နိုင်ငံတော်သမ္မရုံးသည် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးနှင့် ဖေဖော်ဝါရီ ၂ ရက်တွင် တတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးများ ကျင်းပရန် လျာထားသော်လည်း ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပမည့်ရက်တွင်ပင် နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိ သော အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာခြင်းဖြစ်သည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော မဲစာရင်းများ ပမာဏကြီးမားစွာ မှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာများကို ဖြေရှင်းပေးရန် ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုသော်လည်း ရွှေ့ဆိုင်းမှု မရှိခြင်း၊ ပြည်သူ့ လွှတ်တော်အစည်းအဝေး အစီအစဉ်များ ထုတ်ပြန်ကာ အစီအစဉ်များ ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁/၂၀၂၁ တွင် ဖော်ပြခဲ့သည်။
ထိုသို့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ မြို့ဒေသ အသီးသီးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်သဖြင့် ဆန္ဒပြမှုများစွာ ဖြစ်ပေါ်နေပြီး အခြားပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ထောက်ခံပွဲ၊ အလံလွှင့်ထူခြင်းများ အပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေသည်ကို တွေ့ရကြောင်း အမိန့်အမှတ် ၁/ ၂၀၂၁ တွင် ဖော်ပြခဲ့သည်။
အဆိုပါအခြေအနေသည် နိုင်ငံတော် တည်ငြိမ်မှုကို များစွာ ထိခိုက်စေပြီး အဆိုပါ ပြဿနာကို မှန်ကန်စွာ ဖြေရှင်းခြင်းမပြုပါက ဒီမိုကရေစီလျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည် ဖြစ်ကာ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာကြောင်း အမိန့်အမှတ် ၁/ ၂၀၂၁ တွင် ဖော်ပြခဲ့သည်။
မဲစာရင်းများ စစ်ဆေး အတည် ပြုခြင်း အပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးအာဏာတို့ အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန် ပေးလိုက်ကြောင်းလည်း အမိန့်အမှတ် ၁/ ၂၀၂၁ တွင် ဖော်ပြခဲ့သည်။
ယာယီသမ္မတဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ခေါင်းဆောင်များ ပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို နေပြည်တော်တွင် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက် မဲစာရင်းအပေါ် တပ်မတော်၏ စိစစ်ချက်များအရ မဲမသမာမှုဖြစ်နိုင် သည့် မဲစာရင်းပေါင်း ၁၀ သန်း လေးသိန်းကျော်ရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းကျော်ရှိသဖြင့် တပ်မတော်က စိစစ်တွေ့ရှိခဲ့သော မဲ မသမာမှုဖြစ်နိုင်သည့် စာရင်းမှာ မဲပေးပိုင်ခွင့်ရှိသူဦးရေ၏ လေးပုံ တစ်ပုံကျော် မဲမသမာမှုဖြစ်နေခြင်း ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
အဆိုပါကိစ္စသည် သာမန် မှားယွင်းမှု၊ သာမန်အငြင်းပွားမှုမဟုတ်သည်ကို ပြည်သူလူထုတစ်ရပ်လုံး က တွေ့မြင်နိုင်ပြီး ထိုသို့တွေ့မြင်နိုင်စေရန် တပ်မတော်က စာရင်းဇယားများထုတ်ပြန်ခြင်း အကြိမ် ၃၀၊ သဘောထားထုတ်ပြန်ခြင်း ခြောက်ကြိမ် ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းပြည်ပမီဒီယာများရှေ့တွင်လည်း သက်သေအထောက်အထားများဖြင့် တပ်မတော်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ရှင်းလင်းပြသခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးနှင့် ရိုးသားသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ရွေးကောက်ပွဲ မတိုင်မီကတည်းကပင် ၎င်းအနေဖြင့် အကြိမ်ကြိမ် ပြောကြားခဲ့ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆိုသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် မဲဆွယ်စည်းရုံးရေး ကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီးကာလဟူသော ကာလသုံးခုတွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် သန့်ရှင်းမှုများအပေါ် အငြင်းပွားဖွယ်ရာ ရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆိုသည်။
မဲစာရင်းအမှားအယွင်းနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဖြေရှင်းပေးရန် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ထံ တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆိုသည်။
ထိုသို့ ငြင်းပယ်ခံရသည့်အခါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီတွင် အဓိကတာဝန်ရှိသော သမ္မတဦးစီးသည့် အရပ်ဘက်-စစ်ဘက်အားလုံးကို ကိုယ်စားပြုသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူ၍ တွေ့ဆုံဆွေးနွေးခြင်းအပါအဝင် တပ်မတော်အနေဖြင့် ထိုသို့ လုပ်ထုံး၊ လုပ်နည်း၊ ဥပဒေများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်စေရန်ကိုလည်းကောင်း၊ ပုဒ်မ ၆ (ဃ) နှင့် ပုဒ်မ ၇ တို့အရ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးကိုလည်းကောင်း၊ ပုဒ်မ ၆ (စ) အရ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ကိုလည်းကောင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲ မသမာမှုဖြစ်နိုင်သည့်စာရင်း ၁၀ သန်း လေးသိန်းကျော်အား တာဝန်ရှိသူ အဆင့်ဆင့်က ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးအား ခေါ်ယူခြင်း၊ အစိုးရဖွဲ့စည်းရန် ကြိုးစားခြင်းတို့သည် နိုင်ငံတော် အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့နောက် ယာယီသမ္မတ ဦးမြင့်ဆွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များ အပေါ် သုံးသပ်ဆွေးနွေးပြီးနောက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးခဲ့သည်။
အမိန့်အမှတ် ၁/၂၀၂၁ အရ အရေးပေါ်ကာလသက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး အရေးပေါ်ကာလ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ အနိုင်ရ ပါတီထံ နိုင်ငံတော်တာဝန်ကို လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ တွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားချက်များရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ပျက်ကွက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော်အစည်းအဝေးအား ခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်ရန် ဆက်လက်ပျက်ကွက်ခဲ့သကဲ့သို့ နိုင်ငံတော်သမ္မတအား အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူဖြေရှင်းပေးရန် တင်ပြခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လ ုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော ်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။
လက်ရှိဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း များအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည့်အပြင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတရုံးသည် ထိုသို့နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာ၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာသုံးရပ်ကို လွှဲပြောင်းတာဝန် ပေးအပ်ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်တွင် အစိုးရသစ်ပြင်ဆင်ဖွဲ့စည်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အမိန့်ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဖွဲ့စည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခြင်း ဖြစ်သည်။
အဆိုပါ ကောင်စီတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဥက္ကဋ္ဌအဖြစ်နှင့် အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က တာဝန်ယူဆောင်ရွက်သည်။
အဆိုပါ ကောင်စီတွင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည်။
ထို့ပြင် အဆိုပါ ကောင်စီတွင် အရပ်ဘက်မှ လူပုဂ္ဂိုလ်များကိုလည်း ထည့်သွင်းဖွဲ့စည်းထားပြီး ဖေဖော်ဝါရီ ၂ ရက် ထုတ်ပြန်ချက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီတွင် ပါဝင်ခဲ့ဖူးသည့် ပဒိုမန်းငြိမ်းမောင်နှင့်အတူ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေတို့ ပါဝင်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ကောင်စီအဖွဲ့ဝင်အဖြစ် တိုးချဲ့ဖွဲ့စည်းမှုများ ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက် ကြေညာချက်အရ ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်နှင့်အတူ Jeng Phanh နော် တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်၊ စောဒန်နီယယ်တို့သည် အဖွဲ့ ဝင်အဖြစ် ပါဝင်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဒေါက်တာ သီတာဦးအား ပြည်ထောင်စုရှေ့နေချုပ်၊ ဒေါက်တာကံဇော်အား ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် အသီးသီးတာဝန်ပေးအပ်ခဲ့ပြီး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်အား တာဝန်မှ ရပ်စဲခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးအား ဖေဖော်ဝါရီ ၂ ရက်မှစ၍ တာဝန်မှ အငြိမ်းစားပေးခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်အား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်တာဝန်ကို ပူးတွဲ တာဝန်ပေးအပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖေဖော်ဝါရီ ၁ ရက်တွင် ဦးဝဏ္ဏမောင်လွင်အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး စသည်ဖြင့် အသီးသီးတာဝန်ပေးခန့်အပ်ခဲ့သည်။
ထို့ပြင် ဦးဝင်းရှိန်အား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးအား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလှိုင်အား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးချစ်နိုင်အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး စသည်ဖြင့် အသီးသီး ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖေဖော်ဝါရီ ၂ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုးအား တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် ဦးသောင်းတင်၊ ဦးသန်းထွန်း၊ ဦးကျောက်၊ ဦးအောင်စောဝင်း၊ ဦးသန်းဝင်းတို့ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဦးသန်းညိန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးခင်မောင်ရီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရွှေလေးတို့ကို အသီးသီး ခန့်အပ်တာဝန်ပေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖေဖော်ဝါရီ ၃ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်ထွဋ်ဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ပွင့်ဆန်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစောထွန်းအောင်မြင့်တို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖေဖော်ဝါရီ ၂ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများအား ခန့်အပ်တာဝန်ပေးခဲ့သည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအဖြစ် ဦးခက်ထိန်နန်၊ ကယားပြည်နယ်စီမံံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ဦး (ခ) ဘူးရယ်၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အဖြစ် ဦးစောမြင့်ဦး၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဦးတဲရင့်စ်စမွိုင်းနီခွဲ၊ မွန်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အဖြစ် ဒေါက်တာတင်ဌေး၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ အောင်ကျော်မင်း၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ဒေါက်တာကျော်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အဖြစ် ဦးမောင်မောင်လင်း၊ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအဖြစ် ဦးတင့်လွင်၊ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအဖြစ် ဦးမောင်ကို၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ဦးမျိုးဆွေဝင်းနှင့် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ဦးတင်အောင်တို့ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။
ဆက်လက်၍ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးထွန်းထွန်းဝင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးအာကာလင်း၊ ပအိုးဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးခွန်ရဲထွေး၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တားသိန်းဇော်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးမြင့်ဆွေ၊ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဋ္ဌအဖြစ် ဦးညီနပ်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ အဖြစ် ဒေါက်တာ မောင်မောင်နိုင်တို့ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နေပြည်တော်စည်ပင် သာယာရေးကောင်စီမှ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ ကော်မတီဝင်များဖြစ်သည့် ဦးအေးမြင့်၊ ဦးမင်းသူ၊ ဒေါ်စံပယ်ထွေး၊ ဦးမင်းသိမ်း၊ ဦးဆန်းနိုင်နှင့် ဦးကျော်ဇင်လတ်တို့ကို တာဝန်မှ ရပ်စဲကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် အမိန့်ထုတ်ပြန် ကြေညာခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၎င်း၏ စီမံအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ရုံးအဖြစ်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအုပ်ချုပ်မှု ရုံးအဖြစ်လည်းကောင်း ဖေဖော်ဝါရီ ၅ ရက်တွင် အမည်ပြင်ဆင် သတ်မှတ်ခဲ့သည်။
ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက နိုင်ငံတော်သမ္မတ အိမ်တော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် တပ်မတော်အနေဖြင့် အကြိမ်ကြိမ်မေတ္တာရပ်ခံ ဆောင်ရွက်ခဲ့သော်လည်း လုံးဝရှောင်လွဲ၍မရသောကြောင့် တိုင်းပြည်အတွက် ယခုလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
“လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မှုနှင့်ပတ်သက်၍ မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိအနေဖြင့် ဥပဒေနှင့်အညီဖြစ်အောင် အမြဲဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ဖြစ်ပွားခဲ့သည့်ကိစ္စတွင်လည်း မိမိတို့အနေဖြင့် ဥပဒေနှင့်အညီဖြစ်အောင် ကြိုတင်စဉ်းစားခဲ့ကြောင်း၊ မိမိတို့အနေနှင့် အကြိမ်ကြိမ် မေတ္တာ ရပ်ခံဆောင်ရွက်ခဲ့သော်လည်း လုံးဝရှောင်လွှဲ၍ မရသောကြောင့် တိုင်းပြည်အတွက် ယခုလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နောင် ရွေးကောက်ပွဲ ပြုလုပ်၍ ဖြစ်ပေါ်လာမည့် အစိုးရ တာဝန်မယူမီ မိမိတို့အနေဖြင့် တိုင်းပြည်ကို တည့်မတ်ထိန်းသိမ်းပေးရန် လိုကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ပြင် အခြေအနေအမျိုးမျိုးကြောင့် ယိမ်းယိုင်နေသည့် အခြေအနေများကိုလည်း ကူညီတည့်မတ်ပေးရန် လိုအပ်ပြီး တိုင်းပြည်ကို တည်ငြိမ်အောင် ဆောင်ရွက်ရာတွင် ဥပဒေအရ ဆောင်ရွက်ရမည်များရှိကာ အရေးပေါ်ကာလ တစ်နှစ သတ်မှတ်ထားချိန်တွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်နှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် အစိုးရဖွဲ့နိုင်သည့်ပမာဏထက် ကျော်လွန်၍ အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲတွင် မဲမသမာမှု အများအပြားရှိသည်ဟု ဆိုကာ တတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ယူမည့် ဖေဖော်ဝါရီ ၁ ရက်တွင်ပင် နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာ၍ တပ်မတော်က အာဏာသိမ်းယူခဲ့သည်။ အရေးပေါ်ကာလ၏ သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။
အပြောင်းအလဲမှာ မြန်ဆန်လွန်းလှပြီး အရပ်သားအစိုးရလက်ထက်မှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီလက်ထက်သို့ ရောက်ရှိခဲ့ရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမူ အရေးပေါ်ကာလဆိုင်ရာ စီမံဆောင်ရွက်မှုများ ပြီးစီးပါက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ပြုလုပ်၍ အနိုင်ရပါတီထံ နိုင်ငံတော်တာဝန် ပြန်လည်လွှဲပြောင်းပေးမည်ဟု ယခုရက်ပိုင်းအတွင်း မကြာခဏ ပြောကြားထားသည်။
နောင်တစ်နှစ်အကြာတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပေးထားသည့် ကတိစကားအတိုင်း အကောင်အထည်ဖော်လုပ်ဆောင်မှသာ ပြည်သူလူထုက ယုံကြည်လိမ့်မည်ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားသည်။
မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် အပြည်ပြည်ဆိုင်ရာမိတ်ဆွေများထံသို့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားပေးပို့သည့် ကာဒီနယ်ချားလ်စ်ဘို၏ သတင်းစကားတွင် ၎င်းက ထိုသို့ထည့်သွင်းပြောကြားခဲ့သည်။
“နောင်တစ်နှစ်အကြာမှာ ပါတီစုံ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့ သင်တို့ ကတိပြုခဲ့ကြပါတယ်။ ကျွနု်ပ်တို့ ပြည်သူ ပြည်သားတွေရဲ့ ယုံကြည်မှုကို သင်တို့ ဘယ်လိုရယူနိုင်မလဲ။ ပေးထားတဲ့ ကတိစကားတွေအတိုင်း ရိုးသားစွာ အကောင်အထည်ဖော် လုပ်ဆောင်မှသာ သူတို့ယုံကြည်ကြပါလိမ့်မယ်” ဟု ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားသည်။










