ပြည်တွင်း၌ ကြံစိုက်ပျိုးမှု တိုးတက်လာစေရန် ပြည်ပနိုင်ငံများမှ သကြားတင်သွင်းမှုကို အကန့်အသတ်ဖြင့် ပိတ်ထားရန်လိုအပ်ကြောင်း လုပ်ငန်းရှင်များ ပြောကြား

ပြည်တွင်း၌ ကြံစိုက်ပျိုးမှု တိုးတက်လာစေရန် ပြည်ပနိုင်ငံများမှ သကြားတင်သွင်းမှုကို အကန့်အသတ်ဖြင့် ပိတ်ထားရန်လိုအပ်ကြောင်း လုပ်ငန်းရှင်များ ပြောကြား
Published 2 January 2018

ပြည်တွင်း ကြံသကြားစိုက်ပျိုးမှု တိုးတက်လာစေရန်အတွက် ပြည်ပနိုင်ငံများမှ သကြားကို Re-Export တင်ပို့ခွင့်ကို အကန့်အသတ်ဖြင့် ပိတ်ထားရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

ယခင်က ပြည်ပနိုင်ငံများမှ သကြားကို Re-Export တင်ပို့ခွင့်ကို ခွင့်ပြုခဲ့သောကြောင့် သကြားတန်ချိန် သန်းနှင့်ချီ တင်သွင်းခဲ့သည့်အတွက် ပြည်တွင်းသကြားစက်များ ထိုးကျသွားသည့် ဖြစ်စဉ်များ၊ တရုတ်မှ မှောင်ခိုပစ္စည်း ဖမ်းသည့်ကိစ္စများကြောင့် ကုန်သည်များ၊ စက်ပိုင်များ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ရသဖြင့် လက်ရှိတွင် ကြံခုတ်ရာသီရောက်ရှိနေပြီး ပြည်တွင်းသကြားစက်များ လည်ပတ်နေသဖြင့် သကြားကို Re-Export ပြန်လည်ခွင့်ပြုရန် မဖြစ်နိုင်သေးသည့် အခြေအနေရှိကြောင်း၊ ယင်းသို့ခွင့်ပြုခဲ့မည်ဆိုပါက ကြံ၊ သကြား စိုက်ပျိုးထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေသည့်အတွက် အတိုင်းအတာဖြင့် ပိတ်ထားသင့်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း (မန္တလေး) မှ သိရသည်။

“Re-Export တင်သွင်းခွင့်ကို ၂၀၁၅ ကပေးတာပေါ့။ အဲဒီအချိန်ကတော့ တန်ချိန်သန်းနဲ့ချီပြီး သွင်းခဲ့တဲ့အတွက် တချို့ဟာတွေ အဖြစ်အပျက် အပြောင်းအလဲအများကြီးရှိခဲ့တယ်။ သကြားစက်တွေ ထိုးကျသွားတဲ့ဖြစ်စဉ်တွေ၊ တရုတ်က မှောင်ခိုပစ္စည်းဖမ်းတဲ့ကိစ္စတွေမှာ ကျွန်တော်တို့ ကုန်သည်တွေရော စက်ပိုင်တွေပါ အများကြီးထိခိုက်နစ်နာမှုတွေ ကြုံခဲ့ရပါတယ်။ အဲဒါကြောင့်မို့ ဒီလိုမျိုး အရှိန်ကောင်းနေတဲ့ အချိန်လေးမှာ ဒီ Re-Export သကြားကို ပြန်ပြီးတော့ခွင့်ပြုဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့ အခြေအနေမှာရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြံ၊ သကြား စိုက်ပျိုးထုတ်လုပ်မှုကို အဟန့်အတားဖြစ်နေလို့ ကျွန်တော့်အနေနဲ့ ဒီအချိန်မှာ အတိုင်းအတာနဲ့ ပိတ်ထားသင့်တယ်လို့မြင်တယ်” ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

ယခုနှစ် ကြံရာသီတွင် ကြံဈေးတည်ငြိမ်စွာဖြင့် တောင်သူများ အဆင်ပြေချောမွေ့စွာ ရောင်းချနိုင်ရေးအတွက် အဓိကပြည်တွင်း သကြားဈေးတည်ငြိမ်ရန် လိုအပ်ကြောင်း၊ ပြည်တွင်း သကြားတည်ငြိမ်ရန်အတွက် ပြည်ပကသကြားကို Re-Export အကန့်အသတ်ဖြင့် ပိတ်ထားရန်လိုအပ်ကြောင်း၊ ပြည်တွင်း၌ လက်ရှိတွင် သကြားဈေးမြင့်တက်လာ၍ သကြားစက်ရုံများအနေဖြင့် ကြံစိုက်တောင်သူများ၏ ကြံအားဈေးကောင်းပေး ဝယ်လာနိုင်ကြောင်း ၎င်းကပြောကြားသည်။

“ပြည်တွင်း ကြံ၊ သကြားစိုက်ပျိုးမှု တိုးတက်အောင်လုပ်မယ်ဆိုရင်တော့ အဓိက,က သကြားဈေးကောင်းဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့စက်တွေကလည်း သကြားတစ်မျိုးတည်း အဓိကထားထုတ်လုပ်တာလေ။ လျှပ်စစ်တို့၊ အက်သနောတို့ထုတ်နိုင်တဲ့ အခြေအနေမရှိသေးဘူး။ သကြားဈေးသာကျသွားရင် ကျွန်တော်တို့ကြံဈေးက လက်ရှိဈေးနှုန်းနဲ့ ဝယ်မှာမဟုတ်ဘူး။ မဝယ်တဲ့အတွက် တောင်သူက ဆက်လက်စိုက်ပျိုးမှာမဟုတ်တော့ဘူး။ အဲဒီတော့ ဒီရဲ့ Process တစ်ခုလုံးက အဓိက,က သကြားဈေးကောင်းဖို့လိုတာပေါ့။ သကြားဈေးကောင်းဖို့ဆို ဘာလုပ်ရမလဲဆိုရင် ပြည်ပကနေ သကြားတင်သွင်းမှုတွေ ပိတ်ပြီးတော့ အကန့်အသတ်နဲ့ တင်သွင်းဖို့တော့လိုမှာပေါ့။ ပြည်တွင်းသကြားဈေး တည်ငြိမ်လာအောင်ဆိုရင်တော့ အခြားပြည်ပက Re-Export လိုဟာမျိုးတော့ အကန့်အသတ်နဲ့ ပိတ်ထားဖို့လိုမယ်လို့ ကျွန်တော်ပြောချင်တယ်” ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

ပြည်ပမှ သကြားတင်ပို့ခွင့် Re-Export ကို ယခုဘဏ္ဍာနှစ် စက်တင်ဘာ ၂၂ ရက်မှစ၍ ယာယီရပ်ဆိုင်းခဲ့သောကြောင့် ပြည်တွင်းသကြားဈေးနှုန်း မြင့်တက်လာပြီး ကြံဈေးမှာလည်း ကောင်းမွန်သဖြင့် တောင်သူများအဆင်ပြေလျက်ရှိကြောင်း၊ လက်ရှိတွင် ပြည်တွင်းသကြားတစ်ပိဿာလျှင် ကျပ် ၁၃၀၀၊ ၁၃၀၀ ကျော်အထိရောက်ရှိနေပြီး ကြံတစ်တန်လျှင် ကျပ် ၄၅၀၀၀ မှ ၅၃၀၀၀ အထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။

Most Read

Most Recent