Eleven Media Group မှတစ်ဆင့် စေတနာရှင်များ လှူဒါန်းသည့် မြိုင်မြို့နယ် ကံကြီးရိုးကျေးရွာ စက်ရေတွင်းတူးဖော်မှု ပေ ၆၈၀ တွင် ရေချိုထွက်ရှိခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်တွင် ရေတင်ခြင်းလုပ်ငန်း လုပ်ဆောင်ရာ တစ်နာရီဂါလန် ၁၈၀၀ နီးပါး ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ် ကံကြီးရိုးကျေးရွာတွင် စက်ရေတွင်းတူးဖော်မှုကို ဇန်နဝါရီ ၁၅ ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး တွင်းတူးခြင်း၊ ပိုက်ချခြင်း၊ ရေမှုတ်တင်ခြင်း၊ ရေပန့် တပ်ဆင်ခြင်းနှင့် ရေထုတ်ယူခြင်း လုပ်ငန်းများအား ဆက်လက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စက်ရေတွင်း တူးဖော်မှုအတွက် ကုန်ကျငွေ ကျပ် ၇၅ သိန်းအား ကွယ်လွန်သူ ဖခင်ကြီး ဦးကျော်မြင့်အား ရည်စူး၍ အမေရိကန်နိုင်ငံနေ ကျန်ရစ်သူမိခင်ကြီး ဒေါ်ထွေးမြင့် နှင့် သားသမီးမြေးများမိသားစုက လှူဒါန်းခဲ့ခြင်းဖြစ်ပြီး Eleven Media Group ရေအလှူအဖွဲ့ ဒေါက်တာ မောင်မောင်ဆွေမှတစ်ဆင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ရွာမှာက မြေသားကန် ရှိပေမဲ့ မိုးမကောင်းလို့ ရေမဝင်ဘူး။ အခုဆို ရေခန်းနေပြီ။ တစ်ပိုင်တစ်နိုင် တူးထားတဲ့ ရေတွင်းတွေထဲက ရေကို သုံးရတယ်။ အဲဒီရေကလည်း သုံးရေနဲ့ နွားတိုက်ဖို့လောက်ပဲ ရတယ်။ ထမင်းချက်တယ် ဆိုရင်လည်း ထမင်းတွေက ၀ါထိန်ကုန်ပြီး သိုးတယ်။ ပဲပြုတ်တယ် ဆိုရင်လည်း ပဲတွေက မည်းညစ်ကုန်တယ်။ သောက်မယ်ဆိုရင်လည်း ငန်ခါးတော့ မသောက်နိုင်ဘူး။ ပေအနက် တူးမယ်ဆိုတော့လည်း ရွာက ငယ်တော့ သိန်း ၇၀၊ ၈၀ မတတ်နိုင်ဘူး။ အခုလို အလှူရှင်ရှိတော့ အဆင်ပြေတယ်။ အတော်ကို အဆင်ပြေတယ်။ ရွာကိုယ်စား ကျေးဇူးလည်းတင်တယ်” ဟု ကံကြီးရိုးကျေးရွာမှ ဦးကြည်ထွန်းက ပြောကြားသည်။
သောက်သုံးရေအတွက် စက်ရေတွင်း အောင်မြင်စွာ တူးဖော်နိုင်ခဲ့သည့် ကံကြီးရိုးကျေးရွာမှာ အိမ်ခြေ ၆၀ နီးပါးနှင့် လူဦးရေ ၄၀၀ နီးပါးရှိပြီး အိမ်အရောက် ရေပိုက်လိုင်းစနစ်ဖြင့် ရေဖြန့်ဝေခြင်းအား ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ရန်ပုံငွေဖြင့် ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
“မိုးက မကောင်းတော့ အရင်လို ကန်ရေတစ်ခုတည်း အားထားပြီး သုံးလို့ မရတော့ဘူး။ အခုလို ရေက ရှားနေကြပြီ။ တစ်နှစ်ထက် တစ်နှစ်လည်း ပူလာတယ်။ အခုတူးလို့ အောင်မြင်တဲ့ ရေတွင်းက ရေကို သောက်ကြည့်တော့ ရေချိုတယ်။ ထမင်းချက်ကြည့်တော့လည်း ၀ါတာမျိုး မရှိဘူး။ ရေကောင်းရတယ်”ဟု ကံကြီးရိုးကျေးရွာမှ ဦးကြည်ထွန်းက ဆိုသည်။
Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ၂၀၁၆ ခုနှစ်မှ စတင်ကာ စက်ရေတွင်း လိုအပ်သည့် ကျေးရွာများအား ရေချိုရရှိနိုင်မှု တိုင်းတာ၍ ရေတွင်းတူးဖော်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ယခု ကံကြီးရိုးကျေးရွာ စက်ရေတွင်း အပါအဝင် စက်ရေတွင်း ၂၀ အထိ တူးဖော် အောင်မြင်ခဲ့သည်။
မြိုင်မြို့နယ်အတွင်း စက်ရေတွင်း လိုအပ်နေသည့် ကန်ကလေးကျေးရွာ၊ သဲကျွန်းကျေးရွာတွင် စက်ရေတွင်းများ ဆက်လက် တူးဖော်နိုင်ရေးအတွက် Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ လုပ်ဆောင်နေသည်။
Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေလိုအပ်နေသည့် ကျေးရွာများအား အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ပံ့ပိုးသည့် ရေသယ်ယာဉ် နှစ်စီးဖြင့် သောက်သုံးရေများ လှူဒါန်းပေးလျက် ရှိသည်။