အမှန်တကယ်တော့ ဒီမြို့ကို ကျွန်တော် ရောက်ချင်လွန်းလို့ ရောက်ခဲ့ရတာမဟုတ်ပါဘူး။ အကြောင်းကြောင့်အကျိုးဖြစ်ပြီး ရောက်ခဲ့မိတာပါ။ သေသေချာချာ ရှင်းပြပါရစေ၊ ၁၉၉၇ ခုနှစ်ကပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော် အချိုရည်ကုမ္ပဏီတစ်ခုမှာ သိုလှောင်ရုံကြီးကြပ်ရေးမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေခဲ့တယ်။ တစ်နေ့မှာ ကျွန်တော့်အထက်က မန်နေဂျာက ကျွန်တော့်ကို မေးတယ်။ အဲဒီမြို့ရဲ့ ဌာနခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ သိုလှောင်ရုံကြီးကြပ်ရေးမှူး အလုပ်ထွက်သွားတယ်။ သူ့နေရာမှာ ကျွန်တော့်အနေနဲ့ သွားရောက်တာဝန်ထမ်းဆောင်နိုင်မလားပေါ့။ ပထမတော့ ကျွန်တော် စဉ်းစားတယ်။ နယ်မြို့တစ်မြို့မှာ အမြဲတမ်း နေထိုင်ပြီး အလုပ်လုပ်ချင်တဲ့စိတ် ကျွန်တော့်မှာ မရှိဘူး။ ဒါပေမဲ့ အဲဒီအချိန်က ရန်ကုန်မှာ ကျွန်တော် နေချင်စိတ်မရှိဘူး ဖြစ်နေတယ်။ အဲဒါနဲ့ သွားမယ်လို့ ပြောလိုက်မိတယ်။ အဲဒီလိုနဲ့ အဲဒီမြို့ကို ကျွန်တော် ရောက်ခဲ့တယ်။
ဒီမြို့ကို မရောက်ခဲ့ဖူး၊ ဖြတ်သန်းသွားလာခြင်း မပြုခဲ့ဖူးပေမယ့်လည်း ဒီမြို့ရဲ့နာမည်ကိုတော့ ငယ်ငယ်ကတည်းက ကြားဖူးခဲ့တာပါ။ ကလေးချော့ကဗျာထဲမှာ အဲဒီမြို့နာမည် ပါတယ်လေ။
လူကလေးရဲ့ ချော့စရာ
မိတ္ထီလာ ကန်တော်အောက်က
ဖားကောက်ခဲ့ပါ။
ဖားပါရင် တစ်ကောင်ပေးပါ
မျက်လုံးရယ် ကြောင်တောင်နဲ့
ဖားကောင်က သေး။
သားချော့တေးမှာပါတဲ့မြို့ကို ကျွန်တော့် အသက်သုံးဆယ်ကျော်မှသာ ရောက်ခဲ့ပါတယ်။
မိတ္ထီလာမြို့ကို ဟိုးတုန်းက သျှိသျှားမြို့ လို့ခေါ်သတဲ့။ ပုဂံခေတ်မှာ အနော်ရထာမင်း တက်လာတော့ အရည်းကြီးတွေ ကြီးစိုးခဲ့လို့ နှိမ်နှင်းခဲ့ရတယ်လို့ ဆိုတယ်။ အနော်ရထာမင်း လက်ထက်မှာတော့ မထိလာလို့ အမည်တွင်သတဲ့၊ ပုပ္ပားတောင်နဲ့ ကန်ရေပြင်ထိမနေတဲ့အတွက် ကန်ကြီးကို မထိလာကန်လို့ ခေါ်တွင်သလို မြို့ကိုလည်း မထိလာမြို့လို့ ခေါ်တွင်ခဲ့တာလို့ဆိုတယ်။ ကန်ကိုအစွဲပြုပြီးဖြစ်ပေါ်လာတဲ့ မြို့ဆိုတော့ သျှိသျှားမြို့ဖြစ်လိုက်၊ မထိလာမြို့ ဖြစ်လိုက်ပေါ့။
မိတ္ထီလာကန်နဲ့ပတ်သက်ပြီး ဆိုရိုးစကား တစ်ခုလည်းရှိတယ်။ အဲဒါကတော့ “ကြိုးကြာ မသောက်၊ ရေမနောက် ၊ မပေါက်ရွှေကြာ ကန်ထီလာ”တဲ့။ သတိထားပြီး ကြည့်မိတယ်။ ကြိုးကြာငှက်လည်း မတွေ့ရ၊ ကြာရိုးကြာပင်လည်း မတွေ့မိပါဘူး။
ရေလည်း နောက်ကျိတာကို မတွေ့မိဘူး။ မိတ္ထီလာကန်ကို ကန်နှစ်ကန်နဲ့ ဖွဲ့စည်းထားတယ်။ တောင်ကန်နဲ့ မြောက်ကန်လို့ ခေါ်ကြတယ်။ သာစည်-မြင်းခြံမီးရထားလမ်းတံတားက တောင်ကန် မြောက်ကန်အပေါ် မှာဖြတ်ကျော်ပြီး တည်ဆောက်ထားတယ်။ မိတ္ထီလာကန်အနားမှာ ဖောင်တော်ဦးဘုရားရှိတယ်။ နှစ်စဉ် တော်သလင်းလမှာ ဘုရားပွဲတော် ကျင်းပလေ့ရှိတယ်။ လှေပြိုင်ပွဲလည်း ပါတာပေါ့ ။
မိတ္ထီလာနဲ့ပတ်သက်ရင် ဝန်ဇင်းမင်းရာဇာခေါ် အမတ်ကြီး ဘိုးရာဇာရဲ့အကြောင်းကို မပြောရင် မပြည့်စုံဘူးလို့ထင်ပါတယ်။ အင်းဝခေတ်မှာ ထင်ရှားခဲ့တဲ့အမတ်ကြီးပေါ့။ မိတ္ထီလာဝန်စင်းရွာက သာမန်ရွာသား တစ်ဦးဖြစ်သတဲ့။ ငယ်နာမည်က မောင်ညိုဖြစ်ပြီး ဗဟုသုတလေ့လာလိုက်စားသူဖြစ်တယ်။ ပေစာရွက်တွေနဲ့ပဲ အချိန်ကုန်လို့ စာတိုငညို လို့ခေါ်ကြသတဲ့။ ဝန်စင်းရွာသူကြီးသမီးနဲ့ အကြောင်းပါတယ်။ လယ်ထွန်ကောက်စိုက် အလုပ်ကို သေသေချာချာမလုပ်ဘဲ ပေစာတွေကိုသာ ဖတ်ရှုနေတဲ့အချိန်ကများနေလို့ ယောက္ခမဖြစ်သူက မကြည်ဖြူဘူး။
မြန်မာသက္ကရာဇ် ၇၃၀ မှာ မိတ္ထီလာကန် ကျိုးပေါက်တော့ အင်းဝဘုရင်မင်းကြီး စွာစော်ကဲကိုယ်တော်တိုင် ရောက်လာပြီး ဆည်ဖို့ပြုပြင်တယ်။ ကန်ဘောင်ရိုးမှာ မိန်းမရုပ်နဲ့ နတ်ကွန်းတစ်ခု ကိုတွေ့တယ်။ အနီးအနားမှာ ရှိနေတဲ့သူတွေကို နတ်ကွန်းအကြောင်း မေးမြန်းစုံစမ်းတော့ ဘယ်သူကမှ မဖြေနိုင်ကြဘူး။ ပြောနိုင်ဆိုနိုင်မယ့်သူကို စုံစမ်းတဲ့အခါ ဝန်စင်းရွာသူကြီးရဲ့သားမက်က ဖြေနိုင်လိမ့်မယ်လို့ ဆိုတဲ့အခါ စာတိုငညိုကို မင်းကြီး စွာစော်ကဲက ခေါ်ခိုင်းလိုက်တယ်။
ရွာသူရွာသားတွေကတော့ ရှင်ဘုရင် အခေါ်ရှိတယ်ဆိုတော့ ကြောက်လို့လန့်လို့ပေါ့။ စာတိုငညို ရောက်လာတဲ့အခါ နတ်ကွန်း မဟုတ်ကြောင်း ၊ အနော်ရထာမင်းရဲ့ မိဖုရားငယ်တစ်ပါး ကွယ်လွန်အနိစ္စရောက်ခဲ့လို့ အမှတ်အသားပြုထားတာဖြစ်ကြောင်း မင်းကြီးစွာစော်ကဲကို လျှောက်ထားတယ်။ ကန်ရိုးကန်ဘောင်ကို ဖျက်ပြီးတူးစေတယ်။
မိဖုရားရုပ်ထုကို တွေ့ရတယ်။ မင်းကြီးစွာစော်ကဲလည်း စာတိုငညိုကို အင်းဝနန်းတော်ဆီ ခေါ်ယူခဲ့တယ်။ စည်းတပြစ်ဆိုတဲ့ ဘွဲ့အမည်နဲ့ အဆောင်အယောင်တွေပေးတယ်။ မင်းကြီးစွာစော်ကဲရဲ့ သားတော်ဖြစ်သူ အင်းဝဘုရင် မင်းခေါင်ကရာဇာဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခြင်းခံရပြန်တယ်။ ဝန်ဇင်းမင်းရာဇာဟာ မင်းကြီးစွာစော်ကဲ၊တရဖျား၊ မင်းခေါင်အင်းဝဘုရင်မင်းဆက်သုံးဆက်မှာ ၅၃ နှစ်ကြာအောင် အမှုထမ်းခဲ့သတဲ့။ အဲဒါကြောင့် ဝန်စင်းဘိုးရာဇာလို့အမည်တွင်ခဲ့ပုံရပါတယ်။ ကျွန်တော် မိတ္ထီလာမှာ နေခဲ့တုန်းက သပြေဝကျေးရွာနဲ့ သာစည်သွား ကားလမ်းနဘေးမှာ ဘိုးရာဇာ တည်ခဲ့တဲ့ဘုရားဆိုပြီး စေတီတစ်ဆူကို ဖူးတွေ့ခဲ့ရတယ်။
မိတ္ထီလာပတ်ဝန်းကျင်မှာ ရုပ်ရှင်ဇာတ်ကားတွေ လာရိုက်ဖူးတယ်။ တောင်ပုလုဆည်နားက ရွာတစ်ရွာမှာ ရုပ်ရှင်မင်းသားကြီး ရွှေဘ၊ စိုးရွှေတို့ပါဝင်သရုပ်ဆောင်တဲ့ “ တနေဝင်သော်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား လာရောက် ရိုက်ကူးခဲ့ဖူးသတဲ့။
ဟိုတုန်းက အဆုတ်ရောဂါရှိတဲ့သူတွေကို မိတ္ထီလာကန်ကို ဖြတ်တိုက်တဲ့ လေကိုရှူစေတဲ့ အလေ့အထရှိခဲ့ဖူးတယ်။ အဆုတ်ရောဂါခံစားနေရသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည်ဌေးပါဝင်တဲ့ “ရတနာပုံ”ရုပ်ရှင်ဇာတ်ကား ရိုက်ခဲ့ဖူးတယ်။ ဝင်းဦး၊ အောင်လွင်နဲ့ ခင်သန်းနုတို့ပါဝင် သရုပ်ဆောင်ခဲ့တဲ့ “မှုန်ရွှေရည်”ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းကို အဲဒီမြို့မှာ ရိုက်ကူးထားတာ အမှတ်ရမိတယ်။ ကျွန်တော်မသိတဲ့ ဒီ့ပြင်ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိပါလိမ့်မယ်။
မိတ္ထီလာကိုရောက်ခါစက ရန်ကုန်ကို သိပ်ပြီးသတိရမိတယ်။ အဲဒီတုန်းက အမြန်လမ်းမကြီး မရှိသေးဘူး။ ရန်ကုန်ကနေ မန္တလေးကိုသွားတဲ့ကားတွေ မိတ္ထီလာမြို့ကိုဖြတ်ပြီး သွားရသလို မန္တလေးကနေ ရန်ကုန်ကို ဆင်းတဲ့ကားတွေကလည်း မိတ္ထီလာမြို့ကို ဖြတ်ပြီးသွားရတယ်။ ယခု လမ်းဟောင်းလို့ အများက ခေါ်နေကြတဲ့ အရင်တုန်းက အဝေးပြေးကားတွေ ဖြတ်သန်းသွားလာတဲ့ ကားလမ်းမက ကျွန်တော် အလုပ်လုပ်တဲ့နေရာ ရှေ့ကနေ ဖြတ်သွားတယ်။ မန္တလေးကနေ ရန်ကုန်ကို သွားတဲ့ကားတွေက ညနေ ၅ နာရီ လောက်ကစပြီး ကျွန်တော်ရှိတဲ့နေရာရှေ့ကနေဖြတ်သွားတယ်။
ကျွန်တော်လည်း အဲဒီမော်တော်ကားတွေကိုကြည့်ပြီး ရန်ကုန်ကို ပြန်ချင်တဲ့စိတ်တွေ ဖြစ်မိတာပေါ့။
မိတ္ထီလာက ကဗျာဆရာ မောင်ဖူးဝေ (ထီလာ) က သူ့ရဲ့ “မိတ္ထီလာ သမုဒ္ဒရာ”ဆိုတဲ့ ကဗျာအစမှာ အောက်ပါအတိုင်း ဖွဲ့ဆိုရေးသားထားတာကို ဖတ်ရှုခဲ့ဖူးတယ်။
နွေဦးကာလ
မြူသိပ်ထတဲ့ မြို့လေး
ဖြတ်ကျော်ခဲ့ကြရမှာပေါ့
မြို့ခံတွင်းဝက
မေ့မှာစိုးလို့ ရေးမှတ်ထား
“ကြိုဆိုပါ၏”ဆိုလား
အဲဒါပါပဲ
သူ့ခရီးဦးကြိုစကား
ခင်ဗျားတို့ ရင်ခုန်လိုက်ကြသေးလား
အဲဒီအချိန်တုန်းကတော့ မိတ္ထီလာမြို့အဝင်က “ကြိုဆိုပါ၏”ဆိုတဲ့ နှုတ်ခွန်းဆက် ဆိုင်းဘုတ်ဟာ ကျွန်တော့်အတွက်တော့ ရင်ခုန်စရာ မဖြစ်ခဲ့ပါဘူး။ ရန်ကုန်က အကြောင်းအရာကိစ္စတွေကို မေ့ပျောက်ချင်ပေမဲ့လည်း ရန်ကုန်ကိုပဲ သတိရနေမိတယ်။
နည်းနည်း အနေကြာလာတော့ မြို့ပတ်ဝန်းကျင်က နေရာဒေသအချို့ကို ရောက်ဖြစ်ခဲ့တယ်။ သမိုင်းဝင်ဘုရားလေးငါးဆူကို ဖူးမြော်ခဲ့တယ်။ ချစ်သူတွေ အတူတူဖူးရင် ကွဲတတ်တယ်လို့ အဲဒီက မြို့သူတစ်ဦး ကျွန်တော့်ကိုပြောဖူးတဲ့ မြို့အဝင်နားက “ရွှေမြင်တင်”ဘုရားကို တစ်ဦးတည်း သွားဖူးခဲ့တယ်။ “နဂါးရေသောက်၊ လူတစ်ယောက်” “နဂါးရေမြုပ် လူတစ်အုပ်”လို့ ကျွန်တော့်တပည့်တွေက ကျွန်တော့်ကိုပြောတဲ့ မိတ္ထီလာကန်ထဲက ရေလည်ဘုရားကိုလည်း သွားရောက်ဖူးမြော်ခဲ့ပါတယ်။ အဲဒီဘုရားနဲ့ မနီးမဝေးမှာ တည်ထားတဲ့ နဂါးရုံဘုရားကိုလည်း ဖူးမြော်ဖြစ်ခဲ့တယ်။ မိတ္ထီလာမှာ သိမ်ကိုးသိမ်ရှိသတဲ့။ ဒါပေမဲ့ ကျွန်တော်ကတော့ ပဲသီဒါသိမ်ဆိုတဲ့ သိမ်တစ်ခုနေရာပဲ ရောက်ခဲ့တယ်။
စေတီဘုရားတွေကို သွားရောက်ဖူးမြော်တာတွေဖတ်ရလို့ ကျွန်တော့်ကို ဘုရား၊ တရားနဲ့ အလွန့်အလွန် နီးစပ်သူတစ်ဦးလို့တော့ မထင်မှတ်စေချင်ဘူး။ မိတ္ထီလာမှာ ကျွန်တော် အမှတ်တရအဖြစ်ဆုံးက ထန်းရည်သောက်ရတဲ့ အရသာပါပဲ။ ထန်းရည်သောက်ချင်ရင် မနက်ကတည်းက ကြိုပြီးမှာထားရတယ်။ ထန်းပင်တက်ပြီးတဲ့အခါ ရလာတဲ့ထန်းရည်ကို ပုလင်းထဲထည့်ပြီး ရေတွင်းထဲမှာ ဆွဲခြင်းနဲ့ စိမ်ထားပေးတယ်။ ထန်းရည်ရောင်းတဲ့သူဆီမှာ ရေခဲသေတ္တာမရှိဘူးလေ။ ညနေ ကျွန်တော့်ဆီကို ယူလာတဲ့အခါမှာတော့ ထန်းရည်အေးအေးလေးပေါ့။ အဲဒီထန်းရည် အေးအေးလေးသောက်ရတဲ့ အရသာကို ကျွန်တော် သတိရနေမိတယ်။
မိတ္ထီလာဟာ လမ်းဆုံ မြို့ပါ။ ရှမ်းပြည်ဘက်ကို တက်ချင်ရင်လည်းရတယ်။ မန္တလေးဘက်ကို သွားမယ် ဆိုလည်းဖြစ်တယ်။ ပုပ္ပား၊ ကျောက်ပန်းတောင်းဘက်ကို သွားချင်ရင်လည်းရတယ်။ ချောက်၊ ရေနံချောင်းဘက်ကိုလည်း သွားနိုင်တယ်။ မြင်းခြံကိုသွား၊ စိတ်ပါရင် ဧရာဝတီမြစ်ကြီးကိုဖြတ်ပြီး ပခုက္ကူ၊ မြိုင်ဘက်ကို ခရီးဆက်နိုင်တယ်။ အောက်ဘက်ရန်ကုန်ဘက်ကိုလည်း စုန်ဆင်းနိုင်တယ်။ အချက်အချာကြတဲ့ လမ်းဆုံမြို့ပါပဲ။
မိတ္ထီလာမှာ ကျွန်တော် ရှိစဉ်အခါကတော့ မော်တော်ဆိုင်ကယ်တွေ အခုလောက် မပေါများသေးဘူး။ ကျွန်တော်လည်း စက်ဘီးတစ်စီးနဲ့ မြို့လုံးပတ်လည်သွားဖြစ်ခဲ့တယ်။ မိုးဦးလေဦးမှာ လေနီကြမ်းတိုက်တာကိုတော့ ကျွန်တော် သဘောမတွေ့မိဘူး။ ဖုန်တသောသောနဲ့ နေရထိုင်ရခက်တယ်လေ။
မိတ္ထီလာမှာနေခဲ့စဉ်က အခါအခွင့်သင့်တိုင်း ရန်ကုန်ကိုဆင်းတယ်။ ရန်ကုန်မှာ စိတ်မပျော်စရာအကြောင်းကိစ္စရှိပေမဲ့လည်း ရန်ကုန်မှာကျွန်တော့်မိဘတွေရှိနေသလို ကျွန်တော့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေကလည်း ရန်ကုန်မှာပဲ ရှိကြတာကိုး။ ရန်ကုန်ကိုပြန်ချင်တဲ့အကြောင်းကို မိတ္ထီလာက ကဗျာဆရာ၊ စာရေးဆရာ မောင်သာလင်း ကိုပြောမိတယ်။ သူနဲ့ ကျွန်တော်နဲ့က မိတ္ထီလာရောက်မှ သိကြခင်ကြတဲ့သူတွေ မဟုတ်ပါဘူး။ ရန်ကုန်မှာ ကျွန်တော်ကျောင်းတက်နေစဉ်ကတည်းက သိခဲ့သူပါ။ ကျွန်တော် ကျောင်းပြေးပြီး စာအုပ်တန်းဘက်ရောက်တဲ့အခါ သူ့ဆိုင်မှာ စာအုပ်ဝယ်ရင်း သိကျွမ်းခဲ့သူတွေပါ။အဲဒီတုန်းကတော့ သူက ပန်းဆိုးတန်းစာအုပ်တန်းမှာ စာအုပ်ရောင်းသူပေါ့။ ကျွန်တော် မိတ္ထီလာကို မရောက်ခင်ကပဲ သူကမိတ္ထီလာမှာ မိသားစုနဲ့ အတူ နေနေသူပါ။
သူက ကျွန်တော့်ကို ယခုလိုပြောဖူး တယ်။
“မင်းက အခုတော့ ဒီမှာ နေရတာ ပျင်းတယ်လို့ဆိုတယ် ။ နောင်... ဒီမှာမနေရတဲ့ အခါကျရင် ဒီမြို့ကို မင်းသတိရနေလိမ့်မယ်”
ဟုတ်ကဲ့... အမှန်ပါပဲ။ ယခုအချိန်မှာတော့ ကန်ရေတွေနဲ့ ဆူဖြိုးဖောင်းကားနေတဲဲ့ အညာက လမ်းဆုံမြို့လေးကို သတိရလွမ်းနေမိတယ်လေ။










