အာဏာရှင်ပြုတ်ကျမှု ၁၀ နှစ်ပြည့်နှင့် တူနီးရှား ပြည်တွင်းရေးအခြေအနေ

အာဏာရှင်ပြုတ်ကျမှု ၁၀ နှစ်ပြည့်နှင့် တူနီးရှား ပြည်တွင်းရေးအခြေအနေ
Published 15 January 2021
 ရန်မျိုးအောင်

နိုင်ငံရေးအရ သြဇာလွှမ်းမိုးသည့် မိသားစုများသည် နိုင်ငံအတွင်း လွတ်လပ်သည့် ယှဉ်ပြိုင်မှုမှ အကာအကွယ်ပေးထားသည့် ခရိုနီအရင်းရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းနေသည်ဟု ဝေဖန်ရေးသမားများက စွပ်စွဲခဲ့ . . .

အာရပ်နွေဦး တော်လှန်ရေးစတင်ခဲ့သည့် တူနီးရှားနိုင်ငံတွင် အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့သော်လည်း ဇန်နဝါရီ ၁၄ ရက်တွင်ကျရောက်မည့် သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် သမ္မတ ဇီနီအယ်လ် အဘီဒီနီဘင်အလီ ပြုတ်ကျခဲ့သည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ်တွင် အောင်ပွဲခံမှုများ တိတ်ဆိတ်နေမည်ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ဘင်အလီအား ရာထူးမှဖယ်ရှားနိုင်ခဲ့သည့် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြလှုပ်ရှားမှု၏ နောက်ဆက်တွဲအကျိုးဆက်က အလုပ်လက်မဲ့ဖြစ်နေသည့် လူငယ်သုံးပုံတစ်ပုံအတွက် မျှော်လင့်ချက်များ ပျက်ပြားလာစေခဲ့သည်။

ဒေသတွင်း အိမ်နီးချင်းနိုင်ငံ အများစုနှင့်မတူညီသည့် တူနီရှားသည် ကျိုးပျက်လွယ်သည့် ဒီမိုကရေစီ မီးစာကို ငြိမ်းမသွားစေရန် ထိန်းသိမ်းနေရပြီး လူထုကြားတွင် မကျေနပ် ချက်များရှိလာခဲ့ကာ အများစုမှာ နိုင်ငံမှ ထွက်ခွာနေကြပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း မြေထဲပင်လယ်ကို လှေများဖြင့်ဖြတ်ပြီး အီတလီသို့ ရောက်ရှိခဲ့သည့် တူနီးရှားနိုင်ငံသား ၁၂၀၀၀ ကျော်ရှိခဲ့သဖြင့် တူနီးရှားသည် ရွှေ့ပြောင်းနေထိုင်သူအရေအတွက် အများဆုံးနိုင်ငံဖြစ်ခဲ့သည်။

ယင်းမြောက်အာဖရိကနိုင်ငံ၏ အဓိကခရီးသွားကဏ္ဍသည်လည်း ၂၀၁၅ ခုနှစ်က ဂျီဟတ်များ၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ခဲ့ရပြီး COVID-19 ကပ်ရောဂါဖြစ်ပွားခဲ့ချိန်တွင် ၎င်း၏ ကမ်းရိုးတန်းတစ်လျှောက်မှ အပန်းဖြေစခန်းများကို ပိတ်ခဲ့ရပြီး ခရီးသွားကဏ္ဍတစ်ခုလုံး ပြိုလဲသွားခဲ့သည်။

တူနီးရှားနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်က ဒေသခံအရာရှိများ၏ ဖိနှိပ်မှုကို ခံခဲ့ရသည့် မိုဟာမက်ဘော်ဇီဇီအမည်ရှိ လူငယ်ပျံကျစျေးသည်တစ်ဦးသည် သူ့ကိုယ်သူ မီးရှို့ဆန္ဒပြခဲ့မှုမှစတင်ပြီး ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်း၏ဆန္ဒပြမှုသည် မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများအထိ ရိုက်ခတ်သွားခဲ့ပြီး ယင်းဒေသတွင်းနိုင်ငံများတွင်လည်း ဆူပူအုံကြွမှုများဖြစ်ပွားခဲ့ကာ လူပေါင်းသန်းချီပြီး နိုင်ငံရေးလွတ်လပ်ခွင့်များ ရရှိလိမ့်မည်ဟု မျှော်လင့်ချက်များ ဖြစ်ပေါ်စေခဲ့သည်။

သို့သော်လည်း ယင်းမျှော်လင့်ချက်များမှာ တစ်ခဏအတွင်းမှာပင် ကျိုးပျက်သွားခဲ့ပြီး ဆီးရီးယား၊ လစ်ဗျားနှင့် ယီမင်နိုင်ငံများတွင် ယနေ့အချိန်အထိ ပြင်းထန်သည့် ပြည်တွင်းစစ်များ ဖြစ်ပွားနေခဲ့ကာ သေးငယ်သည့် တူနီးရှားနိုင်ငံတွင်မူ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က ဆော်ဒီအာရေဗျသို့ ဘင်အလီ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေကို ပြန်လည်ထိန်းသိမ်း ရန်ကြိုးပမ်းခဲ့သည်။

အာရပ်နွေဦးဖြစ်ပွားခဲ့ပြီးနောက် ၁၀ နှစ်အတွင်းမှာပင် တူနီးရှားတွင် အစိုးရအဖွဲ့ ကိုးဖွဲ့အထိရှိခဲ့ပြီး ပြည်တွင်းရေး မတည်ငြိမ်မှုများနှင့် အစ္စလာမ်မစ်များ၏ တိုက်ခိုက်မှုများ ရှိနေသည့်တိုင် အာဏာလွှဲပြောင်းမှုများကို ငြိမ်းချမ်းစွာ လုပ်ဆောင်နိုင်ခဲ့သည်။

တူနီးရှားနိုင်ငံ၏ နိုင်ငံတော်ပန်းဖြစ်သည့် စံပယ်ပန်းကို အစွဲပြုပြီး “စံပယ်တော်လှန်ရေး” ဟု လူသိများသည့် ၂၀၁၁ ခုနှစ် ဆူပူအုံကြွမှုအပြီးတွင် မူမတူသော်လည်း အတူယှဉ်တွဲနေထိုင်သည့် ဒီမိုကရေစီကို တည်ဆောက်ရာတွင် အဓိကနေရာမှ ပါဝင်လှုပ်ရှားခဲ့သည့် လူ့အခွင့်အရေး၊ တရားရေး၊ အလုပ်သမားအရေးနှင့် စီပွားရေးအဖွဲ့များ ပူးပေါင်းခဲ့သည့် လေးပွင့်ဆိုင်အဖွဲ့သည် ၂၀၁၅ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သည်။

ခရိုနီ အရင်းရှင်ဝါဒ

၂၀၁၄ ခုနှစ်တွင် အစ္စလာမ်မစ်များနှင့် အတိုက်အခံများက သဘောတူညီခဲ့သည့် ဖွဲ့စည်းပုံဥပဒေအသစ်သည် သမိုင်းဝင်အောင်မြင်မှုအဖြစ် ချီးကျူးခံခဲ့ရသည်။

ယင်းအချိန်မှစ၍ တူနီးရှားတွင် ပြည်တွင်းနှင့် ပြည်ပလေ့လာစောင့်ကြည့်သူများက တရားမျှတမှုရှိကြောင်း မှတ်ယူခဲ့သည့် ရွေး ကောက်ပွဲများ အများအပြားပြုလုပ်ခဲ့ပြီး မကြာသေးမီက နောက်ဆုံးပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမှာ ၂၀၁၉ ခုနှစ်ကဖြစ်ပြီး ယင်းရွေးကောက်ပွဲတွင် ဥပဒေပညာရှင် တစ်ဦးဖြစ်သည့် ကာအစ်ဆာအစ် သည် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။

ဘလော့ဂါဟောင်းများသည် လွတ်လပ် သည့် မီဒီယာများထူထောင်ခဲ့ကြပြီး ယခင်က တားမြစ်ပိတ်ပင်ခံခဲ့ရသည့် အကြောင်းအရာများကို ရေးသားဖော်ပြနိုင်ရန် ကြိုးပမ်းခဲ့ကြပြီး အရှိန်အဟုန်ကောင်းသည့် လူမှုအသိုင်း အဝိုင်းတစ်ရပ် ပေါ်ထွက်ခဲ့သည်။

သို့သော်လည်း စီးပွားရေးကျဆင်းမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် လူထုကြားတွင် မကျေနပ်ချက်များလည်း မြင့်တက်ခဲ့ပြီး ယင်းစီးပွားရေးကျဆင်းမှုများသည် နိုင်ငံရေးအလွှာများကြား ခွက်စောင်းခုတ်မှုများကြောင့် ဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။

နိုင်ငံရေးအရ သြဇာလွှမ်းမိုးသည့် မိသားစုများသည် နိုင်ငံအတွင်း လွတ်လပ်သည့် ယှဉ်ပြိုင်မှုမှ အကာအကွယ်ပေးထားသည့် ခရိုနီအရင်းရှင်စနစ်ကို ဆက်လက်ထိန်း သိမ်းနေသည်ဟု ဝေဖန်ရေးသမားများက စွပ်စွဲခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်း တူနီးရှားနိုင်ငံ၏ စီးပွားရေးသည် ကိုးရာခိုင်နှုန်းကျုံ့ဝင်သွားသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပြီး တစ်ချိန်က တည်ငြိမ်ခဲ့သည့် ဒေသများတွင် ပြည်သူ များသည် အလုပ်အကိုင်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို တောင်းဆိုရန် လမ်းများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသည်။

“ကျွန်တော်တို့ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကနေ စီးပွားရေးအသွင်ကူး ပြောင်းမှုအဆင့်ကို မရွေ့သေးပါဘူး” ဟု ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဇီယက်ခရစ်ချန်က ပြောကြားခဲ့သည်။

အစိုးရဝန်ထမ်းပိုင်းတွင် လစာများတိုးမြှင့်ပေးခဲ့ပြီး ဝန်ထမ်းလစာများသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ၅၀ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့သည်။

သို့သော် စီးပွားရေးနှင့်ပတ်သက်ပြီး မျှော်မှန်းချက်များကို ပြည့်မီခြင်းမရှိခဲ့ကြောင်း ခရစ်ချန်က ပြောကြားခဲ့သည်။

“များပြားတဲ့ အစိုးရအဖွဲ့တွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ရေရှည်ချမှတ်ထားတဲ့ မူဝါဒမရှိဘဲ လူမှုငြိမ်းချမ်းရေးကို ငွေပေးဝယ်ဖို့ကြိုးပမ်းခဲ့ကြပါတယ်” ဟု ခရစ်ချန်က ပြောကြားခဲ့သည်။

သမိုင်းသစ်ရေးထိုးမှု

ယင်းအကျပ်အတည်းများကြောင့် ဘင်အလီ၏ အုပ်ချုပ်မှုအောက်တွင် တည်ငြိမ်မှုများ ရရှိခဲ့သည့် ခေတ်ကာလများကို ပြန်လည်တမ်းတမှုများဖြစ်ပေါ်လာစေခဲ့သည်။

လွတ်လပ်ခွင့်၊ အလုပ်အကိုင်နှင့် နိုင်ငံ့ဂုဏ်သိက္ခာများအတွက် စုရုံးတောင်းဆိုခဲ့ ကြသည့် ဆန္ဒပြသူအဟောင်းများသည် ခါးသီးမှုများဖြင့်ပြည့်နေသည့် နှစ်များကို ဖြတ်သန်းခဲ့သည်။

၂၀၁၂ ခုနှစ်တွင် တူနီးရှားအာဏာပိုင်များ၏ ကနဦးထုတ်ပြန်ချက်အရ ၂၀၁၁ ဆူပူ အုံကြွမှုများကြောင့် လူ ၃၃၈ ဦးသေဆုံးကာ ၂၁၄၇ ဦးဒဏ်ရာရခဲ့ကြောင်းဖော်ပြခဲ့သည်။

၂၀၁၉ ခုနှစ်တွင်မူ တူနီးရှားလူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များဆိုင်ရာ ကော်မတီမှ ထုတ်ပြန်ခဲ့သည့်စာရင်း၌ သေဆုံးသူ ၁၂၉ ဦးနှင့် ဒဏ်ရာရသူ ၆၃၄ ဦးသာရှိကြောင်း ဖော်ပြခဲ့သည်။

နစ်နာသူများနှင့် မိသားစုဝင်များက ယင်းအုံကြွမှုအတွင်း အပြစ်ကျူးလွန်ခဲ့သူများကို တရားဥပဒေအရ အရေးယူပေးတောင်းဆိုနေကြပြီး နစ်နာကြေးများရရှိရန် စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားမှုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည့် အသက် ၃၁ နှစ်အရွယ် အလုပ်ကြမ်းသမားတစ်ဦးဖြစ်သည့် မိုစလမ်ကက်စ်ဒယ်လာကမူ အစိုးရအနေဖြင့် ၎င်းကဲ့သို့ နစ်နာသူများကို အသိအမှတ်ပြုရန်နှင့်ကူညီပေးရန်တောင်းဆိုခဲ့သည်။

“တရားမျှတမှုအတွက် တိုက်ပွဲဝင်ဖို့ဆိုရင် အသက်ကိုစတေးဖို့အထိ ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ဟာ သမိုးသစ်ရေးဖို့အတွက် ကျွန်တော်တို့ရဲ့ သွေးကိုပေးခဲ့ပြီးပါပြီ။ အဲဒီသမိုင်းသစ်ဟာလည်း ဒီအချိန်မှာ ရေးရမှာဖြစ်ပါတယ်။ နစ်နာသူတွေကို စိစစ်ပြီး အသိအမှတ်ပြုဖို့နဲ့ ကူညီဖို့ ဥပဒေပြဋ္ဌာန်း ရမှာဖြစ်ပါတယ်။ နိုင်ငံ့သမိုင်းအတွက် တော်လှန်ရေးကို အသိအမှတ်ပြုစေချင်ပါတယ်” ဟု မိုစလမ်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent