အမှန်တရားက ကြောက်စရာလား

အမှန်တရားက ကြောက်စရာလား
Published 19 January 2021

Veritaphobia ဟူသည့် ရှားရှားပါးပါး ဝေါဟာရတစ်ရပ်ရှိသည်။ အမှန်တရားကို သိရှိရန်၊ ပြောရန်နှင့် ထုတ်ဖော်ပြသရန် အလွန်အမင်း ကြောက်ရွံ့သည့် စိတ်အခြေအနေကို ရည်ညွှန်းသည်။ အချို့ကလည်း အမှန်တရားကို ကြားသိရမည်ကို ကြောက်ရွံ့သည့် စကားလုံးမှာ Alethephobia ဖြစ်ပြီး အမှန်တရားကို ပြောဆိုရမည်အား ကြောက်ရွံ့ခြင်းကိုသာ Veritaphobia ဟု ခေါ်ခြင်းဖြစ်သည်ဟု အဆိုရှိသည်။ Alethephobia ဟူသည် အမှန် တရားဟု အဓိပ္ပာယ်ရသော ဂရိစကား Alethia မှ ဆင်းသက်လာခြင်းဖြစ်ပြီး Phobia ဟူ သည် အလွန်အမင်း ကြောက်ရွံ့ခြင်းကို ဆိုလိုသည်။ အချို့က ယင်းစကားလုံးများသည် နိုင်ငံရေးလောက၌ ခေတ်စားသော “သဲထဲ၌ ခေါင်းဝှက်တတ်သော ငှက်ကုလားအုတ်” ဟူသည့် စကားနှင့် ညီမျှသည်ဟု ဆိုကြသည်။

သတ္တဗေဒပညာရှင်တို့ကမူ ငှက်ကုလားအုတ်များ သဲထဲ၌ ခေါင်းဝှက်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် သဲထဲ၌ ခေါင်းဝှက်ထားလျှင် ငှက်ကုလားအုတ်များ အသက်မရှူနိုင်ကြောင်း ပြောပြကြသည်။ အမှန်တကယ်၌ ငှက်ကုလားအုတ်များသည် သဲထဲ၌ ဥဥရန် အတွက် အသိုက်လုပ်ရန် တူးဆွကြခြင်းသာဖြစ်သည်။ ငှက်ကုလားအုတ်များသည် တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ သဲထဲရှိ ကျင်းထဲသို့ ခေါင်းလျှို၍လည်း ၎င်းတို့၏ ဥများကို လှန်ကာ လှည့်ပြောင်းတတ်ကြသေးသည်။ ထို့ကြောင့် သဲထဲ၌ အမှန်တကယ် ခေါင်းဝှက် တတ်ကြသူများမှာ ငှက်များ မဟုတ်ဘဲ လူများသာ ဖြစ်ကြသည်။ လူတို့က အခြားလူတစ်ဦး ဦးကို သဲထဲ၌ ခေါင်းဝှက်သည်ဟု ဆိုကြလျှင် ထိုသူသည် သိသာထင်ရှားလှသော အချက် အလက် များကို လျစ်လျူပြုသူ သို့မဟုတ် အကြံဉာဏ်ကောင်းများကို ငြင်းပယ်သူ သို့မဟုတ် လက်ရှိ ပြဿနာကို ရှောင်လွှဲသူဟု ဆိုလိုခြင်းဖြစ်သည်။

ကျော်ကြားထင်ရှားလှသော ယင်းတင်စားချက်သည် သားရဲတို့ကို ရှောင်ရှားရန် ဦးခေါင်းများကို သဲထဲ၌ ဝှက်ထားတတ်သော ငှက်ကုလားအုတ်များကို လေ့လာမှုမှ မြစ်ဖျားခံလာသည်ဟု ယုံကြည်ရသည်။ ငှက်ကုလားအုတ်တို့၏ ယင်းအမူအကျင့်ကို အလွန်မိုက်မဲသည်ဟု ဆိုနိုင်သည်။ ငှက်ကုလားအုတ်တို့အနေဖြင့် ဦးခေါင်းကို သဲထဲ၌ ဝှက်ထားလိုက်လျှင် သားရဲကို ၎င်းတို့က မမြင်ရတော့သောကြောင့် ကြောက်စရာမလိုဟု ထင်ပုံရသည်။ သို့ သော် သားရဲတို့သည်ကား ၎င်းတို့အား ထင်ထင်ရှားရှား မြင်ကြမည်သာဖြစ်သည်။ သို့သော် ပညာရှင်တို့က ယင်းတင်စားချက်သည် ဒဏ္ဍာရီတစ်ရပ်သာ ဖြစ်ပုံရပြီး ငှက်ကုလားအုတ်တို့၏ အမူအကျင့်အစစ် မဟုတ်ဟု ဆိုကြသည်။

ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်း၏ပုံပြင်တစ်ခုခေါင်းစဉ်ဖြစ်သော “ဘု ရား သခင်သည် အမှန်တရားကို သိရှိသော်လည်း စောင့်ဆိုင်းတော်မူသည်” ဟူသည့်အတိုင်း အချို့သော အမှန်တရားများသည် အခြေအနေနှင့် အချိန်အခါကို စောင့်ရတတ်သည်လည်း ရှိသည်။ သို့သော် စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ အမှန်တရားဟူသည် အချိန် တန်ပါက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတတ်မြဲဖြစ်သည်။ အမှန်တရားကို မသိချင်၊ မမြင်ချင်၊ မကြားချင်လျှင်ပင် သိရ၊ မြင်ရ၊ ကြားရမည် ဖြစ်သည်ကို အမှန်တရားအား ကြောက်လန့်သူများ သိထားသင့်သည်။      

“ခင်ဗျား လူတချို့ကို တစ်ချိန်လုံး အရူးလုပ်နိုင်ပြီး လူအားလုံးကို တချို့အချိန်မှာ အရူးလုပ်နိုင်တယ်။ ဒါပေမဲ့ ခင်ဗျား လူအားလုံးကိုတော့ တစ်ချိန်လုံး အရူးလုပ်နိုင်မှာ မဟုတ်ဘူး”ဟု အမေရိကန်၏ ၁၆ ဦးမြောက် သမ္မတ အီဗရာဟင်လင်ကွန်း (၁၈၀၉-၁၈၆၅) က ဆိုသည်။ အမှန်တရားနှင့်ပတ်သက်၍ အကြီးမားဆုံး အမှန်တရားမှာ အမှန်တရားသာလျှင် တည်တံ့ခိုင်မြဲခြင်းဖြစ်သည်။ မုသားများ မည်မျှအားကြီးသည်ဖြစ်စေ၊ မုသားများ မည်မျှအမှန်တရားဖြစ်သကဲ့သို့ ရှိနေသည်ဖြစ်စေ၊ အမှန်တရားနှင့် ဆင်တူယိုးမှားဖြစ်နေ သော အားကောင်းသည့်မုသားများကို ပွားများရန် ကြိုးပမ်းနေသူများ မည်မျှပင် အား ကောင်းသည်ဖြစ်စေ နောက်ဆုံးတစ်နေ့၌ တွေ့ရသည်မှာ အမှန်တရားကပင် လွှမ်းမိုး အောင်နိုင်သွားခြင်း ဖြစ်သည်။

ထို့ကြောင့် “ရိုးသားမှုအတွက်၊ အမှန်တရားအတွက် မမျှတမှု၊ လိမ်ညာမှုနဲ့ လောဘကြီးမှုတွေကို ဆန့်ကျင်လိုစိတ်အတွက် ထုတ်ဖော်ပြောဆိုရမှာကို ဘယ်တော့မှ မကြောက် ပါနဲ့။ တစ်ကမ္ဘာလုံးက လူသားတွေ အဲဒီလို လုပ်ကြမယ်ဆိုရင် ကမ္ဘာကြီးကို ပြောင်းလဲ စေလိမ့်မယ်” ဟူသည့် သြဇာကြီးမားသည့် စာပေနိုဘယ်ဆုရှင် အမေရိကန်စာရေးဆရာကြီး ဝီလျံဖော့ကနား (၁၈၉၇ - ၁၉၆၂) ၏ အဆိုအတိုင်း အမှန်ကို ထုတ်ဖော်ပြောဆိုလာသူများ များပြားလာသည်နှင့်အမျှ ယင်းလူ့အဖွဲ့အစည်း၌ အမှန်တရားအားကောင်းကာ  ပြောင်းလဲ၍ လာမည်သာဖြစ်ပါကြောင်း The Daily Elevenသတင်းစာက ရေးသားအပ်ပါသည်။

(ဇန်နဝါရီ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent