မုသာဝါဒါဟူသည် ...

မုသာဝါဒါဟူသည် ...
Published 11 January 2021

“ချစ်သား ရာဟုလာ မုသားဆိုလျှင် ရယ်ဖွယ်အဖြစ်တောင် မပြောနှင့်။ လိမ်ဝံ့သူ မလုပ်ရဲသော အကုသိုလ်ဟူ၍မရှိ။ မှောက်ထားသော ရေခွက်မှာ ရေတစ်စက်မျှ မကျန်၊ ဘာမျှမရှိတော့ သကဲ့သို့ ထိုလိမ်ဝံ့သူ၌ အရည်အချင်းကောင်းဟူသမျှ ဘာမျှ မရှိနိုင်တော့ချေ”

(အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်၊ မ-၂၊ ၇၈)                                                                          

မုသာဝါဒါဟူသည် လိမ်ညာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အမှန်မဟုတ်သည်ကို ပြောဆိုခြင်း၊ အမှန်ကို အမှားဖြစ်အောင် ပြောဆိုခြင်း၊ အမှားကို အမှန်ဖြစ်အောင် ပြောဆိုခြင်း၊ နားထောင်သူ အမှားသိရှိ နားလည်သွားအောင် ပြောဆိုခြင်းပင်ဖြစ်သည်။ မုသာဝါဒါသည် များသောအားဖြင့် ဝစီကံ (နှုတ်ဖြင့် ပြောဆိုမှု) ဖြစ်လေ့ရှိသောကြောင့် ဝစီကံ၌ ထည့်ထားသော်လည်း ကိုယ်မှု၊ နှုတ်မှု နှစ်မျိုးစလုံးနှင့် သက်ဆိုင်သည်။ ကိုယ်ဖြင့် လိမ်လိမ်၊ နှုတ်ဖြင့်လိမ်လိမ် မည်သည့်နည်းဖြင့်လိမ်လိမ် မုသာဝါဒါပင်ဖြစ်သည်။ ကိုယ်မှုဆိုသည်မှာ ကိုယ်ဟန်၊ လက်ဟန်၊ ခေါင်းဟန်၊ မျက်နှာဟန်တစ်ခုခု ပြုလုပ်၍လိမ်ခြင်း၊ အမှား သိစေခြင်းပင်။ မဟုတ်မမှန်ပြောသော အကြောင်းအရာ ဖြစ်ခြင်း၊ မဟုတ်မမှန် ပြောလိုစိတ်ရှိခြင်း၊ ပြောလည်း ပြောခြင်း၊ လိမ်လည်သည့်အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း စသော အင်္ဂါလေးရပ်နှင့်ညီပါက မုသားဝါဒါကံ ကျူးလွန်မှုမြောက်သည်။ အချို့က သူတစ်ပါး အကျိုးစီးပွားပျက်မှသာ မုသာဝါဒါ ကျူးလွန်မှုမြောက်သည်ဟု ယူဆကြ၏။ ယင်းကဲ့သို့ မဟုတ်ပေ။ သူတစ်ပါး အကျိုးစီးပွား ပျက်သည်ဖြစ်စေ မပျက်သည်ဖြစ်စေ၊ လိမ်ပြောသည်နှင့် မုသာဝါဒါကျူးလွန်မှုမြောက်သည်ဟူ၏။ သူတစ်ပါး အကျိုးစီးပွားပျက်လျှင်ကား အကုသိုလ် ပို၍ကြီးပေမည်။

ဣတိဝုတ်- မုသာဝါဒါသုတ် (စာ - ၂၀၇) ၌  “မုသာဝါဒါသည် အပြစ်အကြီးဆုံးဖြစ်သည်။ မုသာဝါဒါမှ မလုံခြုံသူသည် မည်သည့် ပြစ်မှုမဆို လွန်ကျူးမည်သာ ဖြစ်သည်” ဟု ဆိုထားသည်။ ကမ္ဘာဦးအခါက စေတိယမင်းသည် သူငယ်ချင်းအကျိုးအတွက် မုသာဝါဒါ ပြောပေးခြင်းကြောင့် မြေမျိုခံရပြီး အဝီစိငရဲ၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဒုက္ခခံခဲ့ရကြောင်း (ဇာ-ဋ္ဌ၊ ၃- ၄၃၆) နှင့် စိဥ္စမာဏမိန်းမချောလေးသည် သူ့ဆရာ တိတ္ထိများ အကျိုးအတွက် “သူ့ကိုယ်ဝန်ဟာ ဘုရားရှင်နဲ့ ရတာပါ” ဟု လိမ်ညာစွပ်စွဲခြင်းကြောင့် မြေမျိုခံရပြီး အဝီစိငရဲ၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဒုက္ခခံနေရရှာကြောင်း (ဓမ္မပဒ၊ ဋ္ဌ- ၂၊ ၁၁၇-၁၁၈) စသည်ဖြင့် မုသာဝါဒါအပြစ်များကို ဒေသနာတို့၌ မြောက်မြားစွာ တွေ့နိုင်သည်။

မင်းမှာ သစ္စာ၊ လူမှာ ကတိ (မာဃဒေဝ) ဆိုသည့်အတိုင်း မုသာဝါဒါ  မလုံခြုံသူသည် သစ္စာလည်း မရှိ၊ ကတိလည်း တည်နိုင်မည်မဟုတ်ပေ။ ကတိ၊ သစ္စာတည်လျှင် နွယ်၊ မြက်၊ သစ်ပင်သည်ပင် အလိုအလျောက် ဆေးဖက်ဝင်သည်။ “မှန်ကန်စွာ ပြောဆိုမှု သစ္စာစကား ကြောင့် တောမီးကို ငြိမ်းစေသည်။ ရေစုန်ကို ဆန်စေသည်။ မိုးကို ရွာစေသည်။ မီးမဖွားနိုင်၍ သေအံ့မူးမူးဖြစ်နေသည်ကို ချမ်းသာလွယ်ကူစွာ မီးဖွားစေနိုင်သည်။ အမှန်ကို ပြောဆိုမှုသည် သစ္စာပါရမီပင် ဖြစ်သည်” စသဖြင့် မုသာဝါဒါ ရှောင်ကြဉ်မှုသီလသည် မဆုံးနိုင်သော ကောင်းကျိုးကို ရရှိစေနိုင်သည်။ အကုသိုလ်အလုပ်တွင် မုသာဝါဒါသည် အပြစ်အကြီးဆုံး ဖြစ်သကဲ့သို့ ကုသိုလ်အလုပ်တွင် သစ္စာစကားသည် အမြင့်မြတ်ဆုံး ဖြစ်သည်။ ထို့ကြောင့် “အကုသိုလ်မှာ၊ မုသာဝါဒါ၊ ကုသိုလ်မှာကား၊ သစ္စဝါစာ၊ လေးဆုံ့သာတည်း” ဟု မာဃဒေဝ၌ ဆိုထားသည်။

ကောင်းကျိုးမပြုသည့် ပေါင်းပင်၊ မြက်ပင်နှင့် ချုံနွယ်ကဲ့သို့သော အပင်မျိုးတို့ကို ငယ်နုစဉ်ကတည်းက နုတ်ပစ်ရသည်။ ကြီးလာမှ ရှင်းရလျှင် ပို၍ မလွယ်ကူနိုင်၊ ထို့နည်းတူစွာပင် မကောင်းသော အကျင့်ဆိုးများကို ငယ်ရွယ်စဉ်ကတည်းက ပယ်ဖျောက်ပစ်နိုင်ရန် အရေးကြီးသည်။ မိမိသားသမီး၊ တပည့်တပန်း ကလေးငယ်များကို မလိမ်တတ်အောင် သင်ပေးရမည်။ အကြောင်းအကျိုးပြကာ ဆုံးမပဲ့ပြင်ရန် လူကြီးများတွင် တာဝန်ရှိသည်။ ပြုပြင်ပေးခြင်း မရှိပါက လိမ်လည်ရသည်ကိုပင် ထမင်းစားရေသောက်ဖြစ်ကာ အကျင့်ပါသွားပေလိမ့်မည်။

မည်သို့ပင်ဆိုစေ၊ လိမ်ဝံ့သူ မလုပ်ရဲသော အကုသိုလ်ဟူ၍ မရှိသောကြောင့် မုသာဝါဒါ မှ မလုံခြုံသူသည် မည်သည့် ပြစ်မှုမျိုးကိုမဆို အလွယ်တကူ ကျူးလွန်မည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၁၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent