ရွှေတိဂုံစေတီတော်မြတ်အား သံဃာတော်အပါး ၁၈၀၀၀ တို့ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား ကျင်းပ

ရွှေတိဂုံစေတီတော်မြတ်အား သံဃာတော်အပါး ၁၈၀၀၀ တို့ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား ကျင်းပ
Published 2 January 2018

ရွှေတိဂုံစေတီတော်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ မဟာမင်္ဂလာတော်အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အစိုးရကကြီးမှူး၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်အပါး ၁၈၀၀၀ တို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ မဟာမင်္ဂလာတော်အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ကပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲ အခမ်းအနားကို သံဃာတော်အပါး ၁၈၀၀၀ တို့ဖြင့် ရွှေတိဂုံစေတီတော်ရင်ပြင်တွင်ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အပါအဝင် ဆရာတော်ကြီးများက တရားတော်များဟောကြားခြင်း၊ ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲတွင် သီတဂူဆရာတော် ဒေါက်တာအရှင် ဉာဏိဿရက မိန့်ကြားရာတွင် “လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၆ နှစ်အကြာတုန်းက မြတ်စွာဘုရားမာန်ငါးပါး၊ အထူးသဖြင့် ဒေဝဗုဒ္ဓမာန်ကို အောင်မြင်တော်မူတဲ့အခါ ဗောဓိပင်ခြေရင်းမှာစုဝေးမှီကြတဲ့ နတ်နဲ့ဗြဟ္မာဟာ စာမှာပြောတယ် ကျည်တောက်ထဲဆန်မှုန့်တွေ သိပ်ထားသလိုပဲတဲ့။ ကြိတ်ကြိတ်တိုးလာတယ်။ ဒီကနေ့ ၁၈၀၀၀ ထက်စည်ကားတဲ့ပွဲဟာ အဲဒီပွဲပဲ။ သာသနာ့ခရီးတစ်လျှောက်လုံးမှာ ဗောဓိပင်ခြေပလ္လင်ပေါ်မှာ မြတ်စွာဘုရား အောင်မြင်တော်မူတဲ့ အောင်ပွဲပြီးတဲ့နောက်မှာ ဒီမျှကြီးကျယ်တဲ့ သံဃာအစည်းအဝေးပွဲကြီးတွေ၊ မဟာသံဃသန္တိပါတပွဲကြီးတွေဟာ မရှိခဲ့ဖူးဘူး။ ဒီပွဲဟာ ဒုတိယအကြီးဆုံးပွဲပဲ” ဟု တရားနာပရိတ်သတ်များအား မိန့်ကြားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “ရန်ကုန်မြို့တော် သိဂုၤတ္တရကုန်းတော်ပေါ်တွင် ရွှေတောင်ထွတ်ကြီးပမာ ရွှေရောင်သိမ်ဝါ လင်းလက်တောက်ပစွာဖြင့် အများပြည်သူတို့ ကြည်ညိုဦးခိုက် ပူဇော်တော်မူသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံတော်စေတီတော်မြတ်ကြီး တင့်တယ်သပ္ပာယ် တည်ရှိနေခြင်းသည် ဘုရားတပည့်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို ဂုဏ်ကျက်သရေ လင်းလက်တိုးတက်စေလျက်ရှိပါသည် ဘုရား။ ရွှေရောင်လင်းလက်တောက်ပလျက်ရှိတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုရသည်နှင့် တစ်ပြိုက်နက် မြန်မာလူမျိုးတို့သည် ရတနာသုံးပါးနှင့်ပတ်သက်၍ အလှူဒါနအရာတွင် လွန်စွာရက်ရောကြသည်ဆိုသည့် သာသနာသမိုင်းဝင် ထင်ဟပ်စေတဲ့ပြယုဂ် ဖြစ်ပါတယ်ဘုရား” ဟု သံဃာတော်များအား လျှောက်ထားခဲ့သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးကို သံဃာအပါး ၁၈၀၀၀ တို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ မဟာမင်္ဂလာတော်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာစာဖြင့် ဦးစီးကော်မတီအဖွဲ့ ဖွဲ့စည်းခဲ့ပြီး အစည်းအဝေးများအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ စေတနာရှင်၊ အလှူရှင်များ၏ ရက်ရောစွာလှူဒါန်းမှုများကြောင့်လည်း အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ယခုအခမ်းအနားတွင် မော်တော်ယာဉ်အစီးရေ ၆၀၀ ဖြင့် ပင့်ဆောင်ရခြင်း၊ နေရာထိုင်ခင်းစီစဉ်ရခြင်း၊ ဆွမ်းဆပ်ကပ်နိုင်ရန် စီစဉ်ရခြင်း၊ ဆွမ်းဆန်စိမ်လောင်းလှူရန်စီစဉ်ရခြင်း စသည်တို့ များပြားလှသော်လည်း သက်ဆိုင်ရာဆပ်ကော်မတီတို့အနေဖြင့် မဟာကုသိုလ်တော်အခွင့်ထူးကြီးကို ဆည်းပူးဆောင်ရွက်ခွင့်ရရှိကြသည့်အတွက် ဘုရားတပည့်တော်များအပါအဝင် စေတနာရှင်၊ အလှူရှင်များနှင့် ပြည်သူများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူစွာ ကြည်နူးပီတိဖြစ်ရကြောင်း ဆရာတော်များအား အခမ်းအနားတွင် ဆက်လက်လျှောက်ထားခဲ့သည်။

ရွှေတိဂုံစေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားအပြီးတွင် ကြွရောက်လာသော သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် သံဃာတော်အပါး ၁၈၀၀၀ ကို ဆွမ်းဆန်တော်လောင်းလှူပွဲ မဟာမင်္ဂလာတော်အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်၏ အရပ်လေးမျက်နှာရှိ အရှေ့ဘက်မုခ်၊ အနောက်ဘက်မုခ်၊ တောင်ဘက်မုခ်နှင့် မြောက်ဘက်မုခ်တို့မှ ခရိုင်အလိုက် သီတင်းသုံးသော သံဃာတော်များက ၄၅၀၀၀ စီခွဲ၍ ဆွမ်းဆန်တော်အလှူခံခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရုံး၊ ဌာနများမှလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်းကောင်း၊ ကုမ္ပဏီများမှလည်းကောင်း၊ ပြည်သူများနှင့် အနုပညာရှင်များ အလှူရှင်အသီးသီးက စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။

ရွှေတိဂုံတော်အား ပြုပြင်မွမ်းမံခဲ့သည့် ဘုရင်မကြီး ရှင်စောပုလက်ထက်တွင် နေ့စဉ်သံဃာတော်အပါး ၅၀၀ အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်နေ့နှင့် အခါကြီးရက်ကြီးများတွင်လည်း သံဃာတော်အပါး ၅၀၀၀ တို့အား ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် သံဃာတော် ၁၈၀၀ တို့အားလည်းကောင်း၊ ယခင်ဒီမိုကရေစီ အစိုးရလက်ထက်တွင် သံဃာတော်အပါး ၁၆၀၀ တို့အားလည်းကောင်း ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent