စမ်းချောင်းမြို့နယ်အတွင်း ယာဉ်နှင့်အတူ ချိတ်ပါသွားသည့် ထိတ်လန့်ဖွယ်ဖြစ်စဉ် အပါအဝင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှုပေါင်း ၁၇၂၅ မှု ဖြစ်ပွားခဲ့ပြီး ၅၄၇ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂၀၅၈ ဦးရှိခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သေဆုံးသူ ၅၄၇ ဦးတွင် အမျိုးသား ၄၅၂ ဦး၊ အမျိုးသမီး ၉၅ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိ သူမှာ အမျိုးသား ၁၄၇၃ ဦး၊ အမျိုးသမီး ၅၈၅ ဦးရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များထဲမှ အချို့ယာဉ်တိုက်မှု ဖြစ်စဉ်များမှာ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု များပြားပြီး အများပြည်သူ အကြားတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ခဲ့ရသည်။
ယင်းတို့အနက်ဖြစ်စဉ်အချို့မှာ ဇူလိုင် ၈ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမအတိုင်း ထောက်ကြံ့ဘက်မှ မြောက်ဥက္ကလာပဘက်သို့ မောင်းနှင်လာစဉ် Toyota Klluger အမျိုးအစား (ကိုယ်ပိုင်ယာဉ်) သည် DENKO စက်သုံးဆီဆိုင်ရှေ့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဘက်တွင် ရပ်နားထားသော Nissan Diesel (ကွန်တိန်နာ) ယာဉ်ကို နောက်က တိုက်မိခဲ့ခြင်းကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ခြောက်ဦးသေဆုံးခဲ့သည်။
အဆိုပါသေဆုံးသူ ခြောက်ဦးအနက် ငါးဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံသို့တင်ပို့ပြီး နောက်တစ်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
အလားတူ သြဂုတ် ၁၀ ရက် ည ၆ နာရီ ခွဲခန့်တွင် ရွှေပြည်သာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၊ ရေစင်မှတ်တိုင်အနီး၌ ဒိုင်နာယာဉ်နှင့် မှန်လုံယာဉ် မျက်နှာချင်း ဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ် တိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါသည့် အမျိုးသမီးငါးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ယာဉ်နှစ်စီးစလုံးမှာ အလုပ်သမား အကြိုအပို့ ပြုလုပ်သည့်ယာဉ်များဖြစ်ကြောင်း သိရသည်။
ထို့အတူ ဇွန် ၂ ရက် နံနက် ၆ နာရီဝန်းကျင်က ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းမကြီး ဆင်မလိုက်အနီးတွင် ဘုရင့်နောင်လမ်းမကြီးအတိုင်း ကမာရွတ်မြို့နယ်ဘက်မှ ဘုရင့်နောင်ဘက်သို့ မောင်းနှင်လာသည့် YBS 40 ခရီးသည်တင်ယာဉ်က သီရိမင်္ဂလာစျေးဘက်မှ ဆင်မလိုက်ဘက်သို့ မောင်းနှင်လာသည့် အငှားယာဉ်ကို ဝင်တိုက်မိခဲ့ခြင်းကြောင့် အငှားယာဉ်ပေါ်မှ ယာဉ်မောင်း အမျိုးသား၊ နောက်ခန်းတွင် လိုက်ပါစီးနင်းလာသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း သုံးဦး အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးခဲ့သည်။
ထိုနည်းတူ ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက် ည ၁၂ နာရီကျော်တွင် စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုမှာလည်း အများပြည်သူကြားတွင် ထိတ်လန့်စရာ ဖြစ်ခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်မှာ ရှင်စောပုလမ်း ယုဇနစီးပွားရေး တာဝါရှေ့တွင် အိမ်စီးယာဉ်တစ်စီးက ဆိုင်ကယ်တစ်စီးကို တိုက်မိပြီး ထွက်ပြေးသွားခဲ့သည်။
ယင်းကြောင့် အတိုက်ခံရသည့် ဆိုင်ကယ်ပေါ်တွင် ပါလာသူ နှစ်ဦးအနက် အမျိုးသမီးဖြစ်သူမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသားမှာ ကားအောက်ပိုင်း ဂျွိုင်းဆက်နှင့် ဆီတိုင်ကီအကြားတွင်ညပ်ပြီး ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားသူ၏ နေအိမ်အထိ ယာဉ်အောက်မှ ချိတ်လျက်ပါသွားခဲ့သည်။ ယင်းဖြစ်စဉ်အား ရဲတပ်ဖွဲ့က သတင်းရရှိသဖြင့် စစ်ဆေးရာ ယာဉ်မောင်းနှင် ထွက်ပြေးသွားသည့် လမ်းပေါ်၌ သွေးစွပ်ကြောင်း ကျန်ရှိခဲ့သည်ကို တွေ့ရှိရပြီး ထွက်ပြေးသွားသည့် ယာဉ်ကို ဆက်လက်ရှာဖွေရာ အလုံမြို့နယ် ကရင်ခြံရပ်ကွက်ရှိ ခြံဝင်းတစ်ခုအတွင်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မောင်းနှင်ထွက်ပြေးသူ၏ ယာဉ်အောက်၌ ညပ်နေသည့် အမျိုးသားအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်းအား ဥပဒေနှင့်အညီ အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ ၂၀၂၀ ပြည့်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လူသေဆုံးခဲ့သည့် အခြားယာဉ်တိုက်မှု အများအပြားလည်း ဖြစ်ပွားခဲ့သည်။









