Stay at Home အစီအစဉ်တွင်ပါဝင်ပြီး ရောဂါဖြစ်ပွားမှုများသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများကို ဖေဖော်ဝါရီ ၅ ရက်တွင် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံလျက် ရှိသည်။
ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များတွင် ကနဦး စတင်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ရရှိမှုအပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
ဇန်နဝါရီ ၃ ရက်၌ COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး COVID-19 ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မူလအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားထားသည်။
ပြည်ထောင်စုဝန်ကြီးက လက်ရှိဆောင်ရွက်လျက်ရှိသော COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေး ထိုးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် COVID-19 ရောဂါဖြစ်ပွားမှု ပထမလှိုင်းတွင် မိမိတို့ကျန်းမာရေး ဝန်ထမ်းအားလုံးနှင့် ပြည်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် ထိခိုက်မှုအနည်းဆုံးနှင့် ကျော်ဖြတ်နိုင်ခဲ့ပြီး ယခု ဒုတိယလှိုင်းဖြစ်ပွားမှုများမှလည်း ဖြစ်ပွားမှုအရေအတွက် သိသာစွာ ကျဆင်းလာပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ COVID-19 ရောဂါဖြစ်ပွားသူ လျော့နည်းကျဆင်းလျက်ရှိသော်လည်း ပေါ့ဆ၍မရကြောင်း ပြောကြားသည်။
ဆက်လက်၍ ရောဂါထိန်း ချုပ်ရေးလုပ်ငန်းများ Mask and Face Shield Campign နှင့် Yellow Campaign ကဲ့သို့သော ပြည်သူလူထုအတွင်း ကျန်းမာရေး အသိပညာမြင့်မားလာစေရေး လုပ်ငန်းများကို ယခုထက် ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် ရောဂါရှိ မရှိ စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း အရေအတွက် ပိုမိုများပြားစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ဝန်ထမ်းများအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ၊ အခြားသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် ယခုအခါ COVID-19 ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကိုပါ ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် ဆောင်ရွက်သူအားလုံးနှင့် ကူညီပံ့ပိုးပေးသူအားလုံးကို အသိအမှတ်ပြုကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း မူလအစီအစဉ်အတိုင်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် လုပ်ငန်းလိုအပ်ချက်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိပါကလည်း အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးဆိုင်ရာ သုံးစွဲခြင်းများကိုလည်း စနစ်တကျအလေအလွင့်မရှိ သုံးစွဲကြစေလိုကြောင်း၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ ဆေးသုတေသန ဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနရှိ တာဝန်ရှိပုဂ္ဂိုလ်၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများသည် လုပ်ငန်းအတွေ့အကြုံ များစွာရှိကြသူများဖြစ်၍ စနစ်တကျစီမံခန့်ခွဲ၍လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်းနှင့် ပြည်သူများ၏ ကျန်းမာရေးကို အဓိက စောင့်ရှောက်ပေးရန် တာဝန်ရှိသည်ကို အားလုံးမှ သိရှိနားလည် ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။
အိန္ဒိယမှ ဝယ်ယူထားသည့် COVI-SHIELD ကာကွယ်ဆေး Dose သန်း ၃၀ အနက် ကနဦးအနေဖြင့် နှစ်သန်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
“ဖေဖော်ဝါရီ ၄ ရက် လာမယ့် ကာကွယ်ဆေးတွေက ၁၁ ရက်နေ့ကို ပြောင်းသွားတယ်။ လာမှာက အိန္ဒိယက ဝယ်ထားတဲ့ ကာကွယ်ဆေး Dose သန်း ၃၀ ထဲက နှစ်သန်းလာမှာဖြစ်ပါတယ်။ ဝယ်ထားတဲ့ ကာကွယ်ဆေးတွေဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၆ ရက် သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် COVI-SHIELD/AstraZeneca ကာကွယ်ဆေး အကြိမ် (Dose) အရေအတွက်သန်း ၃၀ ကို ဝယ်ယူထားပြီးဖြစ်ကာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကာကွယ်ဆေးအကြိမ်ရေ နှစ်သန်းခန့် ကနဦးရောက်ရှိလာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
“အိန္ဒိယသံရုံးက အခုစာထုတ်ထားတာ ရှိပါတယ်။ ပထမ စီစဉ်ထားတာက ဖေဖော်ဝါရီ ၄ ရက်နေ့ စီစဉ်ထားပြီးတော့ အခု ၁၁ ရက်နေ့ ပြောင်းမယ်ဆိုပြီးတော့ စာထွက်ထားတာပေါ့နော်။ အဲဒီအတိုင်းပဲ သက်ဆိုင်ရာအစိုးရတွေအနေနဲ့ ဆောင်ရွက်ပါလိမ့်မယ်။ ဒီဘက်ကလည်းပဲ လက်ခံတဲ့ကိစ္စတွေကို အဆင်ပြေပြေနဲ့ ကာကွယ်ဆေးတွေ လက်ခံဖို့၊ သိုလှောင်ဖို့၊ နောက်သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေ ဖြန့်ဖြူးဖို့ကိစ္စတွေကို ဒါတွေကိုလည်း ဆက်လုပ်နေပါတယ်။ အခုထက်ထိလည်း ကာကွယ်ဆေးတွေက သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေက ကျန်းမာရေးဝန်ထမ်းတွေကို ဆက်ထိုးပေးနေပါတယ်” ဟု ဒေါက်တာ ခင်ခင်ကြီးက ပြောကြားသည်။
COVAX ထံမှ ခွဲတမ်းဖြင့် ရရှိမည့် ကာကွယ်ဆေးများ ယခုလကုန်ပိုင်းတွင် Dose ၄ ဒသမ၂ သန်း ရောက်ရန်ရှိပြီး COVISHIELD ကာကွယ်ဆေးအမျိုးအစားရဖွယ်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆိုသည်။
“ဖေဖော်ဝါရီလကုန်မှာ Dose ကနေပြီးတော့ နိုင်ငံ့လူဦးရေရဲ့ ရာခိုင်နှုန်း ၂၀ ကာကွယ်ဆေးတွေကလည်း ရောက်လာဖို့ရှိပါတယ်။ ၄ ဒသမ ၂ သန်း ရောက်လာဖို့ရှိပါတယ်။ ရောက်လာမယ့် ကာကွယ်ဆေးတွေကတော့ အခု ကျွန်မတို့ ထိုးပေးနေတဲ့ COVISHIELD ပဲ လာဖို့များပါတယ်။ ကာကွယ်ဆေးတွေကတော့ ဧပြီလမှာလည်းပဲ ဝယ်ထားတဲ့ ကာကွယ်ဆေးတွေ တောက်လျှောက်လာဖို့ ရှိပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
COVAX အဖွဲ့ထံမှ ခွဲတမ်းဖြင့် ရရှိမည့် COVID-19 ကာ ကွယ်ဆေးများ မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလကုန်ပိုင်း ရောက်ရှိမည် ဖြစ်ပြီး ဇန်နဝါရီလကုန်ပိုင်းအထိ အဖွဲ့ဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံကို Pfizer ကာကွယ်ဆေးများ ဖြန့်ဖြူး ထားသည်ဟု နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထား သည်။
COVAX အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ အနက် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအလယ်အလတ်နှင့် ဖွံ့ဖြိုးမှု လိုအပ်သည့် တိုင်းပြည် ၉၂ နိုင်ငံတွင် ပါဝင်ကြောင်း၊ လက်ရှိ COVAX အဖွဲ့က တိုင်းပြည် ၄၆ နိုင်ငံကို Pfizer ကာကွယ်ဆေးများ ဖြန့်ဖြူးထားပြီး ယင်းတို့အနက် ဖွံ့ ဖြိုးပြီးတိုင်းပြည် ၃၆ နိုင်ငံနှင့် ဖွံ့ဖြိုး မှု အလယ်အလတ်ရှိသည့် တိုင်းပြည် ခြောက်နိုင်ငံ ပါဝင်သည်ဟု သိရသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံနိုင်ရေးအတွက် ရန်ပုံငွေများ အဓိက ထောက်ပံ့ပေးနေသည့် Gavi,The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် COVID-19 ကာကွယ်ဆေးရရှိစေရေး ပံ့ပိုးမည့်အစီအစဉ်များ ချမှတ် ဆောင်ရွက်ခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
COVID-19 ကာကွယ်ဆေးသည် အသစ်ဖြစ်သောကြောင့် လက်ရှိရေးဆွဲပြုစုထားသော လုပ်ငန်းလမ်းညွှန်တွင် ထပ်မံတွေ့ရှိလာမည့် အကြောင်းအရာများနှင့် အချက်အလက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖြည့်စွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျန်းမာရေးဝန်ထမ်းများကို COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆိုင်ရာ မွမ်းမံသင်တန်းများ ပေးခဲ့ပြီးဖြစ်သည်။ COVID-19 ကာကွယ်ဆေးသည် ကာကွယ်ဆေး အသစ်ဖြစ်သဖြင့် ဆေးနှင့်ပတ်သက်သည့် ၀ိသေသများ၊ အကြောင်းအရာများ၊ ထိုးနှံရာတွင် ဆောင်ရွက်ရမည့် အချက်များ၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော ကိစ္စရပ်များ စသည်တို့နှင့် ပတ်သက်၍ နောက်ဆုံးရအချက်အလက်များကို မွမ်းမံပြောကြား သင်တန်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းသင်တန်းများ တက်ရောက်ပြီး သူများမှသာ COVID-19 ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်းကောင်း၊ ထပ်မံ၍ အသုတ်လိုက် ရောက်ရှိလာမည့် ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်းကောင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ COVID-19 ကာကွယ်ဆေးထိုးနှံရန်အတွက် အသေးစိတ်လုပ်ငန်းလမ်းညွှန်များကိုလည်း ရေးဆွဲပြုစုပြီးဖြစ်ကာ အီးမေးလ်များဖြင့်လည်းကောင်း၊ စာအုပ်ဖြင့်လည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဖြန့်ဝေပေးပြီးဖြစ်သည်။ COVID-19 ကာကွယ်ဆေးသည် အသစ် ဖြစ်သောကြောင့် လုပ်ငန်းလမ်းညွှန်များကိုလည်း နောက်ထပ် ထပ်မံတွေ့ရှိလာမည့် အကြောင်းအရာများနှင့် အချက်အလက်များရှိပါက ထပ်မံမွမ်းမံဖြည့်စွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
COVID-19 ကာကွယ်ဆေးသည် ဒုတိယအကြိမ် ဆေးထိုးပြီးမှသာ ရောဂါကို ခံနိုင်ရည်ရှိသည့် ဓာတ်များထွက်ပြီး ဆေးအာနိသင် အချိန်မည်မျှကြာရှည်ခံသည်ကိုမူ အတိအကျမသိသေးကြောင်း နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ဆေးပညာဌာန ပါမောက္ခ ဒေါက်တာတင့်တင့်ကြည်က COVID-19 အကြောင်း သိကောင်း စရာ အမေးအဖြေကဏ္ဍတွင် ထည့်သွင်းပြောကြားထားသည်။
“ COVID-19 ကာကွယ်ဆေးက ထုတ်လုပ်မှုပုံစံအပေါ်မှာ မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ ဒုတိယအကြိမ် ဆေးထိုးပြီးမှသာ ရောဂါကို ခံနိုင်ရည်ရှိတဲ့ဓာတ်တွေ ထွက်လာတာဖြစ်ပါတယ်။ ဒါက ဘယ်လောက်အထိ ခံမလဲဆိုတဲ့ မေးခွန်းအတွက် အထောက်အထားတွေ လုံလောက်စွာ မရှိသေးပါဘူး” ဟု ဒေါက်တာတင့်တင့်ကြည်က ပြောကြားသည်။
ဖေဖော်ဝါရီ ၄ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံမည့် အစီအစဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်အထိ ရရှိသောစာရင်းများအရ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ၁၀၃၁၄၂ ဦးကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း၊ ဆက်လက်၍ တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းတွင် အောက်ပါ ဦးတည်အုပ်စုများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းဦးတည်အုပ်စုများမှာ ပြည်ထောင်စုအဆင့် အဖွဲ့ဝင် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများနှင့် ဗဟိုရုံးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးအဆင့်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ မိမိအိမ်တွင်သာ နေထိုင်ရေး အစီအစဉ် Stay at Home တွင် ပါဝင်သည့် ၄၀ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူ များ၊ ယခင်အစိုးရလက်ထက် တာဝန် ထမ်းဆောင်ခဲ့သော ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၁ ခုနှစ် မတ်လမှ စတင်၍ လစဉ်ဆောင်ရွက်မည့် COVID-19 ကာကွယ်ဆေးထိုး အစီအစဉ်တွင် လအလိုက် ကာကွယ်ဆေးထိုးပေးမည့် လူအုပ်စုများနှင့် ပတ်သက်၍ ဆက်လက် သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံမှ လက်ဆောင်အဖြစ် ပေးအပ်သော COVID-19 ကာကွယ်ဆေး COVISHIELD ၁ ဒသမ ၅ သန်း ရရှိထားပြီးဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ Serum Institute of India (SII) မှ ဝယ်ယူထားသော COVID-19 ကာကွယ်ဆေး COVISHIELD ၃၀ သန်းသည်လည်း လစဉ်အသုတ်လိုက် ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် Gavi COVAX Facility မှ ထောက်ပံ့သည့်ကာကွယ်ဆေး ၂၇ သန်းခန့် သည်လည်း မတ်လမှစတင်၍ လစဉ် အသုတ်လိုက်ရောက်ရှိရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အသက် ၁၈ နှစ်နှင့် အထက်ရှိသော မိဘပြည်သူ ၃၈ ဒသမ ၃၅ သန်းခန့်ကို ၂၀၂၁ ခုနှစ်အတွင်း COVID-19 ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ကြိုးပမ်းစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။










