၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင် လူသတ်မှု အပါအဝင် လူသတ်မှု ၁၅၆ မှုဖြစ်ပွား

၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင် လူသတ်မှု အပါအဝင် လူသတ်မှု ၁၅၆ မှုဖြစ်ပွား
Published 2 January 2018

လှိုင်မြို့နယ် လှိုင်သီရိအိမ်ရာတွင် နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်လူသတ်မှုမှ အခင်းဖြစ်ပွားသည့် နေအိမ်ဝန်းကျင်ကို တွေ့ရစဉ် ( ဓာတ်ပုံ - သီဟအောင်)

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင် လူသတ်မှုအပါအဝင်  လူသတ်မှု ၁၅၆ မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

၂၀၁၇ ခုနှစ်တွင် လူသတ်မှု ၁၅၆ မှုဖြစ်ပွားခဲ့ပြီး ယခင် ၂၀၁၆ ခုနှစ်ထက် ၂၄ မှု လျော့နည်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ယခင်နှစ်ကထက် လူသတ်မှုက ၂၄ မှု လျော့နည်းသွားပါတယ်။ အမှုကြီး ၁၀ မှု ပေါင်းကတော့ အရင်ကထက်များလာပါတယ်။ များတာက မုဒိမ်းမှုများလာတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်အတွင်း၌ လုယက်မှု ၄၅ မှုဖြစ်ပွားခဲ့ပြီး ယခင်နှစ်ကထက် ခြောက်မှု လျော့နည်းခဲ့ ကြောင်း၊ မုဒိမ်းမှုမှာ ၂၀၁၆ ခုနှစ်တွင်  ၂၂၉ မှု သာဖြစ်ပွားခဲ့သော်လည်း ယခုနှစ်တွင်  ၂၇၀ မှုထိ တက်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၇ နှစ်တွင် ၂၀၁၆ ခုနှစ်က ဖြစ်ပွားခြင်း မရှိသည့် တိရစ္ဆာန်ခိုးမှု ငါးမှုနှင့် မတရားအသင်းမှုနှစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ်အတွင်း၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ၁၁၈၉ မှု၊ လောင်းကစားမှု ၁၀၀၉ မှု၊ ပြည့်တန်ဆာမှု ၅၇၇ မှု၊ ရဲအက် ၁၃၀၆၄ မှုနှင့် ခြေချုပ် ၁၅၈၇ မှုတို့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

Most Read

Most Recent