၂၀၂၀ ပြည့်နှစ်အတွင်းတွင် ကိုဗစ်ကပ်ရောဂါနှင့် ရင်ဆိုင်ဖြတ်သန်းရလျက်ရှိသည့် ကာလတစ်လျှောက်လုံးတွင် အကူအညီ လိုအပ်သည့်နေရာများတွင် Volunteer အဖြစ် ပါဝင်လုပ်အားပေးခဲ့ကြမှုများ၊ လိုအပ်ချက်များ ရှိနေသူများအတွက် တတ်အားသရွေ့ အားတက်သရော ကူညီထောက်ပံ့ခဲ့ကြသည့် အနုပညာရှင်များ၏ ပရဟိတ လုပ်ဆောင်မှုများကို ထင်ရှားသည့် အကြောင်းအရာတစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။
ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ စတင်ကာ လက်ရှိအချိန်အထိ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူများနှင့် ဆက်စပ်သည့် မိသားစုဝင်များအတွက် လိုအပ်သည့်နေရာများတွင် အနုပညာရှင်များက Volunteer များအဖြစ် လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ သော်လည်းကောင်း၊ အစုအဖွဲ့အလိုက် ပေါင်းစု၍သော်လည်းကောင်း ကူညီမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ ကိုဗစ်ကပ်ရောဂါ ကုသရေး စင်တာများတွင်လည်း Volunteer များအဖြစ် ပါဝင်လုပ်အားပေးကာ လိုအပ်သူများကို ကူညီအားဖြည့်ခဲ့ကြသည်။
ထို့ပြင် ဥက္ကဋ္ဌဦးကျော်သူ ဆောင်ရွက်လျက်ရှိသည့် နာရေးကူညီမှုအသင်း၊ တေးသံရှင်လင်းလင်းနှင့် ချစ်သုဝေတို့၏ ခေတ်သစ်ဖောင်ဒေးရှင်း၊ အကယ်ဒမီ ခန့်စည်သူနှင့် အနုပညာရှင်များစုပေါင်းဖွဲ့စည်းထားသည့် မေတ္တာသင်္ဂဟအဖွဲ့၊ သရုပ်ဆောင် ခိုင်နှင်းဝေ ဦးဆောင်တည်ထောင်ထားသည့် ခိုင်နှင်းဝေပရဟိတ အဖွဲ့၊ ဝေဠုကျော်ဖောင်ဒေးရှင်း၊ သရုပ်ဆောင်ဇဏ်ခီနှင့် ဒါရိုက်တာခရစ္စတီးနားခီတို့ ဦးဆောင်တည်ထောင်ထားသည့် FCPN အဖွဲ့၊ အနုပညာရှင်များနှင့်ပရိသတ်များ စုပေါင်းလှူဒါန်းကြသည့် ပြည်သူနဲ့အတူ လှူကြမယ်အဖွဲ့ စသဖြင့် အနုပညာရှင်များနှင့် စေတနာရှင်များ စုပေါင်းကာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကုသရေးအတွက် လိုအပ်သည့်နေရာများတွင်လည်းကောင်း၊ ကပ်ရောဂါကာလအတွင်း စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ရလျက်ရှိသူများအတွက် လည်းကောင်း ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အနုပညာရှင်တစ်ဦးချင်းအနေဖြင့် သီးခြားလှူဒါန်းမှုများ၊ ဖျော်ဖြေပွဲများနှင့် Live Slaes ကို အွန်လိုင်းတွင်တင်ဆက်ကာ ရရှိလာသည့်အကျိုးအမြတ်များနှင့် ပရိသတ်များ၏ စုပေါင်းလှူဒါန်းမှုတို့နှင့် ခွဲဝေလှူဒါန်းမှုများ လုပ်ဆောင်ခဲ့ကြသည်။ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာနယ်ပယ်အသီးသီးမှ လုပ်ငန်းများ ရပ်နားထားရ၍ အခက်အခဲကြုံရသူများကိုလည်း အနုပညာ လောကသားအချင်းချင်း ကူညီပေးခဲ့ကြသည်။









