွှဲ မပေးတော့ဘူး။ နှစ် ၂၀ ကြာသွားတယ်။ အဲဒါတစ်ခုပေါ့။ အခုလည်းပဲ သူတို့က ရွေးကောက်ပွဲကို တစ်နှစ်ကျော်ရင် လုပ်ပေးပါ့မယ်လို့ ပြောတယ်။ ဟိုတစ်နေ့ကတော့ ကျွန်တော် တပ်ထုတ်ပြန်ချက် တစ်ခုမှာ တွေ့လိုက် တယ်။ သူတို့ အရေးပေါ်အခြေအနေ တစ်နှစ်ပြီးရင် နောက်ထပ် ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဖြစ်လာပြန်ပြီ။ ဒါရက်ပိုင်းအတွင်းပဲ ရှိသေးတယ်။ ဆိုတဲ့အခါကျတော့ သူတို့ ဘယ်နှနှစ် ဆက်ပြီး အာဏာထိန်းသိမ်းထားမယ် ဆိုတာ ကျွန်တော်တို့ ပြောဖို့ဆိုဖို့ အတော်ခက်တယ်။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည် အခြေအနေက စီးပွားရေးအရရော၊ နိုင်ငံရေးအရရော တော်တော်ကို အခြေအနေဆိုးသွားလိမ့်မယ်။ တစ်ပြိုင်နက်တည်းမှာလည်း ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက အများကြီးပဲ။ ဒီအင်အားစုတွေကလည်း ဒီအတိုင်း ငြိမ်နေကြမှာ မဟုတ်ဘူး။ သူတို့ဘာသာ သူတို့ ရပ်တည်နိုင်အောင် ကြိုးစားသွားရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေအနေက အစိတ်စိတ်အမြွှာမြွှာ ဖြစ်မယ့် အနေအထားကို ဦးတည်နေတယ်လို့ ကျွန်တော်တော့ အဲဒီလို ပြောချင်တယ်”ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားသည်။
လက်ရှိတွင် တပ်မတော်က အာဏာရယူမှုနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ကြေညာချက်များ ထုတ်ပြန်၍ တောင်းဆိုနေကြသည်။
တပ်မတော်အနေဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို လက်ခံရန်၊ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးထားသော နိုင်ငံရေးသမားများကို ပြန်လွှတ်ပေးရန်၊ တပ်မတော်နှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအနေဖြင့် နိုင်ငံ့အကျပ်အတည်းများကို အဖြေရှာနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးကြရန် တိုက်တွန်း တောင်းဆိုကြခြင်း ဖြစ်သည်။
“ပထမဆုံးအချက်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ လိုတယ်။ ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲတွေရဲ့ ထုံးစံအတိုင်း အားနည်းမှုတွေ မရှိဘူးလို့ မပြောလိုဘူး။ အားနည်းမှုတွေ ရှိကောင်း ရှိနိုင်တယ်။ သို့သော်လည်းပဲ မဲဆန္ဒရှင်ပြည်သူ အများစုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တစ်ခဲနက် မဲပေးခဲ့တယ်ဆိုတာကို ဘယ်လိုမှ ငြင်းလို့ မရဘူး။ အဲဒီတော့ အဲဒီရလဒ်ကို အသိအမှတ်ပြုဖို့ လိုတယ်။ ဒုတိယတစ်ချက်က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူတို့ကို ပြန်ပြီးတော့ လွှတ်ဖို့လိုတယ်။ သူတို့နဲ့ သေသေချာချာ စကားပြောပြီးတော့ အခုအပြောင်းအလဲကို အညင်သာဆုံး ဖြစ်အောင် ဘယ်လိုပြောင်းလဲမလဲ ဆိုတာ သူတို့ ကြိုးစားသင့်တယ်။ အဲဒါဆို တစ်ကမ္ဘာလုံးကလည်း သူတို့ကို ကြိုဆိုလိမ့်မယ်။ ကျွန်တော်တို့ တိုင်းပြည်လည်း နိုင်ငံရေးအခြေအနေ ပုံမှန်ကို ပြန်ရောက်လိမ့်မယ်။ အဲဒီလိုအခြေအနေ မဟုတ်လို့ရှိရင် တခြား သူ့မှာရင်ဆိုင်ရမှာတွေ အများကြီးပဲ။ သူ ရင်ဆိုင်ရတာ ပြဿနာမရှိဘူး။ ကျွန်တော်တို့ တိုင်းပြည် ရင်ဆိုင်ရမှာ။ ဒုက္ခရောက်မှာက ကျွန်တော်တို့ တိုင်းပြည်။ အဲဒါတွေကိုတော့ ကျွန်တော်တို့ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်”ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားသည်။
တပ်မတော်အနေဖြင့် ပြည်သူများ၏ ဆန္ဒ၊ အခက်အခဲနှင့် မျှော်လင့်ချက်ကို နားလည်ရန်လိုပြီး ပြည်သူနှင့်အတူ ရပ်တည်၍ တိုင်းပြည်အတွက် အကောင်းဆုံးကို လုပ်ဆောင်ရန် စဉ်းစားဖို့လိုကြောင်း ပြည်သူ့ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်အောင်က ပြောကြားသည်။
“တပ်မတော် အနေနဲ့ကတော့ တိုင်းပြည်ရဲ့ အနာဂတ်ပေါ့။ တပ်မတော် ဆိုတာကလည်း ပြည်သူလူထုနဲ့ အတူတူပဲ။ ပြည်သူလူထုနဲ့ အတူတူ ဒီနိုင်ငံထဲမှာ ရပ်တည်နေတာ ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ဆန္ဒ၊ ပြည်သူ လူထုရဲ့ အခက်အခဲ၊ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေကို နားလည်ဖို့ လိုတယ်။ လေးစားဖို့လိုတယ်။ ဒီအပေါ်မှာ မူတည်ပြီးမှ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီးတော့ ကိုယ့်တိုင်းပြည်အတွက် အကောင်းဆုံးက ဘာလဲဆိုတာ စဉ်းစားဖို့လိုတယ်။ သို့သော် ထင်ရှားတာကတော့ အာဏာရယူယူတဲ့နည်းက ကျွန်တော်တို့ တိုင်းပြည်အတွက် မကောင်းဘူးဆိုတာကို ကျွန်တော်တို့ သမိုင်းကရော၊ ကမ္ဘာ့သမိုင်းမှာရော အထင်အရှား ပြသပြီးသားပဲ”ဟု ၎င်းက ဆိုသည်။










