ခေါင်းဆောင်ကောင်းဟူသည် ...

ခေါင်းဆောင်ကောင်းဟူသည် ...
Published 12 January 2021

“ခင်ဗျားရဲ့ လုပ်ဆောင်ချက်တွေက တခြားသူတွေကို မျှော်လင့်ချက် ပိုပြီး ထားလာအောင်၊ ပိုပြီး လေ့လာသင်ယူလာအောင်၊ ပိုပြီး အလုပ်လုပ်လာအောင်၊ ပိုပြီး ဖြစ်လာအောင် လှုံ့ဆော်ပေးနိုင်ရင် ခင်ဗျားဟာ ခေါင်းဆောင်တစ်ယောက်ပဲ”

ဂျွန်ကွင်စီအဒမ် (၁၇၆၇ - ၁၈၄၈)

အမေရိကန်၏ ဆဌမမြောက် သမ္မတ

         

သြစတြီးယားနိုင်ငံဖွား အမေရိကန် စီမံခန့်ခွဲမှုပညာရှင် ပီတာဒရက်ကာ (၁၉၀၉- ၂၀၀၅) ၏ အလွန်ကျော်ကြားသော စကားတစ်ရပ်ရှိသည်။ ယင်းမှာ “စီမံခန့်ခွဲမှုဟူသည် အရာများကို မှန်ကန်အောင် ပြုလုပ်ခြင်း ဖြစ်ပြီး ခေါင်းဆောင်မှုဟူသည် မှန်ကန်သော အရာများကို ပြုလုပ်ခြင်းဖြစ်သည်” ဟူ၍ဖြစ်သည်။ မည်သူမျှခေါင်းဆောင်ကောင်းအဖြစ် မွေးဖွားလာခြင်း မဟုတ်ပါ။ ခေါင်းဆောင်ကောင်းဖြစ်ရန် လုပ်ယူရခြင်းဖြစ်သည်။ စိတ်ဆန္ဒနှင့် စိတ်စွမ်းအားရှိသူသည် ထိရောက်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သည်။

မိမိဘာသာ လေ့လာခြင်း၊ ပညာယူခြင်း၊ သင်တန်းတက်ခြင်းနှင့် အတွေ့အကြုံများ ရယူခြင်း အစရှိသော မဆုံးနိုင်သည့် လုပ်ငန်းစဉ်တစ်လျှောက် ဖြတ်သန်းကာ ခေါင်းဆောင်ကောင်းများအဖြစ် ဖွံ့ဖြိုးလာကြသည်။ မိမိ ဦးဆောင်ရသူများကို အဖွဲ့လိုက် လုပ်ဆောင်မှု နှင့် ပတ်သက်၍ အဆင့်မြင့်လာစေလိုပါက မိမိအနေဖြင့် ရှိရမည့်၊ သိရမည့်၊ လုပ်ရမည့် အချို့သောအရာများ ရှိသည်။ ယင်းတို့သည် သဘာဝအတိုင်း ရောက်ရှိလာကြသည် မ ဟုတ်၊ အဆက်မပြတ် လုပ်ဆောင်ခြင်းနှင့် လေ့လာခြင်းတို့မှ လာသည်။ ခေါင်းဆောင်ကောင်းများသည် အဆက်မပြတ် လုပ်ဆောင်နေရမည်ဖြစ်သကဲ့သို့ မိမိတို့၏ ခေါင်းဆောင်မှု အ ရည်အသွေးများ တိုးတက်လာအောင် လေ့လာသင်ယူနေရမည် ဖြစ်သည်။ ခေါင်းဆောင် ကောင်းများဟူသည် အတိတ်က အောင်မြင်မှုများအပေါ်၌သာ တည်မှီနေလေ့မရှိပါ။

ဤနေရာ၌ နိုင်ငံတစ်ခုလုုံးကို ဦးဆောင်သူဖြစ်ခဲ့ပါက သူ၏နောက်လိုက်ဟူသည် ပြည်သူတစ်ရပ်လုံးဖြစ်သည်။ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြ သော်လည်း ခေါင်းဆောင်မှုလုပ်ငန်းစဉ်ကို ဘုံသတ်မှတ်ချက် ထုတ်လိုက်ပါက အတူတူပင် ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာကို ပြီးမြောက်အောင်မြင်စေရန်အတွက် လူတစ်ဦးက အခြားသူများအပေါ် သြဇာလွှမ်းမိုးသက်ရောက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပြီးမြောက်အောင်မြင်နိုင်ရန်အတွက် ခေါင်းဆောင်များသည် သူတို့၏ ခေါင်းဆောင်မှုဆိုင်ရာ အသိ ဉာဏ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးပြုရသည်။

ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျွမ်းကျင်မှုနှင့် အသိဉာဏ်ပညာကို အသုံးပြုကာ ခေါင်းဆောင်မှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် သူ၏ယုံကြည်ချက်များ၊ တန်ဖိုးထားမှုများ၊ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာများကဲ့သို့သော ပင်ကိုအရည်အသွေးများက သူ၏ခေါင်းဆောင်မှုလုပ်ငန်းစဉ်အပေါ် လွှမ်းမိုးသက်ရောက်မှုရှိသည်။ အသိဉာဏ်ပညာနှင့် ကျွမ်းကျင်မှုက ခေါင်းဆောင်မှုလုပ်ငန်းစဉ်အပေါ် တိုက်ရိုက်သက်ရောက်သည်ဟု ဆိုလျှင် သူ၏ပင်ကိုအရည်အသွေးများက သူ့အား အခြားသူများမှနေ၍ အတုမရှိအောင် ကွဲပြားခြား နားသည့် လက္ခဏာရပ်များကို ဖြစ်စေသည်။

ခေါင်းဆောင်တစ်ဦးအနေဖြင့် “မိမိ ဘယ်သူလဲ” ၊ “မိမိ ဘာသိသလဲ” နှင့် “မိမိ ဘာ လုပ်နိုင်သလဲ” ဟူသည်ကို ရိုးသားစွာ ရှင်းရှင်းလင်းလင်း သိမြင်ထားရမည်ဖြစ်သည်။ ခေါင်းဆောင်မှုလုပ်ငန်းစဉ် အောင်မြင်ခြင်း ရှိ မရှိ ဆုံးဖြတ်ရမည်မှာ ခေါင်းဆောင်ကိုယ်တိုင် မဟုတ်သကဲ့သို့ အခြားတစ်စုံတစ်ဦးလည်း မဟုတ်ဘဲ နောက်လိုက်များသာ ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။ နောက်လိုက်များအနေဖြင့် သူတို့၏ ခေါင်းဆောင်အပေါ် မယုံကြည်ပါက သို့မဟုတ် ယုံကြည်မှုနည်းပါးပါက ခေါင်းဆောင်က သူတို့ကို ဆွဲဆောင်နိုင်မည် မဟုတ်ပါ။ သင်ကိုယ်တိုင်၏ ယုံကြည်မှုထက်  “သင်၏နောက်လိုက်များက သင်၏နောက် သို့ လိုက်ရန် ထိုက်တန်ပါ၏လော” ဟူသည့် ယုံကြည်မှုက အရေးကြီးသည်။

မည်သို့ပင်ဆိုစေကာမူ ခေါင်းဆောင်ဟူသည် အနေအထားတစ်ရပ်တွင် အကောင်းဆုံး လုပ်ဆောင်နိုင်မည့် လမ်းကြောင်းတစ်ရပ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်သတ်မှတ်ပေး ရမည် ဖြစ်သည်။ ယင်းကဲ့သို့ ဆုံးဖြတ်သတ်မှတ်ပေးရာတွင် သူ၏နောက်လိုက်များအနေဖြင့် သူ၏ဦးဆောင်မှုနောက်သို့ လိုက်ရသည်မှာ ထိုက်တန်သည်ဟူသော ယုံကြည်မှုမျိုး ရရှိရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၁၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent