Asia Song Festival 2020 တွင် မြန်မာကိုယ်စားပြုအဖွဲ့တစ်ဖွဲ့အဖြစ် ဖျော်ဖြေခွင့်ရရှိခဲ့ရာ၌ Stage ၏ ကြမ်းပြင်ပေါ်တွင် ရွှေတိဂုံစေတီတော်ပုံရိပ်ပေါ်၌ ကပြတင်ဆက်ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့် Project-K အဖွဲ့၏ဖြစ်စဉ်ကို ၂၀၂၀ ပြည့်နှစ်အတွင်း အနုပညာလောက၏ ထင်ရှားသောဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။
Project-K အဖွဲ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် ကိုရီးယားနိုင်ငံမှ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်တွင် သီးခြားတောင်းဆိုချက်အရ Training ပြုလုပ်ပေးရန် ကိုရီးယားနိုင်ငံသို့ သုံးပတ်ကြာ သွားရောက်ခွင့်ရခဲ့သည့် အဖွဲ့ဖြစ်သည်။ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ဖြစ်သော်လည်း နှစ်နိုင်ငံအစိုးရ၏ သဘောတူညီထားချက်များအရ ကိုရီးယားနိုင်ငံမှထင်ရှားသည့် K-Pop အဖွဲ့များ၏ အနုပညာဖန်တီးမှုများ၊ အနုပညာအေဂျင်စီများ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အနုပညာတင်ဆက်မှုများ ပြုလုပ်ရာတွင် ပြင်ဆင်ထားရှိသည်များကို သုံးပတ်ကြာ လေ့လာသင်ယူစေခဲ့ခြင်းဖြစ်သည်။ Training ကာလအပြီး အောက်တိုဘာလဆန်း၌ပြုလုပ်သည့် Asia Song Festival 2020 တွင် မြန်မာကိုယ်စားပြုအဖွဲ့အဖြစ် တင်ဆက်စေခဲ့ရာ ကကွက်အတွင်းတွင် မြန်မာနိုင်ငံ၏ထင်ရှားသော နေရာဒေသပုံရိပ်များကို Stage ၏ကြမ်းပြင်တွင် LED မီးများထိုးကာ ကပြစေရာ၌ ကြမ်းပြင်တွင်ထင်ဟပ်နေသည့် ရွှေတိဂုံစေတီတော် ပုံရိပ်ကိုနင်းကာ ကပြသည့်ဗီဒီယိုဖိုင်ကြောင့် ပရိသတ်များ၏ ဝေဖန်မှုအချို့နှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ Project-K အဖွဲ့အနေဖြင့် ယင်းပုံရိပ်ပါဝင်ခဲ့ခြင်းကို ကြိုတင်သိရှိထားခြင်းမရှိဘဲ ဖျော်ဖြေပြီးမှသာ သိရခြင်းဖြစ်ကြောင်း၊ LED တွင် ထည့်သွင်းပြသမည့် ဗီဒီယိုများကို ဖျော်ဖြေပွဲစီစဉ်သူများကသာ တာဝန်ယူဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏တောင်းပန်ဖြေရှင်းစာတွင် ထည့်သွင်းပြောကြားခဲ့သည်။ Asia Song Festival မှလည်း ယင်းဗီဒီယိုဖိုင်ကိုဖြုတ်ချကာ edit ပြန်လည်ပြုလုပ်ပြီးမှသာ ပြန်လည်လွှင့်တင်ခဲ့ပြီး ယင်းဖြစ်စဉ်အတွက် တောင်းပန်ကြောင်း ဖော်ပြခဲ့သည်။









