ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် နှစ်သစ်ကူးညအတွင်း ယာဉ်တိုက်မှုနှင့် ထိခိုက်ဒဏ်ရာရမှုကြောင့် ဆေးကုသမှုခံယူသူ များပြားပြီး လေးဦးသေဆုံး

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် နှစ်သစ်ကူးညအတွင်း ယာဉ်တိုက်မှုနှင့် ထိခိုက်ဒဏ်ရာရမှုကြောင့် ဆေးကုသမှုခံယူသူ များပြားပြီး လေးဦးသေဆုံး
Published 2 January 2018

ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညက ရန်ကုန်မြို့ အင်းလျားကန်ဘောင်တွင် လာရောက် အပန်းဖြေနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သူ)

ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနတွင် နှစ်သစ်ကူးညအတွင်း ယာဉ်တိုက်မှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် အခြားဖြစ်ရပ်များကြောင့် ဆေးကုသမှု ခံယူသူများပြားပြီး လေးဦးသေဆုံးခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိခဲ့သော လူနာများအနက် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအပြင် အခြားထိခိုက်သူများလည်း ပါဝင်ကြောင်း၊ လူနာ ၂၀၀ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၁၂ ဦး၊ ခိုက်ရန် ဖြစ်ပွားမှုကြောင့် အမျိုးသား ၃၇ ဦး၊ အမျိုးသမီးနှစ်ဦးနှင့် အထွေထွေထိခိုက်မှုကြောင့် ဆေးကုသမှုများ ခံယူခဲ့ကြောင်း သိရသည်။

“သေဆုံးသူ အမျိုးသားလူနာ လေးယောက်ရှိတယ်။ သေဆုံးသူဆိုတာ ဆရာမတို့ဆီမှာ ဆေးကုရင်းသေတာ မဟုတ်ဘူး။ လမ်းမှာကတည်းက သေဆုံးခဲ့ပြီးသား၊ ကုလို့ရမလားလို့ ခေါ်လာကြတာပေါ့။ ဆေးရုံရောက်တဲ့အခါ အသက်မရှိတော့ဘူးပေါ့” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့်က ပြောကြားသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် (နှစ်သစ်ကူးည)က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည့် လူနာများအနက် ယာဉ်ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအပြင် အခြားထိခိုက်မှုကြောင့် ဆေးရုံရောက်ခဲ့သူများလည်း ပါဝင်ကြောင်းနှင့် အဆိုပါနေ့တွင် ယာဉ်တိုက်မှုကြောင့် အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၁၄ ဦး၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသား ၃၄ ဦး၊ အမျိုးသမီးသုံးဦး၊ အထွေထွေထိခိုက်မှုကြောင့် အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၁၇ ဦး ဆေးကုသမှု ခံယူခဲ့ကြောင်းလည်း ဆေးရုံကြီးမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ကုသဌာန၌ သြင်္ကန်ကာလကဲ့သို့ နှစ်သစ်ကူးရက်များတွင်လည်း တက်ရောက်ကုသသည့် လူနာအရေအတွက် နှစ်စဉ်များပြားလေ့ရှိသ ဖြင့် ကျန်းမာရေးဝန်ထမ်းအင်အား၊ အထွေ ထွေလုပ်သားအင်အားနှင့် ဆေးဝါးပစ္စည်းများကို နှစ်ဆနီးပါးတိုးမြှင့်စီစဉ်လေ့ရှိကြောင်း၊ ထိုရက်များအတွက် လိုအပ်မည့်ဆေးဝါးပစ္စည်းများကို မတ်လလယ်ခန့်မှစတင်၍ စာရင်းပြုစုထားပြီး ရောက်ရှိလာမည့် လူနာများအတွက် လိုအပ်ချက်နည်းနိုင်သမျှ နည်းစေရန် ကြိုတင်စုဆောင်းလေ့ရှိကြောင်းနှင့် အရေးပေါ် ကုသဌာန၌ အရေးပေါ်အထူးကုဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများကို ၂၄ နာရီ အလှည့်ကျတာဝန်များ ချထားလေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်းက နှစ်သစ်ကူးညများတွင် ထူးခြားဖြစ်စဉ်များ ဖြစ်ပွားမှုနည်းခဲ့ပြီး ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် အမှု ကြီးဖြစ်စဉ်များအနက် လူသတ်မှု၊ မုဒိမ်းမှုများလည်း ဖြစ်ပွားမှုရှိခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာန ၏ထုတ်ပြန်ချက် အရ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်ညက တစ်နိုင်ငံလုံး၌ နှစ်သစ်ကူးနေ့တွင် အမှု ၂၅၃ မှုဖြစ်ပွားခဲ့သည့်အနက် လူသေဆုံးသူ  ၁၅ ဦးရှိပြီး ဒဏ်ရာရရှိသူမှာ ၆၄ ဦးရှိကြောင်း သိရသည်။

 

 

Most Read

Most Recent