မြန်မာနိုင်ငံအနေဖြင့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ ထီးခီး၊ မောတောင်၊ မယ်စဲ့၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်၊ ထန်တလန်နှင့် ကျိုင်းလပ်စသ ည့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြင့် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် စသည့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုပြုလုပ်နေသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်ဝါရီ ၂၂ ရက်အထိ လေးလခန့်တွင် စုစုပေါင်း နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၀၂၀ ဘီလျံရှိပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၃ ဒသမ ၆၆၄ ဘီလျံအထိ ရရှိခဲ့သည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် လေးလခန့်တွင် စုစုပေါင်းနယ်စပ် ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၄၄ ဒသမ ၀၂၁ သန်းအထိ လျော့ကျခဲ့သည်။
ကိုဗစ်ကာလကန့်သတ်ချက်များက နယ်စပ်ကုန်သွယ်မှုအပေါ် ထိခိုက်မှုရှိခဲ့သည့်နည်းတူ လတ်တလောတွင် အင်တာနက်ပြတ်တောက်မှုများကြောင့်လည်း နယ်စပ်ကုန်သွယ်ရေးတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး အခြေအနေ
မြဝတီနယ်စပ်တွင် အင်တာနက်အခက်အခဲကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့သော်လည်း ကုန်ပစ္စည်းများ ပုံမှန်စီးဆင်းလျက်ရှိသည်။
နယ်စပ်ကုန်စည်ပို့ဆောင်ရေး၌ Online System ဖြင့် အဓိက လုပ်ငန်းဆောင်ရွက်သည့်အတွက် ဖုန်းလိုင်းပြတ်တောက်လျှင်၊ အင်တာနက်လိုင်းမကောင်းလျှင် လုပ်ငန်းများရပ်ဆိုင်းသည်အထိ အခက်အခဲဖြစ်နိုင်ကြောင်း Hein Globel Trading Co.,Ltd မှ ကိုစိုင်းမိုးအောင်က ပြောကြားသည်။
“ဖုန်းလိုင်းတွေမရဘူး။ အင်တာနက်လိုင်းပြတ်တောက်မှုကြောင့် တံတားမှာ System နဲ့သွားတဲ့အတွက် အခက်အခဲဖြစ်တယ်။ လုပ်ငန်းစဉ် နှေးကွေးနေတယ်။ ကုန်သွယ်မှု ရပ်ဆိုင်းလိုက်ရတာတော့ မရှိပါဘူး။ ပုံမှန်စီးဆင်းနေပါတယ်။ ကုန်တွေဝင်တဲ့ဟာက စား သောက်ကုန်တွေနဲ့ အိမ်ဆောက်ပစ္စည်း သွပ်၊ သံ၊ ဘိ လပ်မြေတွေများ ပါတယ်။ မော်တော်ယာဉ်ကတော့ ကုန်ကား၊ တွဲကား၊ မြေသယ်ယာဉ်တွေဝင်တယ်။ ဆိုင်ကယ်တွေ ဝင်တယ်။ အချိုရည်မျိုးစုံ အဓိကဝင်တာများ ပါတယ်။ ပို့ကုန်မှာ အခုပြောင်းတွေလည်း အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နေပြီဖြစ်ပါတယ်” ဟု ကုန်စည်ပို့ဆောင်ရေး အေးဂျင့် ကိုစိုင်းမိုးအောင်က ပြောကြားသည်။
ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များအပြင် ဗီယက်နမ်၊ လာအိုနိုင်ငံမှထုတ်လုပ်သော ဆိုင်ကယ်များလည်း မြန်မာနိုင်ငံဒေသအနှံ့သို့ အလုံးအရင်းဖြင့် တင်သွင်းလျက် ရှိသည်ဟုလည်း ၎င်းက ပြောကြားသည်။
ယခုနှစ်တွင် မြန်မာ့လယ်ယာ ထွက်ကုန် မြေပဲ၊ နှမ်းနက်၊ ကြက်သွန်၊ ငရုတ်များထိုင်း နိုင်ငံဘက်သို့ တင်ပို့လျက်ရှိသလို ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာထိန်းသိမ်းသည့်နေ့တွင် မြန်မာ့ပြောင်းဆန်များကို ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရခဲ့သော်လည်း အင်တာနက်လိုင်း ပြတ်တောက်မှုကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးခဲ့ရသည်။
ထို့ပြင် ထီးခီး-မောတောင် နယ်စပ်စခန်းမှ ကုန်သွယ်မှု ယာယီ ရပ်နားထားခြင်းကြောင့် တနင်္သာရီတိုင်းမှ ရေသယံဇာတများဖြစ်သော ငါး၊ ပုစွန်၊ ကင်းမွန်များကို မြဝတီ နယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ တင်ပို့လျက်ရှိ ခြင်းကြောင့် ကုန်သွယ်မှုပိုမိုမြင့်တက်လာခဲ့ သည်။
ဘဏ္ဍာနှစ်သစ်ဖြစ်သော အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၂၂ ရက်အထိ ထိုင်းနိုင်ငံဘက်သို့ ပို့ကုန်ဒေါ်လာ ၇၉ ဒသမ ၄၈၇ သန်း ဖိုး၊ သွင်းကုန်ဒေါ်လာ ၂၅၇ ဒသမ ၅၆၄ သန်းဖိုး ကုန်သွယ်ခဲ့သည့်အတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏ လေးလအတွင်း ဒေါ်လာ ၃၃၇ ဒသမ ၅၆၄ သန်းကုန်သွယ်ထားနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေများကြောင့် ဆင်းခွန်နယ်စပ်ဂိတ်ကို ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက် နှစ်ရက်သာ ထိုင်းနိုင်ငံဘက်က ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ-ထိုင်း နယ်စပ်တစ်ခုဖြစ်သော မောတောင်-ဆင်းခွန်မှ နယ်စပ် ကုန်သွယ်ရေးပြန်လည်စတင်ရန် ထိုင်ဘက်က စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ အခြေအနေ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံ ခရိုင်တွင် ခရိုင်ဝန် ဒေါက်တာဖန် လုပ်စင်ဟစေနီက အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်တွင် နယ်စပ်ဂိတ်ပြန်ဖွင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ သို့ရာ တွင် အာဏာထိန်းသိမ်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့်အတွက် နယ်စပ်ဂိတ် ပြန်ဖွင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာတပ်မတော်က အာဏာထိန်းသိမ်းလိုက်တဲ့အတွက် ယခင်ဆုံးဖြတ်ထားတဲ့ ဖေဖော်ဝါရီ ၁ ရက်ကို နယ်စပ်ဂိတ်ဖွင့်ဖို့နောက် ဆုတ်လိုက်ကြတယ်။ နိုင်ငံရေး အခြေအနေတွေကိုစောင့်ကြည့်ပြီး ယခုဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်ကို ပြန်ဖွင့်ပေးထားတယ်။ ရေထွက် ကုန်တွေ ပုပ်သိုးကုန်မှာစိုးတဲ့အတွက် လက်ကျန်ရှင်းခိုင်းတဲ့ သဘောပါပဲ။ ဖေဖော်ဝါရီ ၅ ရက်နောက်ပိုင်း မှာတော့ နယ်စပ်ဂိတ်ကို ပြန်ပိတ်ထားမယ်လို့ သတင်းရတယ်။ ထိုင်းနိုင်ငံက ပရာကျော့ခရိုင်ဝန်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကိုကြည့်ပြီးမှ ပြန်သုံးသပ်စဉ်းစားမယ်လို့ သိရတယ်။ ဒီနှစ်ရက်ပြီးရင်တော့ နယ်စပ်ဂိတ် ပြန်ပိတ်ပြန်ပါပြီ” ဟု မောတောင်-ဆင်းခွန်မှ ကုန်သွယ်မှုပြုလုပ်နေသူတစ်ဦးက ပြောကြားသည်။
ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများထိစပ်နေသည့် ခရိုင်ဝန်များကို နယ်စပ်ကွပ်ကဲရေးကိစ္စများ တာဝန်ယူကိုင်တွယ်ခိုင်းထားပြီး နယ်စပ်ဂိတ်ဖွင့်ခြင်း၊ ပိတ်ခြင်းမှာ ခရိုင်ဝန်များ ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်ကြောင်း သိရသည်။
“ကျွန်တော်တို့နိုင်ငံမှာ အာဏာထိန်းသိမ်းမှုဖြစ်ပွားထားပေမဲ့ ပြည်သူတွေက ပုံမှန်အတိုင်း ရောင်းဝယ်နေကြတယ်။ ခရီးသွားလာနေကြတယ်။ ကုန်သွယ်မှုလည်း ပုံမှန်အတိုင်းရှိနေတယ်။ ဒါကို ကျွန်တော်တို့ ပရာကျော့ခရိုင်ဝန်ကို တင်ပြထားတယ်။ နှစ် နိုင်ငံက ကုန်သွယ်တွေလည်း ဒီအခြေအနေကို တင်ပြထားတယ်။ သူတို့လည်း ကြိုးစားပေးနေပါတယ်။ လောလောဆယ်မှာ ကုန်သွယ်မှု နှစ်ရက်လုပ်ဆောင်ပြီး ပြန်နားထားရမယ်။ ကိုဗစ်ဖြစ်တာက တစ်ကြောင်း၊ အာဏာထိန်းသိမ်းတာကတစ်ကြောင်း လူတွေလည်း အတော်လေးကို စီးပွားပျက်နေကြပါပြီ” ဟု မြိတ်မြို့မှ ကုန်သည်တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံရှိ မြိတ်ခရိုင်နှင့် ထိုင်းနိုင်ငံရှိ ပရာကျော့ခီရီခရိုင်များတွင် ရောဂါကူးစက်မှု မရှိသလောက် နည်းပါးလာသည့်အတွက် နယ်စပ်ဂိတ်များကိုပြန်ဖွင့်ပြီး ကုန်သွယ်မှုများ ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း ယခုကဲ့သို့ အခြေအနေထပ်ဖြစ်လာသည့်အတွက် ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဂိတ်ကိုပြန်ပိတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အခြေအနေ
နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာကြောင်း ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ကြေညာအပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များနှင့် မူဆယ်မြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များ သွားလာမှု ပိတ်ပင်တားဆီးခဲ့အပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီခန့်မှစ၍ မူဆယ်မြို့အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်ကျေးရွာများသို့ သွားလာမှုကိုပြန်လည်ခွင့်ပြုခဲ့သည်။
မူဆယ်မြို့၌ မြို့ဝင်မြို့ထွက် ဖြတ်သန်းသွားလာမှုကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီမှ စတင်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေးဂိတ်များ ဖြစ်သည့် မန်းဝန်းဂိတ်၊ ကျင်စန်းကျော့ဂိတ်တို့၌ ကုန်တင်ယာဉ်အဝင်အထွက်များကို နံနက် ၁၀ နာရီခွဲ၌ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် စတင်ဖြတ်သန်းသွားလာခဲ့သည်။
COVID-19 ကပ်ရောဂါကာလအတွင်း နှစ်နိုင်ငံကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် လုပ်ဆောင်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့သည့် ပို့ကုန်ယာဉ်များကို တရုတ်နိုင်ငံက ပိုမိုတင်းကျပ်စစ်ဆေးခြင်း၊ ဆေးဖျန်းခြင်း၊ ယာဉ်မောင်း အစားထိုး ဝင်ရောက်ခြင်းတို့ ကြောင့် ကုန်သွယ်မှု ကြန့်ကြာနှောင့်နှေးခဲ့ရပြီး ကုန်တင်ယာဉ်အစီးရေ ထက်ဝက်ကျော် ဝင်ထွက်မှု ကျဆင်းခဲ့သည်။
“ကိုဗစ်ကာလ တရုတ်နိုင်ငံကို တင်ပို့တဲ့အခါမှာ တရုတ်နိုင်ငံ၏ စည်းကမ်းချက်တွေအရ ကျွန်တော်တို့ ပို့ကုန်တင်ပို့ယာဉ်တွေကို ဆေးဖျန်းတယ်။ ပြီးတော့မှ ကျွန်တော်တို့ ယာဉ်မောင်းတွေ အချိန်းအပြောင်း လုပ်ရတယ်။ ပြီးတော့မှ တန်းစီပြီး ဝင်ရတဲ့အတွက် ယာဉ်အစီးရေဝင်ရောက်မှုတော့ လျော့နည်းတယ်။ ယခင်က မန့်ဝန်းဂိတ်က အစီးရေ အနည်းဆုံး ၄၀၀ လောက်ဝင်ရတယ်။ အခု ကျတော့ ကျွန်တော်တို့ ၁၅၀၊ ၂၀၀ လောက်ပဲ ဝင်ရတယ်။ ကုန်ကားအစီးရေ တရုတ်နိုင်ငံ ဝင်ရောက်မှုလျော့တာပေါ့။ ဒါတောင်မှ ကျွန်တော်တို့က ကျင်စန်းကျော့ဂိတ်ပေါက် ဖွင့်ထားလို့ ပိုပြီးတော့ပို့နိုင်တာ။ ကျွန်တော်ရဲ့ ကုန်သွယ်ရေးဇုန် ကားကွင်းကို တစ်နေ့တစ်နေ့ ပို့ကုန်ကားအစီးရေ မန္တလေးက တက်လာတာ အနည်းဆုံး ၆၀၀၊ ၇၀၀ လောက်ရှိတယ်။ အသီးကားက ၃၀၀ ဝန်းကျင်လောက်ရှိပြီး ကျန်တဲ့ ကုန်စုံတွေက ၃၀၀ ဝန်းကျင်လောက် ရှိပါတယ်။ အသီးကားအားလုံးကိုတော့ ကျင်ဆန်းကျော့ဂိတ်ကဝင်ပြီး ကျန်တဲ့ ၃၀၀ အမည်စုံကုန်တွေကိုတော့ မန်းဝန်းဂိတ်ကပို့တာရှိပါတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။
အဆိုပါ အခြေအနေများကြောင့် မန်းဝန်းဂိတ်သို့ သွားသည့် ကားအစီးရေမှာ တစ်နေ့လျှင် ကားအစီးရေ ၁၀၀ ကျော်ဖြစ်သည့်အတွက် မူဆယ်ကုန်သွယ်ရေး ဇုန်ဝင်းအတွင်း နှင့် ၁၀၅ မိုင်မူဆယ်ကြားတွင် ပို့ကုန်ကားအစီးရေ အနည်းငယ် တန်းစီလျက်ရှိကြောင်း သိရသည်။
၎င်းက ဆက်လက်၍ “ယခင် ပြီးခဲ့တဲ့ ၅ ရက် တစ်လကနေ ၁၄ ရက် တစ်လအထိ ၂၄ နာရီ မန်းဝန်းဂိတ်ကို ဖွင့်တုန်းကတော့ အရင်လနဲ့ ချီတဲ့ ပို့ကုန်ကားအစီးရေက အကုန်လုံး တရုတ်နိုင်ငံဘက်ကို ရောက်သွားပါပြီ။ အခု မန္တလေးကနေပြီးတော့မှ မူဆယ်ကို ပို့ကုန်တင်ပို့မှု လာမယ်ဆိုရင် ၁၀၅ မိုင်မတိုင်ခင် တန်းစီစရာ မလိုတော့ပါဘူး။ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဝင်းအတွင်းကို ဝင်ရောက်လို့ ရပါတယ်။ ၁၀၅ မိုင်ကနေ ကုန်စည်စိစစ်ပြီးတာနဲ့ ၁၀၅ မိုင်နဲ့ မန်းဝန်းကြားမှာတော့ အနည်းဆုံး သုံးရက်လောက်တော့ တန်းစီရပါတယ်။ ယခင်ထက်စာရင် ပို့ကုန်ကားတွေရဲ့ တန်းစီရတဲ့ အနေအထားက လျော့နည်းသွားပါပြီ။ ဒါပေမဲ့ တရုတ်နိုင်ငံ၏ COVID-19 စည်းကမ်းချက်တွေကြောင့် ကျွန်တော်တို့ရဲ့ ပို့ကုန်ကားအစီးရေ အနည်းငယ်ကတော့ တန်းစီပြီး စောင့်ဆိုင်းနေရတဲ့ အနေအထားကတော့ရှိပါတယ်” ဟု မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ဆိုသည်။
မူဆယ်နယ်စပ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်၌ တရုတ်နိုင်ငံ၏ ကိုဗစ်စည်းကမ်းများအရ ဖြည်းဖြည်းချင်းတင်ပို့နေရခြင်းကြောင့် ၂၀၁၉ -၂၀၂၀ ခုနှစ် ဘဏ္ဍာနှစ်တွင် ၉၇ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ်နိုင်ကာ ဒေါ်လာ ၄ ဒသမ ၈ သန်းကျော် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့သည်။
၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် လေးလတာကာလအတွင်း ၉၈ ရာခိုင်နှုန်းကုန်သွယ်မှုပြုလုပ်နိုင်ကာ ဒေါ်လာသန်း ၄၀၀ ကျော် ကုန်သွယ်နိုင်ခဲ့သည်။
“ကျွန်တော့်စခန်းရဲ့ ရည်မှန်းချက်ကတော့ တစ်လကို ကုန်သွယ်မှု ပမာဏ သန်း ၄၀၀ လောက်တော့ လုပ်နိုင်ပါတယ်။ တစ်နေ့ကို ၁၅ သန်းလောက်ရရမှာပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကတော့ သန်း ၄၇၀ ခန့်မှန်းထားတာ သန်း ၄၆၀ ခန့်ရရှိပါတယ်။ ၉၇ ရာခိုင်နှုန်းလောက်တော့ရပါတယ်။ ဒါကလည်း မြန်မာ့ပို့ကုန်အားနည်းချက်ကြောင့်တော့ မဟုတ်ပါဘူး။ သိတဲ့အတိုင်းပဲ တန်းစီနေရတာပါ။ တရုတ်နိုင်ငံရဲ့ ကိုဗစ်စည်းကမ်းတွေအရ ဖြည်းဖြည်းချင်း တင်ပို့နေရခြင်းဖြစ်ပါတယ်။ တကယ်သာ ယခင်ကလို တင်ပို့နိုင်မှုရှိခဲ့ရင် ကျွန်တော်တို့ ၁၀၀ ရာနှုန်းကျော်တင်ပို့နိုင်မှာပါ။ တရုတ်နိုင်ငံ၏ လက်ခံနိုင်မှု စွမ်းအားပဲ။ မြန်မာယာဉ်မောင်းမချိန်းဘူး။ မြန်မာယာဉ်မောင်းတွေ တရုတ်ထဲကိုဝင်လို့ရမယ်ဆိုရင် ဒီထက်ပိုပြီးတော့မှ ပို့ကုန်ကားတွေ ဝင်ရောက်နိုင်ပါတယ်။ ယာဉ်မောင်းမချိန်းဖို့ နိုင်ငံတော်အဆင့်ရော၊ ဝန်ကြီးဌာန အဆင့်ရော၊ ဒေသအဆင့်ရော၊ တရုတ်နိုင်ငံ တာဝန်ရှိ သူအသီးသီးနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တာ ရှိပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း အထက် အဆင့်ဆင့်ကို တင်ပြထားတယ်လို့ သိရပါတယ်။ တကယ်သာ မြန်မာယာဉ်မောင်းတွေကို COVID-19 ကင်းရှင်းကြောင်း ထောက်ခံချက်နဲ့သာ တရုတ်နိုင်ငံထဲ တိုက်ရိုက် ဝင်ရောက်ခွင့်ရသွားမယ်ဆိုရင် ဒီယာဉ်ကြော ကျပ်တည်းမှုကာလကို ကျော်သွားနိုင်ပါတယ်” ဟု မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ဆိုသည်။
မြန်မာနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ မြင့်တက်စေရန်၊ မြန်မာစိုက်ပျိုးတောင်သူများ၏ အကျိုးစီးပွားများ ရရှိစေရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှု မြင့်တက်စေရန် နှစ်နိုင်ငံစျေးကွက်ရရှိရေး ပို့ကုန်တိုးမြှင့်ရေးတို့ကို တရုတ်နိုင်ငံနှင့် စဉ်ဆက်မပြတ် ဆွေးနွေးကြောင်း၊ ကုန်သွယ်မှု ပိုမိုတိုးတက် ကောင်းမွန်စေရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ သိရသည်။
၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း သွင်းကုန် ထုတ်ကုန်တင်ဆောင်ထားသော ကားအစီးရေ ၁၀၀၀ ဝန်းကျင်ခန့်ရှိနေပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထွက်မှ မူဆယ်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ် ဖြတ်သန်းရန် တန်းစီ စောင့်ဆိုင်းနေသော ကုန်တင်ယာဉ်ကြီးများနှင့် ခြောက်ဘီးကုန်တင်ယာဉ် စုစုပေါင်း ၂၀၀၀ ဝန်းကျင်ရှိကာ တရုတ်နိုင်ငံဘက် ကျယ်ဂေါင်မြို့မှ မြန်မာနိုင်ငံသို့ ထွက်ရှိရန် ကုန်တင်ယာဉ် ၁၅၀၀ ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။
ယခုအခါ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင် ဆန်၊ ဆန်ကွဲ၊ ဖရဲ၊ သခွား၊ ဆီးသီးနှင့် ၀ါအပါအဝင် လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သတ္တု ပစ္စည်းများနှင့် တွင်းထွက် သယံဇာတပစ္စည်းများ၊ ရေနံသဘာဝ ဓာတ်ငွေ့တို့ကို အဓိက တင်ပို့နေပြီး တရုတ်နိုင်ငံမှ စက်မှုလက်မှု ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ် ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ၊ အဝတ်အထည်နှင့် အထည်အလိပ်များ၊ ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းလျက်ရှိသည်။
“ လက်ရှိ COVID-19 ကာလမှာ မြန်မာ -တရုတ်ကုန်သွယ်မှု ရပ်တန့်နှောင့်နှေးကြန့်ကြာမှု မရှိစေရန်အတွက် ကျွန်တော်တို့က ကိုဗစ်ကာလ စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်နေပြီး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ကုန်သွယ်မှုရပ်တန့်မှုမရှိအောင် လုပ်နေပါတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ဆိုသည်။
သို့သော်လည်း တရုတ်နှစ်သစ်ကူးကာလ အလုပ်ပိတ်ရက်သည် နှစ်ပတ်မှ တစ်လနီးပါးရှိခြင်းကြောင့် နှစ်နိုင်ငံကူးသန်းရောင်းဝယ်သူများ စုဆောင်းသယ်ယူပို့ဆောင်နေရာ မြန်မာနိုင်ငံအတွင်းရှိ စုစုပေါင်း ရာခိုင်နှုန်း ၇၀ ခန့်သည် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်နေခြင်းကြောင့် ကုန်ကားတန်းစီစောင့်ဆိုင်းရမှုမှာ ရက်သတ္တပတ်ခန့်ကြန့်ကြာနေကြောင်း ဖေဖော်ဝါရီ ၆ ရက်က သိရသည်။
“တရုတ်နှစ်သစ်ကူးနီးတော့ တရုတ်တွေ အလုပ်တွေ ရပ်နားကြမှာ။ နှစ်ပတ်ကနေ တစ်လလောက်တော့ ကြာတယ်။ ဒါကြောင့် နှစ်နိုင်ငံ ကုန်သည်တွေက တရုတ်နှစ်သစ်ကူး အလုပ်ပိတ်ရက်မတိုင်မီ ကုန်စည် ဝယ်ယူစုဆောင်းမှုများနေတာကြောင့် အခုလိုကုန်တင်ကားတွေ များနေတာပါ။ တရုတ်ဘက်က အဝင်အထွက် စိစစ်မှုကြန့်ကြာနေတာကြောင့် အဝင်အထွက် ကြန့်ကြာနေပြီး ကုန်ကားတွေ ရက်ရှည်စောင့်ဆိုင်းနေရတာပါ” ဟု ကုန်ဂိတ်ပိုင်ရှင် ဦးအောင်နိုင်က ပြောကြားသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပြုလုပ်ရာ မန်းဝန်းဂိတ်သည် ယခင် COVID-19 ကမ္ဘာ့ကပ်ရောဂါမဖြစ်ပွားခင်က ကုန်ကားအစီးရေ ၄၀၀ နီးပါးဝင် ထွက်နေရာမှ ယခုအခါ တရုတ်နိုင်ငံ၏ တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းများ မရှိစေရေး၊ လူများ ကုန်ကားအတွင်း ခိုးဝင်လိုက်ပါခြင်း မရှိစေခြင်းတို့ကို အဓိကထား စိစစ်ပြုလုပ်နေခြင်းကြောင့် လက်ရှိတွင် တစ်ရက်လျှင် အစီးရေ ၁၀၄ စီးခန့်သာ ဝင်ထွက်သွားလာနိုင်ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်မှ မူဆယ်သို့ ကုန်တင်ကားခမှာ ၂၂ ဘီးတွဲကားအတွက် တစ်တန်လျှင် ကျပ် ၆၉၀၀၀ ရှိပြီး တရုတ်နိုင်ငံ ကျယ်ခေါင်မြို့မှ ရန်ကုန်သို့ ကုန်တင်ကားခ မှာ ကျပ် ၄၂ သိန်း ရှိနေသည်။
မူဆယ်နယ်စပ်ကုန်သွယ်ရေးသည် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အဓိကကုန်သွယ်ရေးစခန်းဖြစ်ပြီး ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း သွင်းကုန်ထုတ်ကုန်တင်ဆောင်ထားသော ကားအစီးရေ ၁၀၀၀ ဝန်းကျင်ခန့် ရှိနေပြီး ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်အထွက်မှ မူဆယ်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြတ်သန်းရန် တန်းစီစောင့်ဆိုင်းနေသော ကုန်တင်ယာဉ်ကြီးများနှင့် ခြောက်ဘီးကုန်တင်ယာဉ် စုစုပေါင်း ၂၀၀၀ ဝန်းကျင်ရှိကာ တရုတ်နိုင်ငံဘက် ကျယ်ဂေါင်မြို့မှာ မြန်မာနိုင်ငံသို့ ထွက်ရန် ကုန်တင်ယာဉ် ၁၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်း ဆန်၊ ဆန်ကွဲ၊ ဖရဲ၊ သခွား၊ ဆီးသီးနှင့် ၀ါအပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သတ္တုပစ္စည်းများနှင့် တွင်းထွက်သယံဇာတ ပစ္စည်းများ၊ ရေနံသဘာဝဓာတ်ငွေ့တို့ကို အဓိကတင်ပို့နေပြီး တရုတ်နိုင်ငံမှ စက်မှုလက်မှုပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ယာဉ်ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ၊ အဝတ်အထည်နှင့် အထည်အလိပ်များ၊ ဆက်သွယ်ရေး ပစ္စည်းများ၊ ဆောက်လုပ်ရေးဆိုင်ရာ ကုန်ပစ္စည်းများ တင်သွင်းလျက်ရှိသည်။
တရုတ်နိုင်ငံဘက်တွင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်က စပြီး မြန်မာ့ပို့ကုန် ကုန်စည်များ အပေါ် ဝယ်လိုအား သိသိသာသာ လျော့ကျခဲ့သည်။
မြန်မာနိုင်ငံဘက်ကလည်း လယ်ယာထွက်ကုန်သီးနှံများကို အစဉ်အလာအားဖြင့် တရုတ်နိုင်ငံသို့ နယ်စပ်မှတင်ပို့မှုအများဆုံး ဖြစ်သည်။ COVID-19 ကြောင့် ဝယ်လိုအား ကျဆင်းနေချိန်တွင် မြန်မာ့ရောင်းကုန်များကို တွန်းပို့နေရသကဲ့သို့ဖြစ်နေကာ ဆုံးရှုံးနစ်နာမှုများစွာ ကြုံတွေ့ခဲ့ရသည်။
လတ်တလောတွင်လည်း အင်တာနက် ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ နှောင့်နှေးမှုများ ကြုံတွေ့နေသည်။ ထို့ပြင် ကိုဗစ်ကာလ ကန့်သတ်ချက်များကြောင့်လည်း နယ်စပ်ကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် လျော့ကျနေသည်။










