ပြည်မြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်

ပြည်မြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်
Published 2 January 2018

တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနေစဉ်

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့နယ်အတွင်းရှိ တိရစ္ဆာန်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တိရစ္ဆာန်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် မှစတင်ကာ ပြည်မြို့အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် သက်ဆိုင်ရာဌာန၊ အုပ်ချုပ်ရေးအဖွဲ့များဖြင့် မြေပြင်ကွင်းဆင်းကောက်ယူနေခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ပြည်မြို့နယ်) ရုံးမှ သိရသည်။

“တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းထုတ်စာရင်း ဇယားတွေကို အတည်ပြုထုတ်ပြန်ဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ တိရစ္ဆာန်ကောင်ရေ စာရင်းကို ကောက်ရခြင်းဖြစ်ပါတယ်။ ၉၄ ခုနှစ် နှစ်ပိုင်းမှာ မကောက်ဖြစ်တော့ပဲ။ ဒါကြောင့် စီမံကိန်းစာရင်းနဲ့ပဲ သွားနေတဲ့အခါကျတော့ စာရင်းဇယား အတိအကျရရှိဖို့ခက်ခဲတယ်။ ကျွန်မတို့မြန်မာနိုင်ငံမှာရှိတဲ့ တိရစ္ဆာန် သန်းခေါင်စာရင်း ဒီနေ့မှာပြန်ကောက်တာပါ။  ပြီးခဲ့နှစ်မှာတော့ ကနဦးစမ်းသပ်တဲ့အနေနဲ့ ၁၄ မြို့နယ် ကောက်ခဲ့တယ်။ အခုစီမံချက်ကျပြီးတော့ မြန်မာတစ်နိုင်ငံလုံးထဲက ၂၈၃ မြို့ နယ် ကောက်မှာဖြစ်ပါတယ်” ဟု မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ပြည်မြို့နယ် ဦးစီး ဒေါက်တာ တင်တင်မြင့်က ပြောကြားသည်။

တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်ယူရာတွင် နွား၊ ကျွဲ၊ ဆိတ်၊ ဝက်၊ မြင်း၊ ကြက်၊ ခွေးမှအစ ပါဝင်မည်ဖြစ်ပြီး ပြည်မြို့နယ်တွင် ၈၄၈၃ အိမ်၊ ၅၂ရွာ၊ ရပ်ကွက် သုံးရပ်ကွက် တွင် စစ်တမ်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုကောက်ခြင်းက ပိုင်ဆိုင်မှုကို စစ်ဆေးတာလည်း မဟုတ်ပါဘူး။ ဒါ အခွန်ကောက်ဖို့လည်း မဟုတ်ပါဘူး။ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံကိန်းတွေ တိရစ္ဆာန်ကျန်းမာရေး အတွက်လုပ်ငန်းတွေနဲ့ ပြည်သူလူထု အကျိုးစီးပွားအတွက် ကောက်ယူခြင်းသာဖြစ်တဲ့အတွက် ပြည်သူလူထုကနေ စာရင်းဇယား မှန်ကန်စွာရရှိဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ဒေါက်တာတင်တင်မြင့်က ပြောကြားသည်။

တိရစ္ဆာန်သန်းခေါင်စာရင်းကို မြန်မာ နိုင်ငံတွင် ၁၉၉၄ ခုနှစ်နောက်ပိုင်း ကောက်ယူခြင်း မရှိတော့ဘဲ ၂၀၁၆-၁၇ ခုနှစ်တွင်  အစမ်းကောက်ယူခဲ့ပြီး ယခုတစ်ကြိမ်တွင် ပြန်လည် ကောက်ယူခြင်းဖြစ်ကြောင်း၊ မြန်မာ တစ်နိုင်ငံလုံးအနေဖြင့် ၂၈၃ မြို့နယ်တွင် ကောက်ယူမည်ဖြစ်ကာ အပြည့်အဝအနေဖြင့် ၁၂၃၉၉ ရွာ၊ ရပ်ကွက်ပေါင်း ၅၁၅ ရပ်ကွက်၊  အိမ်ခြေစုစုပေါင်း ၁၅ သိန်းခန့် ကောက်ယူ မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent