မန္တလေးမြို့တွင် နှစ်သစ်ကူးကာလညပိုင်း၌ အမှုကြီးဖြစ်ပွားခြင်းမရှိဘဲ မူးယစ်ရမ်းကားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု အပါအဝင် အမှု ၇၀ ခန့်သာ ဖြစ်ပွားကြောင်း သိရ

မန္တလေးမြို့တွင် နှစ်သစ်ကူးကာလညပိုင်း၌ အမှုကြီးဖြစ်ပွားခြင်းမရှိဘဲ မူးယစ်ရမ်းကားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု အပါအဝင် အမှု ၇၀ ခန့်သာ ဖြစ်ပွားကြောင်း သိရ
Published 2 January 2018

မန္တလေးမြို့တွင် နှစ်သစ်ကူးကာလညပိုင်း၌ အမှုကြီးဖြစ်ပွားခြင်းမရှိဘဲ မူးယစ်ရမ်းကားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု အပါအဝင် အမှု ၇၀ ခန့်သာ ဖြစ်ပွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

သို့သော် နှစ်သစ်ကူးရက်၌ သာမန်ရက်များထက် ဆေးရုံတက်ရောက်မှုပိုများခဲ့ပြီး ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ဆေးရုံတက်ရောက်ကုသခံယူသူများခဲ့ကာ ဦးနှောက်နှင့် အာရုံကြော၊ မျက်နှာ၊ မေးရိုး၊ ခံတွင်း၊ အရိုးနှင့် ထိခိုက်ဒဏ်ရာများဖြစ်ကြောင်းသိရပြီး ယခုနှစ် နှစ်သစ်ကူးညထိခိုက်ဒဏ်ရာရရှိမှုမှာ ယခင်နှစ်များထက် လျော့နည်းခဲ့ပြီး တက်ရောက်ကုသမှုခံယူရသူ အများစုမှာ လူငယ်များဖြစ်ကြောင်း သိရသည်။

၂၀၁၈ နှစ်သစ်ကူးညတွင် အမှုကြီးဖြစ်ပွားခြင်းမရှိဘဲ မူးယစ်ရမ်းကားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ကြိုတင်ကာကွယ်မှုများသာ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း အမှုပေါင်း ၇၀ ခန့်ဖြစ်ပွားခဲ့ကာ ခိုက်ရန်ဖြစ်ပွားမှုများတွင် လူသေဆုံးခဲ့ခြင်းမရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲ မှုခင်းမှတ်တမ်းအရ သိရသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၆ နာရီမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၆ နာရီအထိ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသသူပေါင်း ၆၁ ဦးရှိခဲ့ကြောင်း သိရသည်။

“ယာဉ်မတော်တဆမှုကြောင့် လူလေးဦးသေဆုံးပြီး ရောက်လာခဲ့ပါတယ်။ လူ ၆၁ ဦး ထိခိုက်ဒဏ်ရာနဲ့ ဆေးကုသမှုခံယူခဲ့ရပါတယ်” ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးနှင့်လူမှုဆက်ဆံရေးဌာနမှ ဦးမင်းလွင် ပြောကြားသည်။

၂၀၁၆ ခုနှစ်အကုန် ၂၀၁၇ နှစ်ကူးည၌ ယာဉ်မတော်တဆမှု၊ ခိုက်ရန်ဖြစ်ပွားမှုများတွင် ဆေးရုံတက်ရောက်ကုသခဲ့သူ ၇၁ ဦးရှိခဲ့ပြီး သေဆုံးသူလေးဦးရှိခဲ့ကြောင်း တိုင်းဒေသကြီး ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

နှစ်သစ်ကူးညများတွင် အမှုအခင်းများ ပိုမိုဖြစ်ပွားခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခြင်းကြောင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လုံခြုံရေးများကို တင်းကြပ်စွာချထားခြင်း၊ ဆေးရုံများတွင် ဆရာဝန်အင်အားနှင့် ဆေးဝါးများကို လုံလောက်စွာထားရှိခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ ပြည်သူ့ဆေးရုံများမှ သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်းက နှစ်သစ်ကူးညများတွင် ထူးခြားဖြစ်စဉ်များဖြစ်ပွားမှု နည်းခဲ့ပြီး ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် အမှုကြီးဖြစ်စဉ်များအနက် လူသတ်မှု၊ မုဒိမ်းမှုများ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာန၏ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ညက တစ်နိုင်ငံလုံး၌ နှစ်သစ်ကူးနေ့တွင် အမှု ၂၅၃ မှု ဖြစ်ပွားခဲ့သည့်အနက် လူသေဆုံးသူ ၁၅ ဦးရှိပြီး ဒဏ်ရာရရှိသူမှာ ၆၄ ဦး ရှိကြောင်းသိရပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent