MAPCO မှ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၃၇၇၅ တန် တင်ပို့ရာတွင် ဆိပ်ကမ်းဆိုင်ရာစရိတ်စက ဒေါ်လာ ၂ ဒသမ ၅ သန်း ဆိုင်းငံ့ခံရသည်ကို ပြန်ရရေးကြိုးပမ်းမှု ထူးခြားခြင်းမရှိသဖြင့် ပုံစံပြောင်းချဉ်းကပ်ရန် စီစဉ်

MAPCO မှ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၃၇၇၅ တန် တင်ပို့ရာတွင် ဆိပ်ကမ်းဆိုင်ရာစရိတ်စက ဒေါ်လာ ၂ ဒသမ ၅ သန်း ဆိုင်းငံ့ခံရသည်ကို ပြန်ရရေးကြိုးပမ်းမှု ထူးခြားခြင်းမရှိသဖြင့် ပုံစံပြောင်းချဉ်းကပ်ရန် စီစဉ်
Published 2 January 2018

မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) မှ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၃၇၇၅ တန်တင်ပို့စဉ် ဆိပ်ကမ်းသတ်မှတ်ချိန်ကျော်လွန်ခဲ့သဖြင့် စရိတ်စကအဖြစ် ဒေါ်လာ ၂ ဒသမ ၅ သန်း ဆိုင်းငံ့ခံခဲ့ရသည်ကို ပြန်လည်ရရှိရေး ကြိုးပမ်းမှုမှာ ထူးခြားခြင်းမရှိသဖြင့် ပုံစံပြောင်းချဉ်းကပ်ရန် စီစဉ်နေကြောင်း MAPCO ၏ ၂၀၁၇ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

မြန်မာ့တန်းမြင့်နှင့် တန်းလတ်ဆန်များအား အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရအကြား ရေးထိုးထားသည့် MoU အကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်မှ MAPCO သည် ဦးဆောင်သူအဖြစ်ပါဝင်ခဲ့ပြီး ပြည်တွင်းကုမ္ပဏီ ၁၁ ခုဖြင့် လုပ်ငန်းအကောင်အထည်ဖော်ရန် ပူးပေါင်းခဲ့ပြီး စာချုပ်ပါတန်ချိန် ၂၀၀၀၀ အနက် ၁၃၇၇၅ တန်ကို အင်ဒိုနီးရှားနိုင်ငံ Teanjung Perk, Surabaya ဆိပ်ကမ်းသို့ တင်ပို့နိုင်ခဲ့သည်။

ထိုသို့တင်ပို့နိုင်ခဲ့သော်လည်း နှစ်နိုင်ငံအစိုးရအကြား ဆောင်ရွက်ရမည့် အပင်ပိုးမွှားရောဂါနှင့် ပတ်သက်သောကိစ္စရပ်များ ဓာတ်ခွဲခန်းကိစ္စရပ်များ အရည်အသွေးစစ်ဆေးမှုကိစ္စရပ်များ ပြီးပြတ်မှုမရှိသေးသောကြောင့် ဆန်များကို ဆိပ်ကမ်းမှထုတ်ယူနိုင်ခြင်းမရှိဘဲ ကြန့်ကြာခဲ့သည်။ အဆိုပါလုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံဘက်တွင် အစိုးရအကူးအပြောင်း၊ သြင်္ကန်ပိတ်ရက်နှင့် အင်ဒိုနီးရှားနိုင်ငံတွင်လည်း ဝန်ကြီး ၁၃ ဦး အပြောင်းအလဲကြောင့် ရှင်းလင်းတင်ပြရမှုများ ကြန့်ကြာခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လဆန်းတွင်မှ ဆိပ်ကမ်းမှထုတ်ယူနိုင်ခဲ့ပြီး ဆန်များ၏ အရည်အသွေးကောင်းမွန်သည့်အတွက် ကုန်ဝယ်ယူသူ Bulog မှ လက်ခံခဲ့သည်။

ထိုသို့လက်ခံခဲ့သော်လည်း ကုန်ပစ္စည်းများအား ဆိပ်ကမ်းမှသတ်မှတ်ထားသည့် ခွင့်ပြုကာလအတွင်း ထုတ်ယူနိုင်ခြင်းမရှိသဖြင့် ဆိပ်ကမ်းတွင်သိုလှောင်ထားမှုနှင့် ဆိပ်ကမ်းဆိုင်ရာ စရိတ်စကအဖြစ် ဒေါ်လာ ၂ ဒသမ ၅ သန်းကို ကုန်ဝယ်သူ Bulog မှ MAPCO ကရရန်ရှိသည့် ကုန်ဖိုးငွေများထဲမှ ဆိုင်းငံ့ခဲ့သည်။

ထိုသို့ဆိုင်းငံ့ထားသည့် ပမာဏအနက် ထိုက်သင့်သည့်ပမာဏကိုသာ ဖြတ်တောက်ပြီး ကျန်ငွေကို MAPCO အား ပြန်လည်ပေးချေရေးအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာအထိ နှစ်နိုင်ငံသံရုံးများ အကူအညီ၊ စီးပွားကူးသန်းဝန်ကြီးဌာန၏ အကူအညီများဖြင့် ညှိနှိုင်းနေဆဲဖြစ်သည်။

အဆိုပါကိစ္စ ပြီးပြတ်နိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံဘက်မှ စီးပွားကူသန်းဝန်ကြီးဌာန၊ ကုန်ဝယ်သူ Bulog နှင့် မြန်မာနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး ကြိုးပမ်းနေသော်လည်း အကြောင်းတစ်စုံတစ်ရာ ထူးခြားခြင်းမရှိသေးသဖြင့်အနေနှင့် MAPCO ပုံစံပြောင်းချဉ်းကပ်ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ ဆိုင်းငံ့ခံရသည့်ငွေများ ပြန်လည်ရရှိရေးကြိုးပမ်းမှုသည် အင်ဒိုနီးရှား- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ချင့်ချိန်လုပ်ဆောင်နေရသဖြင့် လုပ်ငန်းမတွင်ကျယ်မှုအပေါ် ပြောင်းလဲဆောင်ရွက်ရသည့် ချဉ်းကပ်မှုမှ ရလဒ်ထွက်မည်ဟု ယုံကြည်ကြောင်းနှင့် အဆိုပါ ဒေါ်လာ ၂ ဒသမ ၅ သန်း ပြန်လည်ရရှိရေးမှာ အတိုင်းအတာပမာဏအားဖြင့် အလွန်ကြီးမားပြီး MAPCO ၏ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီဖြစ်လာရေးတွင်ပါ ပါဝင်သက်ရောက်မှုရှိနေသောကြောင့် MAPCO ၏ ဒါရိုက်တာအဖွဲ့မှ အထူးဦးစားပေးဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent